နေပြည်တော် ဇွန် ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ဘက်စုံသုံးခန်းမ ဖွင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)၌ ကျင်းပသည်။
ဦးစွာ ဘက်စုံသုံးခန်းမဆောင်သစ်ကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး သယံ ဇာတနှင့်စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဘက်စုံသုံးခန်းမ ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံသာရည်များ ပက်ဖျန်းပေးကြကာ ဖွင့်ပွဲအထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲနှင့် လူမှုဆန်းသစ်တီထွင်မှု အထောက်အကူပြုယူနစ်၏ ထုတ်ကုန်နမူနာများ ခင်းကျင်းပြသ ထားမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထု၏ လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်နိုင်ရန် လူမှုစီးပွား ရေးဆိုင်ရာ ပညာရပ်များကို ကြိုးပမ်းသင်ယူလေ့လာကြစေလိုကြောင်းအမှာစကား ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း က အမှာစကား ပြောကြားသည်။
ယင်းနောက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် ပါမောက္ခချုပ်က ဘက်စုံသုံးခန်းမ တည်ဆောက်ခဲ့ခြင်း နှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီး မောင်မယ်သစ်လွင်များအား ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပထမနှစ်ဝင်ခွင့်ရ ကျောင်းသားကျောင်းသူများအနက် ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသူများကို ဆုများချီးမြှင့်ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာ အုပ်စုရွှေခတ်သစ်ခန်းမတွင်ကျေးရွာအုပ်စုနှင့် ရင်းတိုက်ကွင်းကျေးရွာအုပ်စုအတွင်းရှိ စပါး/ပဲစိုက် တောင်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဂေါ့ကျေးရွာအုပ်စုရှိ စိုက်ဧက(၂၉၇၉)ဧကတွင် တောင်သူ(၂၆၇) ဦးအနက် ပဲပုတ်စိုက်ပျိုးမည့်သူများကိုစုစည်း၍ သမဝါယမအသင်းဖွဲ့စည်းပြီး တောင်သူများသို့ ပဲပုတ်မျိုးစေ့နှင့် လိုအပ်သည့် မတည်ရင်းနှီးမှုများ ထုတ်ပေးခြင်း၊ ထွက်ရှိလာသည့် ပဲပုတ်များကို ဒေသပေါက်ဈေးဖြင့် ရွှေဥက္ကံအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ ဝယ်ယူပေးခြင်းကို သမဝါယမကန်ထရိုက် လယ်ယာစနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရွှေဥက္ကံ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းမှ လှိုင်မြစ်အရှေ့ဘက်ကမ်းတွင် ပဲပုတ်ဆီစက် တည်ထောင်ပြီး ပဲပုတ်များကိုဝယ်ယူ၍ ဆီကြိတ်ခွဲ ရောင်းချသွားမည်ဖြစ်ကြောင်း၊ စပါးစိုက်ပျိုးရာသီတွင်လည်း အောင်သစ္စာခိုင်ကုမ္ပဏီမှ သမဝါယမကန် ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် စပါးပဲပုတ်စိုက်တောင်သူများနှင့် ရင်းတိုက်ကွင်းကျေးရွာအုပ်စုတွင်းရှိ ကောင်းသန့် အောင် မျိုးစေ့ထုတ်သမဝါယမအသင်းက ဆောင်ရွက်လိုသည့် အချက်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)