စစ်ကိုင်းမြို့ ၁၈ ဇန်နဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ သမဝါယမတက္ကသိုလ်(စစ်ကိုင်း)၏ ဆဋ္ဌမအကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ နံနက် ၈ နာရီမှစတင်၍ ဘွဲ့နှင်းသဘင် ပထမနေ့ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ဘွဲ့ယူမောင်မယ်များနှင့် မိဘဆွေမျိုးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စစ်ကိုင်းမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင်များ၊ ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားရာတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစတင်၍ ဤတက္ကသိုလ်၏ အထူးပြုဌာန(၅)ခုမှ Bachelor ဘွဲ့များကို လည်းကောင်း၊ သမဝါယမပညာဌာနမှ ပထမဦးဆုံးမဟာဘွဲ့ MSEM နှင့် ဘွဲ့လွန်ဒီပလိုမာ PGDSEM၊ ဝါဏိဇ္ဇဗေဒဌာနနှင့် ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာဌာနတို့မှ ဘွဲ့လွန်ဒီပလိုမာများဖြစ်သော PGDAF နှင့် PGDMM တို့ကို စတင်အပ်နှင်းခဲ့ကြောင်း၊ ယခုနှစ်အတွက် ဝါဏိဇ္ဇဗေဒဌာန၊ စာရင်းအင်းပညာဌာနနှင့် သမဝါယမပညာဌာနတို့မှ မဟာဘွဲ့အသီးသီးကို လည်းကောင်း၊ ဘွဲ့လွန်ဒီပလိုမာများနှင့် HRD ဌာနမှကြီးမှူးဖွင့်လှစ်သော ဘွဲ့လွန်ဒီပလိုမာ Dip.DS ကိုလည်းကောင်း စတင်အပ်နှင်းနိုင်ခဲ့ပါကြောင်း၊ သမဝါယမတက္ကသိုလ်မှ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ အသီးသီးအတွက် လိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်ကို ဖြည့်တင်းပေးနိုင်ရန် မျိုးဆက်သစ်စီးပွားရေး ပညာတတ်များ၊ ယနေ့ခေတ်ကာလတွင် ပေါ်ပေါက်လာသော ICT ဘာသာရပ်ကိုထပ်မံထည့်သွင်း ပေါင်းစည်းထားသည့် ပညာရပ်အသစ်များ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် လူမှုရေးစိတ်ဓာတ်အခြေပြု ပူးပေါင်းဆောင်ရွက်တတ်သည့် စီးပွားရေးသဘောတရားများပါဝင်သော ပညာရပ်များကို လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ ဘွဲ့ယူမောင်မယ်များအနေဖြင့် ပညာခေတ်ရဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်အောင် ကြိုးစားရင်း ဆန်းသစ်တီထွင်မှုများကိုလည်း ဖော်ထုတ်သွားကြရန်၊ Life Long Learning Society အတွင်း မိမိကိုယ်တိုင် လေ့လာဆည်းပူးရင်း လူ့ဘောင်အဖွဲ့အစည်းနှင့် နိုင်ငံတော်အတွက် အရည်အသွေး မြင့်မားသည့် ထူးချွန်ထက်မြက်သော လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဆဋ္ဌမအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ပထမနေ့၊ ပထမပိုင်းအနေဖြင့် MAF ၂၀ ဦးနှင့် B.BSc(AF) ၂၂၅ ဦး၊ ဒုတိယပိုင်းအနေဖြင့် PGDMM ၁ ဦး၊ B.BSc(MM) ၁၉၁ ဦး၊ MSEM ၁၆ ဦး၊ PGDSEM ၁ ဦး၊ B.BSc(SEM) ၁၁၉ ဦးတို့အား သက်ဆိုင်ရာဘွဲ့အသီးသီး အပ်နှင်းခဲ့ပြီး၊ ဒုတိယနေ့ ဇန်နဝါရီ ၁၉ ရက်တွင် MAS ၉ ဦး၊ PGDAS ၂ ဦး၊ B.BSc(AS) ၁၉၄ ဦး၊ B.BSc(RD) ၁၃၉ ဦး၊ B.BSc ၃၁ ဦးနှင့် Dip.DS ၂၉ ဦးတို့ကို ဘွဲ့ဆက်လက်အပ်နှင်းသွားမည်ဖြစ်ပြီး စုစုပေါင်းဘွဲ့ရရှိသူ ၁၀၀၇ ဦးအနက်မှ တက်ရောက်ဘွဲ့ယူသူ ၉၇၇ ဦးနှင့် အဝေးရောက်ဘွဲ့ယူသူ ၃၀ ဦးဖြစ်ကြောင်း သိရှိရသည်။
MDN