သန်လျင် ၈ ဖေဖော်ဝါရီ
သမဝါယမတက္ကသိုလ်(သန်လျင်)တွင် (၇၂)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် စာပေဟောပြောပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ဥတ္တရဆောင်ခမ်းမ၌ကျင်းပရာ ပါမောက္ခချုပ်ဒေါက်တာရီရီဝင်းတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး စာပေပညာရှင်များဖြစ်သည့် ဆရာမဂျူးက တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ အတွက် သိမှတ်ဖွယ်ရာစာပေဗဟုသုတများအကြောင်းနှင့် ဆရာဟိန်းလတ်က ဒီမိုကရေစီနိုင်ငံတော်၊ ဒီမိုကရေစီနိုင်ငံသားအကြောင်းဟောပြောခဲ့သည်။ စာပေဟောပြောပွဲအပြီးတွင် ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက စာပေပညာရှင်များအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ဆက်လက်၍ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ တိုင်းရင်းသားရိုးရာအစားအစာရောင်းချပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၈ရက်နေ့ နံနက် ၉နာရီ ခွဲအချိန်တွင် ဥတ္တရဆောင်၌ကျင်းပရာ ပါမောက္ခချုပ်ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဦးတင်သိန်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)ဒေါ်မြင့်မြင့်စိန်နှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌ ဒေါက်တာအေးအေးမော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး “စွယ်တော်မြေမှ ပြည်ထောင်စုနှလုံးသား” နံရံကပ်စာစောင်ပြပွဲတွင် ပြသထားသည့် နံရံကပ်စာစောင်များအား ကြည့်ရှုအားပေးခြင်း၊ တိုင်းရင်းသားရိုးရာအစားအစာရောင်းချပွဲတွင် စီမံရေးရာ/သင်ကြားရေးဌာနများမှ ခင်းကျင်းရောင်းချလျက်ရှိသော တိုင်းရင်းသားအစားအစာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခြင်းနှင့် ပဒေသာကပွဲတွင် တိုင်းရင်းသားများ၏ ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေး ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာဖြင့် တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)