နေပြည်တော် ၊ ၂၄ ဒီဇင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအောက်ရှိ ဌာန/ သမဝါယမတက္ကသိုလ်/သမဝါယမကောလိပ်တို့မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအထိ သုတေသနသင်တန်း၊ မဟာဘွဲ့သင်တန်းနှင့် ပါရဂူဘွဲ့သင်တန်းပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံခြားပညာတော်သင်များ၏ အတွေ့အကြုံရှင်းလင်းပွဲကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက Virtual Platform ကတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့်တာဝန်ရှိသူများ၊ သမဝါယမတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်၊ သမဝါယမကောလိပ်(မန္တလေးနှင့် ဖောင်ကြီး)တို့မှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ နိုင်ငံခြားပညာတော်သင်များ တက်ရောက်ကြသည်။
အဆိုပါအတွေ့အကြုံရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် စီးပွားရေးဆိုင်ရာဘာသာရပ်များကို သင်ကြား ပို့ချပေးနေသည့် သမဝါယမတက္ကသိုလ်များမှ ဆရာ ဆရာမများ၊ သမဝါယမဦးစီးဌာနဝန်ထမ်းများ၏ အခန်းကဏ္ဍသည်လည်း အရေးပါကြောင်း၊ မိမိတို့အနေဖြင့် ပညာဝမ်းစာများကို အမြဲဖြည့်ဆည်း နေရန်လိုကြောင်း၊ ပြည်တွင်း/ပြည်ပမှ ပညာရပ်ဆိုင်ရာ ဘွဲ့အသီးသီးကို ရရှိရန် လွယ်လွယ်ကူကူနှင့် မရပါကြောင်း၊ မိမိတို့၏ အချိန်၊ ငွေကြေးနှင့် လူမှုရေးစသည်များကို များစွာ ရင်းနှီးမြှုပ်နှံရကြောင်း၊ ယခုလို နိုင်ငံခြားပညာသင်များအနေဖြင့် မိမိတို့၏အတွေ့အကြုံပညာရပ်များကို လက်တွေ့လုပ်ငန်းခွင် နယ်ပယ်မှာ အပြည့်အဝအသုံးချနိုင်ရန်နှင့် အခြားသူများကိုလည်း ပညာရပ်အတွေ့အကြုံများ မျှဝေ ပေးရန်လိုကြောင်း၊ သုတေသနစာတမ်းများကိုလည်း မိမိဘာသာရပ်အလိုက် စဉ်ဆက်မပြတ် ဆောင်ရွက်စေလိုကြောင်း၊ ဆက်လက်၍ နိုင်ငံခြားပညာတော်သင်များ စိစစ်ရွေးချယ်စေလွှတ်ရေး ကော်မတီမှ အခါအားလျော်စွာ ခေါ်ယူသည့် ပညာသင်ဆုများကို ယှဉ်ပြိုင်လျှောက်ထားစေ လိုကြောင်း၊ ယခုလို ဒေါက်တာဘွဲ့များ၊ မဟာဘွဲ့များကို အောင်မြင်စွာ သင်ယူတတ်မြောက်သူများ၏ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုချီးကျူးပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံများ၌ Ph.D, MBA, MPA, MPAcc ဘွဲ့အသီးသီး ရရှိခဲ့သော သမဝါယမတက္ကသိုလ်နှင့် သမဝါယမဦးစီးဌာနတို့မှ နိုင်ငံခြားပညာတော်သင် (၆)ဦးက မိမိတို့ အတွေ့အကြုံများကို Online မှတစ်ဆင့် Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
MDN


