မန္တလေး ၂၈ ဇန်နဝါရီ
ပုသိမ်ကြီးမြို့နယ် သန့်စင်ကုန်းကျေးရွာအနီးရှိ ပန်းဈေးတည်ဆောက်မှု ၂၀၁၉ ခုနှစ် မေလတွင်ပြီးမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အဆိုပါပန်းဈေးသည် ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာ ၊ မန္တလေး - ပြင်ဦးလွင်လမ်းအနီး တွင်တည်ဆောက်နေပြီး လက်ရှိရောင်းချနေသည့် ပန်းဈေးနှင့်လည်း မဝေးကြောင်းသိရသည်။
‘ပန်းဈေးကတော့ အခုပန္နက်ရိုက်နေပြီ ။၂၀၁၉အတွင်းမှာပဲ ပြီးမှာပါ။ ဆောက်တာ သိပ်မကြာပါဘူး သင်္ကြန်ပြီးလောက်ဆိုရင်တော့ ပြီးသွားမှာပါ’ဟု မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
ယခုတည်ဆောက်နေသည့် ပန်းဈေးတွင် ဆိုင်ခန်းပေါင်း ၁၂၀ ပါဝင်မည်ဖြစ်ပြီး လက်ရှိပန်း ဈေးထက် ပိုမိုစည်ကားအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ လက်တလော ရောင်းချနေသည့် သလဲကုန်း ပန်းဈေးသည် ယာဉ်အန္တရာယ်ဖြစ်ပွားနိုင်သည့်အတွက် ပန်းဈေး အသစ်တည် ဆောက်ကာ နေရာချထားပေးမည်ဖြစ်ကြောင်းသိရသည်။
သန့်စင်ကုန်းပန်းဈေးတည်ဆောက်ရန် အခုလ ၁၂ ရက်က ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပန်းဈေးတွင် ဈေးရုံ ၅ ရုံ ၊ ၁၀ ပေပတ်လည်ဆိုင်ခန်းပေါင်း ၁၂၀ ခန်း ကားပါကင် များပါဝင် မည်ဖြစ်ကြောင်း သိရသည်။
ပန်းဈေးတည်ဆောက်ပြီးပါက ဆိုင်ခန်းများကို အမှန်တကယ်ရောင်းချလိုသည့် ဈေးသည်များရောင်းချနိုင်ရန် အပိုင်ရောင်းချသည့်စနစ်မဟုတ်ပဲ ငှားရမ်းသည့်စနစ်ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်