mdn

မောင်သောင်းဝင်း(တမန်ဟောင်း)

 

ဤကမ္ဘာမြေကြီး၏သက်တမ်းသည် နှစ်ပေါင်း ငါးသန်းကျော်ရှိနေပြီဟု ဘူမိပညာရှင်များက ခန့်မှန်း ထားကြသည်။ လူသားတို့သည် ကမ္ဘာဦးအစမှစ၍ ဤကမ္ဘာမြေကြီးပေါ်တွင် မှီတင်းနေထိုင် လျက်ရှိကြသည်။ လက်ရှိအချိန်တွင် လူဦးရေ ၇ ဒသမ ၉ ဘီလီယံကျော်သည် ကမ္ဘာမြေပေါ်တွင် စုပေါင်းနေထိုင်လျက်ရှိကြသည်။ နေ့စဉ်လည်းတိုးပွားလျက်ရှိသည်။ ထိုသို့တိုးပွားလာလျက်ရှိသည့် လူသားတို့သည်စားဝတ်နေရေးအတွက် စက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်လာကြရသည်။ ထိုစက်ရုံအလုပ်ရုံများမှ ထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောက်ဆိုက်များနှင့် ဖန်လုံအိမ်ဓာတ်ငွေ့များသည် ကမ္ဘာ့လေထုကို ညစ်ညမ်းစေလျက်ရှိသည်။

 

မီးတောင်များပေါက်ကွဲခြင်း၊ မြေငလျင် လှုပ်ခတ်ခြင်း၊ ကမ္ဘာမြေပေါ်သို့ ဥက္ကာခဲများ ကြွေကျခြင်း၊ သဲမုန်တိုင်းများတိုက်ခတ်ခြင်း တို့ကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပွားလေ့ရှိသည်။ စိုက်ပျိုးရေး လုပ်ငန်းများ၊ ရွှေ့ပြောင်း တောင်ယာခုတ်ထွင်ရှင်းလင်း မီးရှို့မှုများ၊ စွမ်းအင်အတွက် ကျောက်မီးသွေးအသုံးပြုမှုနှင့် လောင်စာအတွက် ထင်းအသုံပြုမှုများ၊ ပို့ဆောင်ရေး ယာဉ်ယန္တရား များမှ ကာဗွန်ဒိုင်အောက် ဆိုက်ထုတ်လွှတ်မှုများ၊ ကုန်ထုတ်လုပ်မှုစက်ရုံများမှ မီးခိုးများနှင့် အိမ်တွင်းမှုလုပ်ငန်းများမှာအသုံးပြုသည့် လောင်စာဆီများမှတစ်ဆင့် လေထုညစ်ညမ်းမှုများ ဖြစ်ရသည်။ ထို့အပြင် ကမ္ဘာတစ်ဝန်း တိုးပွားလာသည့် လူဦးရေနှင့်အမျှ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်လာရသောကြောင့် လေထုညစ်ညမ်းမှု ပိုမိုဖြစ်ပေါ်လာ စေသည်။

 

လေထုညစ်ညမ်းခြင်းဆိုးကျိုးများ

 

လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲ မှုဖြစ်စဉ်များသည် နီးကပ်စွာဆက်စပ်လျက်ရှိသည်။ တောမီးရှို့ခြင်း၊ ကျောက်မီးသွေးစွမ်းအင် ထုတ်လုပ်ခြင်း၊ မော်တော်ကားအင်ဂျင်များနှင့်စက်ရုံ အလုပ်ရုံများမှ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုများပြားခြင်းတို့ကြောင့် လေထုထဲတွင် မသန့်ရှင်းသည့် အမှုန်အမွှားများနှင့် မီးခိုးများ များပြားလာမှုတို့ကြောင့် လေထုညစ်ညမ်းမှု ဖြစ်လာရသည်။ လေထုညစ်ညမ်းမှု များလာသည်နှင့်အမျှ အပူချိန်မြင့်တက်လာခြင်း၊ အအေး လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မိုးကြီးခြင်း၊ မုန်တိုင်း တိုက်ခတ်ခြင်း စသည့်ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ ကြုံတွေ့လာရသည်။

 

ကောင်းကင်၌ မြူခိုးများနှင့် ပိတ်နေပြီ ဆိုလျှင် နေရောင်ကိုပင် မမြင်ရတော့ပေ။ မီးခိုးဖုံး လွှမ်းမှု ရက်ကာလရှည်လာသည်နှင့်အမျှ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များကို ဆက်တိုက်ကြုံတွေ့ရလေ့ရှိသည်။မြူများဆိုင်းလာခြင်း၊ နှင်းမုန်တိုင်း တိုက်လာခြင်း၊ အအေးပိုလာခြင်း၊ အချိန်အခါမဟုတ် မိုးရွာခြင်း စသည့် နောက်ဆက်တွဲ ဆိုးကျိုးကို ကြုံတွေ့ရတတ်သည်။ ထို့အပြင် ကလေးများနှင့် သက်ကြီးရွယ်အိုများတွင် အသက်ရှူမဝခြင်း၊ ပန်းနာရင်ကျပ်ခြင်း၊ နှာခေါင်းပိတ်ကာ ချောင်းဆိုးလာခြင်း၊ မျက်စိများကျိန်းစပ်လာခြင်း၊ မျက်ရည် ယိုခြင်းစသည့် ဝေဒနာများခံစားလာကြရသည်။

 

လေထုညစ်ညမ်းမှုအများဆုံးနိုင်ငံများ

 

တောင်အာရှဒေသရှိ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယနှင့် အာဖဂန်နစ္စတန်နိုင်ငံ တို့သည် ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှု အများဆုံးနိုင်ငံများဖြစ်သည်။ ထို့အပြင် ယင်းနိုင်ငံများရှိ မြို့ ကြီး ၂၀ မှာလည်း လေထုညစ်ညမ်းမှု အမြင့်ဆုံးဖြစ်နေသည်။ ယခုဆိုလျှင် ထိုနိုင်ငံများတွင် နေထိုင်သည့် ပြည်သူများသည် လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် ကြုံတွေ့ နေကြရသည်။ ဆိုရလျှင် အာရှဒေသ၌ ရောဂါအမျိုးမျိုးကြောင့် သေဆုံးသူ သုံးပုံ၊ နှစ်ပုံ သည် လေထုညစ်ညမ်းမှုကြောင့် ဖြစ်ကြရကြောင်း သုတေသနတွေ့ရှိထားသည်။

 

သေဆုံးမှုနှုန်းမြင့်မား

 

လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝန်း၌ နှစ်စဉ် လူခုနစ်သန်းနီးပါးသေဆုံးနေရကြောင်း သုတေသန တွေ့ရှိထားပါသည်။ သေဆုံးရသူ အများစုသည် အာရှမှာအများဆုံးဖြစ်သည်။ ထိုသေဆုံးမှုနှုန်းသည် ဆေးလိပ်သောက်သုံးမှုကြောင့် သေဆုံးရသည့် ဦးရေနှင့်ညီမျှလျက်ရှိသည်။ လေထုညစ်ညမ်းမှု ကြောင့် သေဆုံးရသူများသည် မည်သည့်အရာကိုမျှမလုပ်ဘဲ လေကိုရှူရှိုက်နေရုံမျှဖြင့် သေဆုံးနေရ ခြင်းဖြစ်သည်။ အမှန်တော့ လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူဦးရေသည် အရက်သောက်သုံးမှု ကြောင့် သေဆုံးသည့် ဦးရေထက်ပင်မြင့်မားနေသည်ကိုတွေ့ရှိထားသည်။

 

ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ

 

လေထုထဲရှိ အဆိပ်အတောက်ဖြစ်စေသည့်အမှုန်အမွှားများသည် လေရှူရှိုက်သူ၏ အဆုတ် သို့မဟုတ် သွေးကြောများမှတစ်ဆင့် ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့နှံ့သွားစေပါသည်။ ထို့အပြင်မျက်လုံးနှင့် မမြင်ရသည့် PM2.5 အမှုန်အမွှားများသည် ဦးနှောက်၊ နှလုံးနှင့် ခန္ဓာကိုယ်အနှံ့အပြားကို ရောက်ရှိစေနိုင်ပါသည်။ ထိုအမှုန်အမွှားလေးများသည် အဆုတ်နှင့် နှလုံးဆိုင်ရာပြဿနာများ၊ လေသင်တုန်း ဖြတ်ခြင်း၊ ပန်နာရင်ကျပ်ဖြစ်ခြင်း တို့အပြင် ကင်ဆာရောဂါအထိပင်ဖြစ်ပွားစေနိုင် သည်။

 

ကုန်ထုတ်လုပ်မှုကျဆင်း

 

လေထုညစ်ညမ်းမှုသည် ကျန်းမာရေးအပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကိုလည်း ကျဆင်း စေပါသည်။ ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယနှင့်ဘင်္ဂလား ဒေ့ရှ်နိုင်ငံတို့ရှိ မြို့ ကြီးများ၌ လေထုညစ်ညမ်းမှု မြင့်တက်လာချိန်မှာဆိုလျှင် ကလေးများအတွက် ကျန်းမာရေးစိုးရိမ်ရသဖြင့် စာသင်ကျောင်းများ ပိတ်ထားရခြင်း၊ အလုပ်သမားများ၏ ကျန်းမာရေး အရ စက်ရုံ၊ အလုပ်ရုံများပိတ်ထားရခြင်း၊ မြူခိုးများ ပိတ်နေသောကြောင့် လေယာဉ်ခရီးစဉ်များဖျက် သိမ်းရခြင်း၊ မြို့တွင်း၌လမ်းကြောင်းများ ရှင်းလင်း ပြတ်သားစွာ မမြင်ရခြင်းတို့ကြောင့် မော်တော် ကားများသည် လိုရာခရီးတို့ကို အချိန်မီမသွားနိုင် ခြင်း စသည့်ဆိုးကျိုးများစွာကိုသာ ဖြစ်ပေါ်စေသည်။

 

ကျန်းမာရေးချူချာလာ

 

အမှန်စင်စစ်မှာမူ လူသားတို့သည် ကမ္ဘာဦး အစကတည်းကပင် သဘာဝပတ်ဝန်းကျင်အပေါ် မှီခိုကာ အသက်ရှင်နေထိုင်ခဲ့ကြရသည်။ ကမ္ဘာဦး အစ လူသားတို့သည် ဆန်စပါးအတွက် မြေလွတ် မြေရိုင်းများတွင် မျိုးစေ့များကြဲပက်စိုက်ပျိုးခြင်း၊အသား၊ ငါးအတွက် တောကောင်များဖမ်း၍ ချက်ပြုတ် စားသောက်ခြင်းဖြင့် ရိုးရှင်းစွာနေထိုင်စားသောက်လာခဲ့ကြသည်။ သို့သော် ခေတ်ကာလ ရွေ့လျား မှုနှင့်အတူ လူသားတို့၏ အသိပညာဗဟု သုတတိုးပွားလာမှု၊ နည်းပညာဆန်းသစ်တီထွင်မှုနှင့် လိုချင်တပ်မက်မှု ကြီးထွားလာမှုတို့ကြောင့် သဘာဝပတ်ဝန်းကျင်မှ အရင်းအမြစ်များကို ထုတ်ယူ သုံးစွဲမှုသည် ပိုမိုများပြားလာခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်အတွင် ကမ္ဘာမြေကြီးသည် အရင်း အမြစ်များ ခန်းခြောက်လာသော ကြောင့် တဖြည်းဖြည်း ကျန်းမာရေးချူချာလာနေ ပြီဖြစ်သည်။

 

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့

 

ထို့ကြောင့် ကမ္ဘာ့ခေါင်းဆောင်များသည် ကျန်းမာရေးချူချာလာသော ဤကမ္ဘာမြေကြီး ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်အတွက် ၁၉၇၂ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ၌ နှစ်စဉ် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ နိုင်ငံပေါင်း ၁၄၃ နိုင်ငံသည် ၁၉၇၄ ခုနှစ်မှစ၍ ထိုအခမ်းအနားကိုစတင်ကျင်းပခဲ့ကြသည်။ ကမ္ဘာလုံးဆိုင်ရာ ညစ်ညမ်းမှုများနှင့် ကမ္ဘာကြီးပူနွေးလာမှု၏ နောက်ဆက်တွဲဆိုးကျိုးများ၊ စားနပ်ရိက္ခာ စဉ်ဆက်မပြတ် ထုတ်လုပ် နိုင်ရေးနှင့် သားရဲ တရိစ္ဆာန်များကို ကာကွယ်စောင့်ရှောက်ရေးတို့ နှင့်စပ်လျဉ်း၍ သိရှိနိုင်စေရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်သည်။

 

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန် ၂၀၁၉ ခုနှစ်အတွက် သတ်မှတ်ထားသော ဆောင်ပုဒ်သည် “သန့်စင်သောလေ ရှူရှိုက်ဖို့ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့” “(Beat Air Pollution)ဟူ၍ပင် ဖြစ်သည်။ ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းသည် လူသားအားလုံးကို အကျိုးပြုစေမည့် အလေ့အထကောင်းတစ်ခု ပင်ဖြစ်သည်။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်း ကိုတစ်ဦးချင်း၊ တစ်ဖွဲ့ချင်းမှသည် အစိုးရ အဆင့်အထိ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်သွား ရန်လိုအပ်ပေသည်။ အထူးသဖြင့် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များဖြစ် ပေါ်စေသည့် လေထုညစ်ညမ်းမှုကို တိုက်ဖျက်သွားဖို့ အရေးတကြီးလိုအပ်နေပြီဖြစ်သည်။

 

လေထုညစ်ညမ်းမှုတိုက်ဖျက်စို့

 

လက်ရှိအချိန်တွင် လူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လာသည့် လေထုညစ်ညမ်းလာမှုများ ကိုလျှော့ချနိုင်ဖို့ ကမ္ဘာ့နိုင်ငံများဟာနည်းလမ်းရှာကြံနေကြရသည်။ သာဓကအနေဖြင့် ဖန်လုံ အိမ် ဓာတ်ငွေ့လျှော့ချရေးအတွက် ပဲရစ်သဘော တူညီချက်ကို အကောင်အထည်ဖော်လျက်ရှိသည်။ သို့သော် နိုင်ငံအားလုံးက အပြည့်အဝလိုက်ပါ ဆောင်ရွက်ခြင်း မရှိသေးသောကြောင့် လေထု ညစ်ညမ်းမှုကို မျှော်မှန်းထားသလောက် လျှော့ချ နိုင်စွမ်းမရှိသေးပေ။ အမှန်တော့ ပဲရစ်သဘောတူ ညီချက်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တို့သည် ကောင်းမွန်သည့်ရာသီဥတု နှင့် သန့်စင်လတ်ဆတ်သည့် လေကောင်းလေသန့် ရရှိရေးတို့အတွက် ရည်မှန်းဖော်ဆောင်နေခြင်း ဖြစ်သည်။

 

ထို့အပြင် တောင်ယာခုတ်ထွင်မှုများနှင့် တောမီးရှို့ ခြင်းတို့ကို ရှောင်ရှားခြင်း၊ ကျောက်မီး သွေးနှင့် လောင်စာထင်းအသုံးပြုမှုကို လျှော့ချခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု များပြားသည့် အိုဟောင်းနေသောမော်တော်ကား များကို အသုံးမပြုတော့ခြင်း၊ စက်ရုံ၊အလုပ်ရုံများမှာ လေသန့်စင် ပေးသည့် နည်းပညာမြင့်အဆင့် မြင့်စက်များ တပ်ဆင်ခြင်းစသည့်နည်းလမ်းများနှင့် လေထု ညစ်ညမ်းမှုကို တိုက်ဖျက်လျှော့ချပေး နိုင်ပါသည်။

 

အထူးသဖြင့် သစ်ပင်များသည် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရာတွင် များစွာအရေးပါလျက်ရှိသည်။ စင်စစ်အားဖြင့် သစ်ပင်များသည် လေထုအတွင်းရှိ ညစ်ညမ်းသောကာဗွန်ဒိုင် အောက်ဆိုက်များကို စုပ်ယူပြီး လူအပါအဝင် သက်ရှိများအတွက် များစွာအရေးပါသော အောက်ဆီဂျင်ထုတ်လွှတ်ပေးသည့် အရင်း အမြစ်များဖြစ်သည်။ နှစ်စဉ်လူတိုင်း သစ်ပင်တစ်ပင်စီ ရှင်သန်ဖြစ် ထွန်းအောင်သာ စိုက်ပျိုး သွားမည်ဆိုလျှင် သက်ရှိလောကသည် သိသာထင်ရှားစွာ တိုးတက်လာမည်ဖြစ်သည်။ သစ်ပင် စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်လျှင် ရေဝေရေလဲထိန်းသိမ်းထားနိုင်ခြင်း၊ လေထုသန့်ရှင်း လတ်ဆတ် လာခြင်း၊ အရိပ်အာဝါသများ ပြန်လည်ကောင်းမွန်လာခြင်း၊ ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်သဖြင့် နွေရာသီတွင် အေးမြမှုကိုရရှိစေခြင်း၊ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုပါ လျှော့ချနိုင်ခြင်းတို့အပြင် သက်ရှိအားလုံး ရှင်သန်နေထိုင်နိုင်ရေးအတွက် ဂေဟစနစ်ကိုပါ ထိန်းသိမ်း ပေးနိုင်မည်ဖြစ် သည်။ သစ်ပင်စိုက်ပျိုးခြင်းသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်များစွာ အထောက်အကူပြု စေမည့်အပြင် အနာဂတ် မျိုးဆက်များအတွက်လည်း များစွာသော အကျိုး တရားများကို ရရှိစေသည်။

 

လူသားတို့နေထိုင်သော ကမ္ဘာကြီးတွင် သစ်ပင်သစ်တောများကို လိုအပ်သည်ထက် ပိုမိုခုတ်လှဲမှု၊ တစ်ခါသုံးပလတ်စတစ်ပစ္စည်းများကို လွန်ကဲစွာသုံးစွဲလာမှု၊ ဓာတုပစ္စည်းများကို မြစ်ချောင်း၊ အင်းအိုင်များ အတွင်းသို့ စွန့်ထုတ်မှု၊ လေထုညစ်ညမ်းမှု၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ် လွှတ်မှုတို့ကြောင့် ဆင့်ကဲဖြစ်ပေါ်လာသည့် ရာသီဥတုဖောက်ပြန်မှုကို ကြိုတင်ကာကွယ် ရန်အတွက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်သွားရန် အရေးတကြီး လိုအပ်နေပြီဖြစ်သည်။ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းသည် လူသားအားလုံး၏တာဝန်ဖြစ်သဖြင့် နိုင်ငံသူနိုင်ငံသား အားလုံး ပါဝင်ဆောင်ရွက်သွားရန် လိုအပ်နေပြီဖြစ်သည်။

 

တစ်ဦးချင်းစီတတ်နိုင်သမျှလျှော့ချ

 

ဆိုရလျှင် ကမ္ဘာကြီးကိုခြိမ်းခြောက်လျက်ရှိသည့် လေထုညစ်ညမ်းမှုပြဿနာကို တစ်ဦး တစ်ယောက်၊ တစ်နိုင်ငံတည်းဖြင့် ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင် အားလုံး၏ တူညီသည့် ရည်မှန်းချက်နှင့် ခိုင်မာသည့်ဆုံးဖြတ်ချက်လည်း လိုအပ်လျက်ရှိပေသည်။ မည်သို့ပင်ဆိုစေကာမူ ကမ္ဘာ့ခေါင်းဆောင် များအနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး သဘောတူညီချက်ကို အမှန်တကယ်သာ လိုက်နာသွားမည်ဆိုလျှင် လေထုညစ်ညမ်းမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချသွားနိုင်မည် ဖြစ်သည်။ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီ အနေဖြင့်လည်း တောင်ယာခုတ်ထွင်ရှင်းလင်းမီးရှို့ခြင်းနှင့် လောင်စာထင်းအသုံးပြုမှုတို့ကို တတ်နိုင် သမျှ လျှော့ချသွားမည်ဆိုလျှင် လေထုညစ်ညမ်းမှုကို တဖြည်းဖြည်းချင်း တိုက်ဖျက်သွားနိုင်မည်ဟု ခိုင်မာစွာယုံကြည်မိ ပါသည်။ ။