၄  ဇွန်

ကုလသမဂ္ဂအထွေထွေညီလာခံမှ နှစ်စဉ် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ နောက်ခံသမိုင်းကြောင်းကိုကြည့်လျှင် ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်မှ ၁၆ ရက်အထိ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ကျင်းပသော United Nations Stockholm Conference on Human Environment ၏ ဖွင့်ပွဲနေ့ဖြစ်သော ဇွန်လ ၅ ရက်နေ့ကို က္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်(The United Nations Environment Program, UNEP) သည်လည်း ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့နှင့်အတူ တစ်ပြိုင်တည်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။

 

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ နောက်ခံသမိုင်းကြောင်း

 

၂၀၁၉ ခုနှစ် မေလအထိ စစ်တမ်းအရ ကမ္ဘာ့လူဦးရေမှာ ခန့်မှန်းခြေ သန်းပေါင်း ခုနစ်ထောင့်ခုနစ်ရာခန့်ရှိပြီး လူသားတို့၏ ပြုမူလုပ်ဆောင်မှုများကြောင့် ကမ္ဘာ့ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ပိုမိုဖြစ်ပွားလာသည့်ဖြစ်စဉ်မှာ လူသားတိုင်း အလေးထားရမည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ ယင်းပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာများကို ဖြေရှင်းရာတွင် လူသားအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိစိတ်ဓာတ်များ တိုးမြှင့်စေရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်သည့်အနေဖြင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားကို ၁၉၇၄ ခုနှစ်မှစ၍ နှစ်စဉ် ကမ္ဘာတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်။ မြန်မာနိုင်ငံသည် နိုင်ငံအဆင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ၁၉၉၄ ခုနှစ်မှစ၍ ကျင်းပခဲ့ပါသည်။

 

နှစ်စဉ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဆောင်ပုဒ်တစ်ခု သတ်မှတ်ပြီး ကမ္ဘာပေါ်ရှိ နိုင်ငံတစ်ခုမှ အိမ်ရှင်အဖြစ် အခမ်းအနား လက်ခံကျင်းပလျက် ရှိပါသည်။ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်၏ ၂၀၁၉ ခုနှစ်အတွက် သတ်မှတ်ထားသော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့ဆောင်ပုဒ်မှာ “Beat Air Pol-lution“ ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပမည်ဖြစ်ပါသည်။ လေထုညစ်ညမ်းမှုသည် လူတိုင်းအပေါ် ထိခိုက်ခံစားရစေသော ကမ္ဘာ လုံးဆိုင်ရာ အရေးပေါ်ပြဿနာဖြစ်ပြီး ကမ္ဘာတစ်ဝန်း လေထုညစ်ညမ်းမှုနှင့် ဆက်စပ်သော ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို လျော့နည်းလာစေရန်အတွက် လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် ရည်ရွယ်ပါသည်။

 

လေထုညစ်ညမ်းမှုဆိုတာဘာလဲ

 

လေထုညစ်ညမ်းမှုဆိုသည်မှာ လေထုအတွင်းသို့ အမှုန်အမွှားများ၊ ဘေးအန္တရာယ်ရှိ ဓာတ်ငွေ့များနှင့် ဓာတ်ငွေ့နှောများ၊ ဇီဝမော်လီကျူးများ ဘေးအန္တရာယ်ဖြစ်စေနိုင်လောက် သောပမာဏအထိ ထုတ်လွှတ်ခြင်းနှင့် ပျံ့နှံ့ ဝင်ရောက်ခြင်းကြောင့် လူသားများ၏ ကျန်းမာရေး၊ အစားအစာ ကောက်ပဲသီးနှံများ၊ သဘာဝပတ်ဝန်းကျင်နှင့် လူသားများဖန်တီးထားသော ပတ်ဝန်းကျင် စသည့်တို့အပါအဝင် ကမ္ဘာကြီး တစ်ခုလုံးအပေါ် ဆိုးကျိုးသက်ရောက်စေခြင်းကို ဆိုလိုပါသည်။

 

လေထုညစ်ညမ်းမှု ဘာကြောင့်ဖြစ်ပေါ်ရသလဲ

 

လူသားများ၏ အပြုအမူများ၊ လုပ်ဆောင်ချက်များနှင့် သဘာဝဖြစ်စဉ်များကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါသည်။ လေထုညစ်ညမ်းမှု အကြောင်းရင်းအများစုသည် စွမ်းအင်ကိုသုံးပြုမှုနှင့် ထုတ်လုပ်မှုကြောင့် အများဆုံးဖြစ်သည်။ စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ လူနေအိမ်ခြေများ၊ စက်မှုလုပ်ငန်းများနှင့် အမှိုက်သရိုက်များသည် လေထုညစ်ညမ်းစေသော ဇာစ်မြစ်များဖြစ်ပါသည်။ ရုပ်ကြွင်းလောင်စာများဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရေနံထွက်ပစ္စည်းများနှင့် ကျောက်မီးသွေးတို့ လောင်ကျွမ်းခြင်းကြောင့် လေထုအတွင်း ဓာတ်ငွေ့များ၊ ဓာတုပစ္စည်းအမှုန်အမွှားများ ထုတ်လွှတ်ခြင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ စိုက်ပျိုးရာသီမစတင်မီ ကွင်းအတွင်း စိုက်ပျိုးရေးစွန့်ပစ် ပစ္စည်းအမှိုက်များမီးရှို့ခြင်း၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးကြောင့် သစ်တောများခုတ်ထွင်ရှင်းလင်း မီးရှို့ ပြီး စိုက်ပျိုးမြေသစ်များ ပြုပြင်ဖန်တီးခြင်း၊ ပေါ့ဆမီးနှင့် ခြောက်သွေ့သောရာသီတွင် တောမီးများ လောင်ကျွမ်းခြင်း၊ ရပ်ကွက်ကျေးရွာအတွင်း သန့်ရှင်းရေး ဆောင်ရွက်မှုအချို့မှ သစ်ရွက်နှင့်သစ်ကိုင်းခြောက်များ၊ အမှိုက်များကို မီးရှို့ခြင်းတို့ကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေပါသည်။

 

လေထုညစ်ညမ်းမှု အမျိုးအစားများက ဘာလဲ

 

ဝန်းကျင် သို့မဟုတ် ပြင်ပလေထုညစ်ညမ်းမှု (Ambient or Outdoor air pollution) နှင့် အိမ်တွင်းလေထုညစ်ညမ်းမှု (Household or Indoor air pollution) ဟူ၍ ယေဘုယျအား ဖြင့် နှစ်မျိုးရှိပါသည်။ ဝန်းကျင်လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူဦးရေ ၃ ဒသမ ၇ သန်းကျော် သေဆုံးလျက်ရှိပြီး အစားအစာချက်ပြုတ်သော မီးဖိုများနှင့် အသုံးပြုသော လောင်စာများ၏ အရည်အသွေးညံ့ဖျင်းမှုကြောင့် ထွက်လာသော မီးခိုးငွေ့ကို ရှူရှိုက်မိ၍ အတွင်းလေထုညစ်ညမ်းမှု ခံစားရပြီး သေဆုံးသူ နှစ်စဉ် ၄ ဒသမ ၃ သန်း ကျော်ရှိကြောင်း စစ်တမ်းများအရ သိရှိရပါသည် ဓာတ်ဆီ၊ ဒီဇယ်၊ မီးထိုးဆီ စသည့်လောင်စာဆီသုံး စက်တပ်ယာဉ်များ၊ လျှပ်စစ်စွမ်းအင်ထုတ် လုပ်သည့်စက်ရုံများ၊ ကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများ၊ ရေနံချက်လုပ်ခြင်းနှင့် သတ္တုရိုင်းသန့်စင် စက်ရုံများ၊ မြူနီစပယ်နှင့် စိုက်ပျိုးရေးဆိုင်ရာ စွန့်ပစ်ပစ္စည်းမီးရှို့ ခြင်းနှင့် လောင်ကျွမ်းခြင်းတို့မှ ပြင်ပလေထုညစ်ညမ်းမှုများ ဖြစ်စေသည်။ လူ့ အသုံးအဆောင်ပစ္စည်းများနှင့် အိမ်သုံးဓာတု ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ (ဥပမာ Asbestos)၊ အင်းဆက်ပိုးသတ်ဆေးများ၊ လူနေအိမ်ခြေများမှ ချက်ပြုတ်ခြင်း၊ အပူပေးခြင်းနှင့် လောင်စာဆီအသုံးပြုမီးထွန်းညှိခြင်းနှင့် ဆေးလိပ်မီးခိုးငွေ့များသည် အတွင်းလေထုညစ်ညမ်းမှု ဖြစ်စေသည်။

 

ဝန်းကျင်လေထုညစ်ညမ်းမှုကို လေအရည်အသွေး အညွှန်းကိန်းဖြင့် တိုင်းတာပြီး ဥပမာအားဖြင့် အာဆီယံဒေသတွင်း ဝန်းကျင်လေထုအရည် အသွေးကိုဖော်ပြရာတွင် ထိုင်းနိုင်ငံတွင် Air Quality Index (AQI)၊ မလေးရှားနိုင်ငံတွင် ဗငမ Air Pollution Index (API)၊ စင်ကာပူနှင့် ဘရူနိုင်းနိုင်ငံတို့တွင် Pollution Standards Index (PSI)တို့ဖြင့် ဖော်ပြပါသည်။ ဝန်းကျင်လေထုအရည်အသွေးကို Ground Level Ozone (O3)၊ အမှုန်အမွှားများ (Particulate Matters - PM2.5,PM10)၊ ကာဗွန်မိုနောက်ဆိုက်(Carbon monoxide - CO)၊ ဆာလဖာဒိုင်အောက်ဆိုက် (SulphurDioxide -SO2) နှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် (Nitrogen Di-oxide- NO2) ပါဝင်မှုတို့ကို အခြေခံ၍ တိုင်းတာပါသည်။ နိုင်ငံသားများကို ဘေးအန္တရာယ်ရှိသော အဆိပ်အတောက်များမှ ကာကွယ်ရန် လေအရည်အသွေး စောင့်ကြည့်တိုင်းတာခြင်း၊ ဗလထုညစ်ညမ်းသောနေရာများကို ဆန်းစစ်ခြင်းနှင့် ကိုင်တွယ် ဖြေရှင်းခြင်းတို့ကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း များမှ ဆောင်ရွက်ရန်လိုအပ်ပါသည်။

 

လေထုညစ်ညမ်းပစ္စည်းများ

 

လေထုညစ်ညမ်းပစ္စည်းများသည် အမှုန်အမွှားများ၊ အရည်စက်များ သို့မဟုတ် အငွေ့များအဖြစ် ပါဝင်နိုင်ပါသည်။ ကာဗွန်ဒိုင်အောက်ဆိုက် (CO2)၊ ကာဗွန်မိုနောက်ဆိုက် (CO)၊ ဆာလဖာ အောက်ဆိုက် (SOx)၊ နိုက်ထရိုဂျင်အောက်ဆိုက် (NOx)၊ အငွေ့ပျံလွယ်သော အော်ဂဲနစ်ဓာတ် ပေါင်းများ (Volatile Organic Compounds-VOCs)၊ အမှုန်အမွှားများ (PM)၊ ကြာရှည်စွာ တည်မြဲနေနိုင်သော ဖရီးရယ်ဒီကယ်များ (Per-sistent Free Radicals)၊ အဆိပ်အတောက် ဖြစ်စေသောသတ္တုများ (Toxic Metals) ဖြစ်သည့် ပြဒါးနှင့်ခဲ၊ အမိုးနီးယား(NH3)၊ အနံ့ (Odor)၊ ရေဒွန်ရေဒီယိုသတ္တိကြွခြင်း (Radio-active Decay of Radon)၊ ကမ္ဘာ့လေထုအတွင်း အနိမ့်ဆုံးထရိုပိုစဖီးယားအလွှာရှိ အိုဇုန်းဓာတ်ငွေ့ (Ground Level Ozone)၊ ဒိုင် အောက်စင် (Dioxins) နှင့် မီသိန်းဓာတ်ငွေ့ (Methane) တို့ ပါဝင်ပါသည်။

 

မူလအဆင့် လေထုညစ်ညမ်းပစ္စည်းများ (Primary Pollutants) နှင့် တစ်ဆင့်ခံ လေထုညစ်ညမ်းပစ္စည်းများ (Secondary Po-llutants) ဟူ၍ နှစ်မျိုးရှိပါသည်။ မီးတောင်ပေါက်ကွဲခြင်းမှထွက်ရှိသော ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့များ၊ မော်တော်ကားယာဉ်ယန္တရားများမှ ထွက်ရှိသော ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့များ၊ စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုဖြစ်စဉ်များမှ ထွက်ရှိသော ဆာလဖာဒိုင်အောက်ဆိုက်နှင့် နိုက်ထရိုဂျင်အောက်ဆိုက် ဓာတ်ငွေ့များ၊ အမှုန်အမွှားများ၊ ဟိုက်ထရိုကာဗွန်များနှင့် အနံ့ဆိုးများ၊ အဏုမြူဖောက်ခွဲစမ်းသပ်ခြင်းနှင့် ရေဒီယိုသတ္တိကြွ ပြိုကွဲပျက်စီးခြင်းကြောင့် ထွက်လာသော ရေဒီယိုသတ္တိကြွညစ်ညမ်းပစ္စည်းများ၊ အမှိုက်သရိုက်များ၊ မိလ္လာအညစ်အကြေး များသည် မူလအဆင့် လေထုညစ်ညမ်းပစ္စည်းများဖြစ်ပြီး အဆိုပါဓာတ်ငွေ့များ အချင်းချင်းဓာတ်ပြုခြင်း၊ အခြားဓာတ်ငွေ့များနှင့် ဓာတ်ပြုခြင်းကြောင့် တစ်ဆင့်ခံလေထုညစ်ညမ်းမှု ဖြစ်ပေါ်လာစေသည်။ ဥပမာ - Ground Level Ozone၊ ဆာလဖျူရစ်အက်စစ်နှင့် နိုက်ထရစ်အက်စစ်တို့သည် တစ်ဆင့်ခံလေထု ညစ်ညမ်းပစ္စည်းများဖြစ်သည်။ အချို့သော လေထုညစ်ညမ်းပစ္စည်းများ (ဥပမာ - Petro-chemical Smog)သည် မူလအဆင့်နှင့် တစ်ဆင့်ခံ လေထုညစ်ညမ်းပစ္စည်း နှစ်မျိုးလုံးတွင် ပါဝင်သည်။

 

ဟင်းသီးဟင်းရွက် ကောက်ပဲသီးနှံစွန့်ပစ် ပစ္စည်းများမှ စူးရှသောအနံ့ရှိ အမိုးနီးယားဓာတ်ငွေ့ထွက်ရှိပြီး လေအေးပေးစက်များ၊ ရေခဲသေတ္တာများ၊ အနံ့ဖျန်းဆေးဘူးများမှ ထွက်လာသော ကလိုရိုဖလိုရိုကာဗွန် (Chlorofluoro-carbons - CFCs) ဓာတ်ငွေ့သည် အိုဇုန်းလွှာကို ပျက်စီးစေသည်။ Ground Level Ozone ဓာတ်ငွေ့သည် နိုက်ထရိုဂျင်အောက်ဆိုက်နှင့် အငွေ့ပျံလွယ်သော အော်ဂဲနစ်ဒြပ်ပေါင်းများ နေရောင်ခြည်အောက်တွင် ဓာတ်ပြုခြင်းမှ ထွက်ပေါ်လာသော ဓာတ်ငွေ့ဖြစ်ပြီး မီးခိုးမြူ (Smog) တွင် ပါဝင်သည်။ ၂၀၃၀ ပြည့်နှစ်အထိ ခန့်မှန်းချက်များအရ Ground Level Ozone  ညစ်ညမ်းမှုကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအဖြစ် အမှီပြုသော ကောက်ပဲသီးနှံများ၏ အထွက်နှုန်း ၂၆ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်မည်ဟု သိရှိရပါသည်။ ဘေးအန္တရာယ်ရှိသော လေထုညစ်ညမ်းပစ္စည်းများတွင် မာကျူရီနှင့် ခဲသတ္တုများအပြင် ရေနံထွက်ပစ္စည်းများ (သို့မဟုတ်) ကျောက်မီးသွေးတို့ မီးလောင်သောအခါ ထုတ်လွှတ်သော ဘင်ဇင်း (Benzene)) ပါဝင်သည်။ ဒိုင်အောက်စင် (Dioxins)သည် သံရည်ကျိုခြင်း (Smelting)၊ ကလိုရင်း အရောင်ချွတ်ခြင်းနှင့် စက္ကူပျော့ဖတ်ပြုလုပ်ခြင်း၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးထုတ်လုပ်ခြင်း စသည့်စက်မှုကုန်ထုတ်လုပ်ငန်းများ၏ မလိုလားအပ်သော ဘေးထွက်ပစ္စည်းများအဖြစ် ထွက်ရှိခြင်း၊ အစိုင်အခဲစွန့်ပစ်ပစ္စည်းများနှင့် ဆေးရုံဆေးခန်းသုံး စွန့်ပစ်ပစ္စည်းများကို မီးရှို့ရာတွင် အပြည့်အဝမီးမလောင်ကျွမ်းခြင်း၊ မီးတောင်ပေါက်ကွဲခြင်းနှင့် တောမီးလောင်ခြင်းကဲ့သို့ သဘာဝဖြစ်စဉ်များမှလည်း ထွက်ရှိသည်။

 

လေထုညစ်ညမ်းမှု၏ ဆိုးကျိုးသက်ရောက်များ

 

လေအရည်အသွေးကျဆင်းပါက အဆိုပါဒေသများတွင် နေထိုင်သူများအနေဖြင့် လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ အဆုတ်ကင်ဆာ၊ နာတာရှည်နှင့် ပြင်းထန်သော အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါများ ခံစားရစေပါသည်။ လေထုညစ်ညမ်းမှုကြောင့် ရောဂါဘယဖြစ်ပွားခြင်း အန္တရာယ်များမှသည် ရာသီဥတုပြောင်းလဲခြင်းကို ပိုမိုဆိုးရွားစေသည့် မှန်လုံအိမ်ဓာတ်ငွေ့များဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် မီသိန်းတို့ကို လေထုအတွင်း ထုတ်လွှတ်ခြင်းဖြင့် မြေပေါ်အိုဇုန်းပမာဏ မြင့်မားလာခြင်းအပြင် ကမ္ဘာ့အပူချိန်ကို မြင့်တက်စေသည်။ ရာသီဥတု ပိုမိုပူနွေးလာပြီး ခရမ်းလွန်ရောင်ခြည် ပိုမိုပြင်းထန်လာသောအခါ ပတ်ဝန်းကျင်တွင် မီးခိုးမြူငွေ့များ ဖြစ်ပေါ်လာသည်။ မီးခိုးမြူငွေ့သည် မျက်လုံးနှင့် လည်ချောင်းတို့ကိုဒုက္ခပေးပြီး အဆုတ်ကိုလည်း ပျက်စီးစေသည်။ အထူးသဖြင့်နေ့စဉ်နှင့်အမျှ သွားလာလှုပ်ရှား အလုပ်လုပ်သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများတွင် ဘေးအန္တရာယ် ပို၍ခံစားရစေနိုင်သည်။ နာတာရှည် ပန်းနာရင်ကျပ်ကျပ် ရောဂါရှိသူများနှင့် ဓာတ်မတည့်သူများတွင် ရောဂါပိုမိုဆိုးရွားသော လက္ခဏာများ တွေ့ရတတ်သည်။

 

လေထုညစ်ညမ်းမှုကြောင့် ရာသီဥတုပြောင်းလဲခြင်းနှင့် ဆက်စပ်၍ အပူချိန်မြင့်မားလာခြင်းနှင့်အတူ ဝတ်မှုန်များ ပိုမိုပျံ့လွင့်လာခြင်း၊ သေးငယ်သော အမှုန်အမွှားလေးများ (Air-borne Particles) သည် အဆုတ်အတွင်း ထိုးဖောက်ဝင်ရောက်နိုင်သဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ နှလုံးရောဂါများ ခံစားရ၍ သေဆုံးခြင်းတို့ ဖြစ်စေသည်။ မာကျူရီ နှင့် ခဲသတ္တုများ၊ ဒိုင်အောက်စင် (Dioxins) နှင့် ဘင်ဇင်းတို့သည် ပမာဏအနည်းငယ်မျှဖြင့် ပြင်းထန်သော ကျန်းမာရေးဘေးအန္တရာယ်ဖြစ် ပေါ်စေသည်။ ဓာတ်ဆီတွင်တွေ့ရသော ဘင်ဇင်းအငွေ့သည် ကင်ဆာဖြစ်စေနိုင်သည့်အပြင် မျက်လုံး၊ အရေပြားနှင့် အဆုတ်တို့တွင် ဘေးအန္တရာယ်ဖြစ်စေခြင်း၊ ရေရှည်တွင် သွေးလှည့်ပတ်မှု မူမမှန်ခြင်းတို့ကို ဖြစ်စေပါသည်။ ဒိုင်အောက်စင် (Dioxins)သည် အသည်းကို ထိခိုက်စေခြင်း၊ အာရုံကြောစနစ်၊ ကိုယ်ခံအားစနစ်နှင့် မျိုးပွားစနစ်များတွင် ထိခိုက်စေခြင်း၊ ပမာဏများစွာ ထိတွေ့ပါက ကလေးငယ်များ၏ အာရုံကြောစနစ်နှင့် ကျောက်ကပ်ပျက်စီးခြင်း၊ ပမာဏအနည်းငယ်ထိတွေ့မှုသည်ပင် ကလေးငယ်များ၏ ဉာဏ်ရည်နှင့် သင်ယူမှုစွမ်းရည်ကို ထိခိုက်စေပါသည်။ Polycyclic Aromatic Hydrocarbon သည် အဆိပ်ရှိဓာတုပစ္စည်းဖြစ်ပြီး လောင်စာဆီအသုံးပြုသော ယာဉ်ယန္တရားများမှ ထုတ်လွှတ်သော မီးခိုးနှင့်အတူရော၍ ထွက်လာခြင်းအပြင် တောမီးလောင်ကျွမ်းခြင်းမှလည်း ထွက်ပေါ်လာသည်။

 

လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး ဘေးအန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ

 

မိုးလေဝသသတင်းမှ ပြင်ပလေထုညစ်ညမ်းမှုအဆင့်ကို သိလျှင် ကလေးများအား အပြင်ထွက်လမ်းလျှောက်ချိန် ကန့်သတ်ပေးခြင်း၊ အထူးသဖြင့် မနက်စောစောအချိန်များတွင် အိုဇုန်းပမာဏနိမ့်သဖြင့် လမ်းလျှောက်ခြင်း၊ ကိုယ်လက် လေ့ကျင့်ခန်းများပြုလုပ်စဉ်တွင် ယာဉ်ကြောကျပ် နေသည့်နေရာများနှင့် နီးသောနေရာများကို ရှောင်ကြဉ်ခြင်း၊ လေအရည်အသွေးဆိုးရွားသော နေရာတွင် နေအိမ်အတွင်းတံခါးများပိတ်၍ နေထိုင်ခြင်း၊ နှာခေါင်းစည်းများအသုံးပြု၍ ခရီး သွားလာခြင်းတို့ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

 

လေထုညစ်ညမ်းမှုကို ဘယ်လိုထိန်းချုပ်မလဲ

 

လောင်စာဆီသုံးစွဲမှုလျှော့ချခြင်း၊ ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များ (ဥပမာ- နေရောင်ခြည်)ကို ရှာဖွေသုံးစွဲခြင်း၊ ယာဉ်စီးနင်းသွားလာ ရမည့်ခရီးများကို ဖြစ်နိုင်လျှင် ခြေကျင်လမ်း လျှောက်ခြင်း၊ စက်ဘီးစီးခြင်းနှင့် အများပြည်သူ သုံးပို့ဆောင်ရေးလမ်းကြောင်းများ အသုံးပြုခြင်းတို့ဖြင့် တစ်ဦးတစ်ယောက်ချင်းစီလည်းကောင်း၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်ခြင်းဖြင့် လေထုညစ်ညမ်းမှုကို တိုက်ဖျက်နိုင်ပြီး ရာသီဥတုပြောင်းလဲခြင်းကိုလည်း လျော့ကျစေနိုင်မည်ဖြစ်ပါသည်။ ဒေသဆိုင်ရာ သစ်တောဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိရိုးဖလာ စိုက်ပျိုးရေးစနစ်ဖြင့် လယ်ယာလုပ်ငန်းတွင် ဟင်းလင်းပွင့်မီးရှို့ ခြင်းနှင့် တောမီးလောင်ကျွမ်းခြင်းများကို ထိန်းချုပ်ရေးနှင့် လူနေမှုပုံစံအလေ့အထများ ပြောင်းလဲရန် ပြည်သူလူထုအား အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပေးခြင်းဖြင့်လည်း လေထုညစ်ညမ်းမှု တိုက်ဖျက်ရန် ဆောင်ရွက်နိုင်ပါသည်။

 

ခုအခါ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်နှင့် ဆက်စပ်ကဏ္ဍများတွင် အမျိုးသားအဆင့်မူဝါဒဥပဒေ၊ နည်းဥပဒေများကို သက်ဆိုင်ရာအစိုးရ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ၏ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်မှုများဖြင့် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်နေကြသူအားလုံး၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန် ရေရှည်မျှော်မှန်းချက်ဖြင့် ဆောင်ရွက်နိုင်ရန်အလို့ငှာ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ (National Environmental Policy)ကို မူဘောင်ချမှတ်ပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ ကျန်းမာရေး၊ စက်မှု၊ မွေးမြူရေး၊ သတ္တုတွင်း၊ သယ်ယူပို့ဆောင်ရေးနှင့် မြို့ပြကဏ္ဍများတွင် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်များ၏ ချမ်းသာသုခရရှိစေရေးအတွက် ရေရှည်တည်တံ့သော၊ ကြွယ်ဝချမ်းသာမှုရှိသော၊ အားလုံးပါဝင်သော ရာသီဥတုဒဏ်ကို ခံနိုင်ရည် ရှိပြီး ကာဗွန်(ထုတ်လွှတ်မှု) လျော့နည်းသော လူမှုအဖွဲ့အစည်းတစ်ရပ် ဖြစ်လာစေရန် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ (Myanmar Climate Change Policy) မျှော်မှန်းချက်ကိုလည်း ဖော်ဆောင်လျက်ရှိပါသည်။ နိုင်ငံအတွင်း ပို၍စိမ်းလန်းသော၊ သန့်ရှင်းသော၊ ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီး အမှိုက်ကင်းစင်ရေး၊ ထုတ်လွှတ်မှုကင်းစင်ရေးနှင့် ပြန်လည်ပြုပြင် သန့်စင်ရေးရပ်ဝန်းတစ်ခု ဖြစ်ပေါ်စေရန် မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မအစီအစဉ် (National Waste Management Strategy and Master Plan for Myanmar (2018-2030) ဖြင့် ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံအစိမ်းရောင်စီးပွားရေးမူဝါဒမူဘောင် (Green Economy Po-licy Framework) တွင် သန့်ရှင်းသောလေနှင့် သန့်ရှင်းသောရေ ဖူလုံစွာရရှိရေးအတွက် ဆောင်ရွက်ရာတွင် လေနှင့်ရေအရည်အသွေး တိုးတက် ကောင်းမွန်စေရန် ညစ်ညမ်းမှုထိန်းချုပ်ရေး အစီအမံများချမှတ်ခြင်းနှင့် သန့်ရှင်းသောစွမ်းအင် ရရှိသုံးစွဲနိုင်ရန်တို့ကို ဒုတိယဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ အထက်ဖော်ပြပါ အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် လေထုညစ်ညမ်းမှုကို ထိရောက်စွာ ကာကွယ်တိုက်ဖျက်ခြင်းအပြင် လူတိုင်းစေ့ ကျန်းမာရေးနှင့် သာယာဝပြောရေး၊ လူတိုင်းတတ်နိုင်သော စိတ်ချရသော၊ ရေရှည်တည်တံ့ခိုင်မြဲသော ခေတ်မီစွမ်းအင်ရရှိရေး၊ အားလုံးအကျုံးဝင်ပြီး လုံခြုံစိတ်ချစွာဖြင့် ကြံ့ခိုင်ပြီး ရေရှည်စဉ်ဆက်မပြတ် တိုးတက်မှုကိုဖြစ်စေမည့် မြို့ပြများနှင့် အခြေချနေထိုင်မှုများဖြစ်ပေါ်စေရေး၊ ရေရှည်တည်တံ့စေမည့် စားသုံးခြင်းနှင့် ထုတ်လုပ်ခြင်း ပုံစံများဖြစ်ပေါ်စေရေး၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏အကျိုးသက်ရောက်မှုများကို လျော့ပါးစေရေးအတွက် အရေးကြီးလုပ်ငန်းစဉ်များ ဆောင်ရွက်ရေးနှင့် အကောင်အထည်ဖော်ဆောင်မှုအား ဖြစ်ပေါ်စေမည့် အထောက်အပံ့များ အားကောင်းစေခြင်းနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရှင်သန်အားကောင်းစေရေးတို့ဖြင့် စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်မှုပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုမည် ဖြစ်ပါသည်။

 

လူသားများ၏ ပြုမူလုပ်ဆောင်ချက်များကြောင့် ဖြစ်ပေါ်လာသည့် လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်မှုနှင့် သဘာဝဘေးအန္တရာယ်တို့ကို သိရှိနားလည်ပြီး လေထုညစ်ညမ်းမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်မှာ နိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်ပါသည်။ လေထုညစ် ညမ်းမှုလျော့ကျစေရေးအတွက် စက်မှုလုပ်ငန်း များနှင့် မော်တော်ယာဉ်များအတွက် ထုတ်လွှတ်အခိုးအငွေ့ စံချိန်စံòန်းများ သတ်မှတ်၍ လိုက်နာစေခြင်း၊ သန့်ရှင်းသော လောင်စာစွမ်းအင်များကို အသုံးပြုခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအတွက် ရေ၊ နေ၊ လေအားလျှပ်စစ်ဆိုင်ရာ နည်းပညာအသစ်များ အသုံးပြုဆောင်ရွက်ခြင်း၊ စက်မှုအလုပ်ရုံများနှင့် နေအိမ်များတွင် စွမ်းအင်ချွေတာအသုံးပြုခြင်း၊ လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များနှင့် မီးရထားများ အသုံးပြုမှုကို မြှင့်တင်ခြင်း၊ သယ်ယူပို့ဆောင်ရေးစနစ် တိုးတက် ကောင်းမွန်အောင်ဆောင်ရွက်ခြင်း၊ စွန့်ပစ်ရေနှင့် စွန့်ပစ်ပစ္စည်းများအား စနစ်တကျစီမံခန့်ခွဲ ခြင်း၊ အအေးပေးစက်များတွင် ဟိုက်ဒရိုဖလူရို ကာဗွန်အား အစားထိုးအသုံးပြုခြင်း စသည့်နည်းလမ်းများကို ဆောင်ရွက်ခြင်းဖြင့် ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ သန့်စင်သောလေရှူရှိုက်ဖို့ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့” “Beat Air Pollution”  ဆောင်ပုဒ်နှင့်အညီ လေထုညစ်ညမ်းမှုကို အားလုံးစုပေါင်း နှိမ်နင်းပြီး ကျွန်တော်တို့ပတ်ဝန်းကျင်ကို ကာကွယ် ကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

 

ဒေါက်တာ ဝင်းဝင်းမာ (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)