ဒေါက်တာသီတာအောင် (အမျိုးသားသွေးဌာန -ရန်ကုန်)
ယခုနှစ် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၁၄ ရက်နေ့တွင် ရဝမ်ဒါနိုင်ငံ Kigali မြို့၌ကျင်းပမည် ဖြစ်သည်။
ကမ္ဘာတစ်ဝန်းလုံးရှိ သွေးလိုအပ်သော လူနာများအတွက် ထောက်ပံ့လှူဒါန်းပေးကြသော စေတနာသွေးလှူရှင်များကို အလေးအနက် ဂုဏ်ပြုလိုသကဲ့သို့ သွေးလှူဒါန်းမှုပြုကြသည့် စေတနာရှင်များ ပိုမိုတိုးပွားပြန့်ပွားလာရေးကို ရည်ရွယ်၍ ၎င်းအခမ်းအနားကို ကမ္ဘာတစ်ဝန်းလုံးရှိ ကျန်းမာရေးစောင့်ရှောက်မှု တာဝန်ယူထားသည့် တာဝန်ရှိသူများက ကျင်းပခြင်း ဖြစ်သည်။
ယခုနှစ်အခမ်းအနား၏ ဦးတည်ချက်အဖြစ် ''Safe Blood for All'' ဟူ၍ သတ်မှတ်ထားပြီး ကမ္ဘာတစ်ဝန်း၊ ဒေသအားလုံး၊ နိုင်ငံအားလုံးရှိ သွေးလိုအပ်သော လူနာများ အရည်အသွေးပြည့်မီသော သွေးနှင့်သွေးပစ္စည်းများကို လိုအပ်ချိန်တွင် အချိန်မီ သင့်တင့်သော အဖိုးအခဖြင့် ရရှိနိုင်စေရေး ဝိုင်းဝန်းကြိုးပမ်းကြပါရန် တိုက်တွန်းနှိုးဆော် ထားသည်။
သွေးနှင့်သွေးပစ္စည်များ လုံလောက်မျှတစွာ ထောက်ပံ့မှုကို နိုင်ငံအားလုံးရှိ ပြည်သူအားလုံး လက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှု၏ အခမ်းကဏ္ဍတစ်ရပ်အနေဖြင့် ဆောင်ရွက်သင့်ကြောင်းလည်း တိုက်တွန်းနှိုးဆော်ထားသည်။
သွေးလှူဒါန်းမှုတိုးပွားလာစေရန် တိုက်တွန်းနှိုးဆော်
ထိုကဲ့သို့ လုံလောက်သော အရေအတွက်ရရှိရန် စေတနာ သွေးလှူရှင်များ၏ ထောက်ပံ့မှုသည် မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍဖြစ်သောကြောင့် ပြည်သူများဘက်မှ သွေးလှူဒါန်းမှု တိုးပွားလာစေရန် တိုက်တွန်းနှိုးဆော်သကဲ့သို့ သွေးလှူဒါန်းမှုများကို လက်ခံသော သွေးဘဏ်များကလည်း သွေးလှူရှင်ကြီးများ၏ ကျန်းမာရေး၊ စိတ်ချမ်းမြေ့စွာ ပြန်လည် လှူဒါန်းနိုင်ရေးအတွက် ဝန်ဆောင်မှု ကောင်းမွန်အောင် ကြိုးစားပေးကြရန် သတိပေးထားသည်။
သွေးသွင်းကုသမှုဟူသည်မှာ လူတစ်ဦး၏ ကိုယ်တွင်းမှ ဇီဝပစ္စည်းကို တခြားသူတစ်ဦး၏ ကိုယ်တွင်းသို့ ထည့်သွင်းခြင်းဖြစ်၍ သွေးသွင်းကုသမှု ခံယူရသော လူနာများအတွက် လုံခြုံစိတ်ချရမှုဟူသည်မှာ သွေးမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါပိုးများ ကင်းစင်ခြင်း တစ်ခုတည်းသာ မဟုတ်ဘဲ သွေးအုပ်စု၊ ပဋိပစ္စည်းများ၊ ခန္ဓာကိုယ်၏ ခုခံအားနှင့်ဆိုင်သော ဇီဝပစ္စည်းများ၊ ရောဂါအမျိုးမျိုးအတွက် လိုအပ်သော မတူညီသည့် သွေးပစ္စည်းများနှင့် သက်ဆိုင်သော လုံခြုံစိတ်ချရမှုမှာလည်း အရေးကြီးသော ထည့်သွင်းတိုင်းတာရမည့် အခြေအနေများ ဖြစ်သည်။
လုံလောက်မှုအတွက် ပြည်သူများ၏ နားလည်ထောက်ပံ့မှုမှာ အရေးပါသကဲ့သို့ ထောက်ပံ့မှုများ စဉ်ဆက်မပြတ် လုံလောက်စွာ ရရှိနိုင်မှုအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စနစ်ကျစွာ တွက်ချက်၊ စိစစ်၊ စုဆောင်း၊ သိမ်းဆည်း၊ ဖြန့်ဖြူး ခြင်းတို့မှာလည်း အလွန်အရေးကြီးသော ဝန်ဆောင်မှု ဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၁၈ ခုနှစ်အတွင်း သွေးယူနစ်ပေါင်း ၄၃၈၃၄၆ ကို လူနာများအတွက် ထောက်ပံ့ခဲ့ကြပြီး ၇၂ ဒသမ ဝ၄ ရာခိုင်နှုန်းမှာ စေတနာသွေးလှူရှင်ကြီးများ၏ ထောက်ပံ့မှုဖြစ်ပေသည်။ ၎င်းတို့အနက် ၃၂ ရာခိုင်နှုန်းမှာ ရန်ကုန်မြို့ပေါ်ရှိ လူနာများအတွက် ထောက်ပံ့ပေးကြသော သွေးလှူရှင်ကြီးများဖြစ်ပြီး ၎င်းတို့အနက်မှ ၆၉ ရာခိုင်နှုန်းသော သွေးလှူရှင်များ သည် အမျိုးသားသွေးဌာနတွင် လာရောက်လှူဒါန်းခဲ့ကြသည်။ အမျိုးသားသွေးဌာနတွင် လာရောက်လှူဒါန်းသော သွေးလှူရှင်စုစုပေါင်း ၉၆၉၃၉ သည် ၎င်းတို့နှင့် သွေးသားတော်စပ်မှုရှိသော လူနာများအတွက်သာ ရည်ရွယ်ခြင်းမရှိဘဲ မည်သူမဆိုသွေးလိုအပ်ပါက လိုအပ်ချိန်တွင် ရရှိကြစေရန် မိမိတို့၏အားလပ်ချိန်တွင် လာရောက်လှူဒါန်း ပေးကြသော စေတနာ သွေးလှူရှင်များ ဖြစ်ကြပါသည်။ နှလုံး ခွဲစိတ်သောလူနာများအတွက် ၉၂၁ ဦးသော သွေးလှူရှင်များက လိုအပ်ချိန်တွင်အသုံးပြုရန် စောင့်ဆိုင်းလှူဒါန်းပေးခဲ့ကြပါသည်။ ၎င်းတို့၏ လှူဒါန်းမှုကြောင့် လူနာများအတွက် သွေးယူနစ် ပေါင်း ၁၇၆၅၀ဝ ကို အမျိုးသားသွေးဌာနမှ ဆေးရုံများသို့ ပြန်လည်ဖြန့်ဝေပေးနိုင်ခဲ့သည်။
အနှစ် ၄၀ ခန့် ကြောင့်ကြမှုကင်းစွာ ကုသမှုခံယူနိုင်
သွေးလှူဒါန်းမှုပြုခဲ့သော စေတနာသွေးလှူရှင်များတွင် အသက် ၂၀ မှ ၂၉ နှစ်ကြားရှိ လူငယ်များ၏ လှူဒါန်းမှုမှာ အမျိုးသားနှင့် အမျိုးသမီးနှစ်ဖက်လုံးတွင် ၅၁ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း တွေ့ရှိရ၍ ၎င်းလူငယ်များ ဆက်လက်၍ စဉ်ဆက်မပြတ် လှူဒါန်းပါက နောင်အနှစ် ၄၀ ခန့်အထိ လူနာသွေးလိုအပ်မှုအတွက် ကြောင့်ကြမှုကင်းစွာ ကုသမှုခံယူနိုင်မည် ဖြစ်ပေသည်။ ထို့အပြင် အသက် ၅၅ နှစ်အထက် သွေးလှူရှင်အမျိုးသား ၆၄၅ ဦးနှင့် အမျိုးသမီး ၂၄၈ ဦးတို့ ပါဝင်လှူဒါန်းခဲ့ကြကြောင်း တွေ့ရှိခဲ့သည်။
၂၀၁၈ ခုနှစ်၏ သွေးလှူဒါန်းမှုပိုမိုလိုအပ်လာခြင်းမှာ နှစ်စဉ်ထောက်ပံ့နေသော ပြည်သူ့ဆေးရုံ ၁၂ ရုံအပြင် အခြား ပြည်သူ့ဆေးရုံ နှစ်ရုံ၏ လူနာများကို ထပ်မံတိုးချဲ့ ထောက်ပံ့ပေးသောကြောင့် ဖြစ်ပါသည်။ ထောက်ပံ့မှုများ၏ ၉၉ ရာခိုင်နှုန်းမှာ စေတနာသွေးလှူရှင်များ၏ ထောက်ပံ့မှုဖြစ်သောကြောင့် လူနာများအတွက် လုံခြုံစိတ်ချရသော ကုသမှု ဖြစ်စေရန် စမ်းသပ်၊ ပြင်ဆင်၊ သိုလှောင်မှုများကို အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ သွေးမှတစ်ဆင့် ကူးစက်နိုင် သောရောဂါပိုးများ စစ်ဆေးခြင်းကို ၂၀၁၆ ခုနှစ်အထိRapid Diagnostic Test များဖြင့်သာ စစ်ဆေးပေး နိုင်သော်လည်း ၂၀၁၆ ခုနှစ် ဩဂုတ်လမှစ၍ ပိုးဝင်ရောက်ပြီး အချိန်တိုအတွင်း ၎င်းရောဂါပိုးကို စမ်းသပ်နိုင်သည့် Nucleic Acid Testing နည်းပညာဖြင့် မြှင့်တင်ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။
၂၀၁၉ ခုနှစ် မေလမှစ၍ Individual Nucleic Acid Testing နည်းပညာကို ထပ်မံတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သဖြင့် သွေးမှတစ်ဆင့်ကူးစက်နိုင်သော ရောဂါပိုးများ၏ အန္တရာယ်မှာ စိတ်ချရသော အခြေအနေသို့ ရောက်ရှိပြီး ဖြစ်ပါသည်။ ထိုကဲ့သို့ စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်ဘဏ္ဍာမှ စေတနာသွေးလှူရှင်တစ်ဦး၏ လှူဒါန်းမှု တစ်ခုအတွက် ငွေကျပ် ၂၅၀ဝ၀ ခန့် ကျခံအသုံးပြုပေးနေပါသည်။ ထိုကြောင့် လူနာများ ကြောင့်ကြမှုကင်းစွာ ကုသမှုခံယူနိုင်ရန် စေတနာသွေးလှူရှင်များနှင့် နိုင်ငံတော်၏ ငွေကြေးကျခံနိုင်မှုတို့သည် အဓိကဖြစ်သောကြောင့် စေတနာသွေးလှူရှင်များ စဉ်ဆက်မပြတ်ရရှိရေးနှင့် ဘဏ္ဍာငွေစဉ်ဆက်မပြတ် ထောက်ပံ့နိုင်ရေးတို့မှာ လုံလောက်၍ စိတ်ချရသော သွေးသွင်း ကုသမှုအတွက် အလွန်အရေးကြီးသော စဉ်ဆက်မပြတ်ရရှိမည့် ထောက်ပံ့မှုများဖြစ်ကြောင်းကိုလည်း ယခုနှစ် ကမ္ဘာ့သွေး လှူရှင်များနေ့တွင် ထည့်သွင်းနှိုးဆော်ပေးထားသည်။
ပြည်သူများ၏ အားပေးကူညီမှု
ယခုလက်ရှိ မြန်မာနိုင်ငံတွင် သွေးသွင်းကုသမှုများအတွက် လိုအပ်သောသွေးနှင့် သွေးပစ္စည်းများကို အမျိုးသားသွေးဌာန မှအပ အခြားဆေးရုံများတွင် သီးခြားဝန်ထမ်းဖွဲ့စည်းမှုမရှိဘဲ ဓာတ်ခွဲခန်းများမှ အလှည့်ကျ ဝန်ထမ်းများကသာ တာဝန်ယူ နေရသော အခြေအနေဖြစ်၍ ယခုကဲ့သို့ ၇၅ ရာခိုင်နှုန်းသော စေတနာသွေးလှူရှင်များ၏ ထောက်ပံ့မှုမှာ သွေးလှူဘဏ် များ၏ တာဝန်ရှိဝန်ထမ်းများမှ အားစိုက်မှုထက် ပြည်သူများ၏ အားပေးကူညီမှုက ပိုမိုအရေးပါနေကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် သင့်တော်သော ဝန်ထမ်းဖွဲ့စည်းမှု များရရှိအောင် ယခုနှစ်အတွင်း ကြိုးစားသွားမှသာ ၂၀၂၀ တွင် တစ်ကမ္ဘာလုံး၌ သွေးသွင်းကုသမှုကို စေတနာသွေးလှူရှင်များဖြစ်သာ ထောက်ပံ့ကြပါစို့ဟု ဆုံးဖြတ်နှိုးဆော်ခဲ့သော ၂၀၁၉ ခုနှစ် Melbourne Declaration သည် အကောင်အထည် ပီပြင်မည်ဖြစ်သည်။
ထိရောက်သည့်ကုသမှု အကျိုးကျေးဇူးရရှိနိုင်ရန် လိုအပ်သည့် သွေးနှင့်သွေးပစ္စည်းများကို ၎င်းတို့ ဆက်လက်ရှင်သန်နိုင်မည့် အပူချိန်၊ ပတ်ဝန်းကျင်များတွင် ခွဲထုတ်သိုလှောင်ထားပြီး မှန်ကန်စွာ ပြန်လည်ပြုပြင်ပြီးမှ ပေးသွင်းနိုင်ရန် လိုအပ်သည်။ ထိုကဲ့သို့ သွေးပစ္စည်းများပြင်ဆင်၊ ခွဲထုတ်၊ သိုလှောင်ရာတွင် နည်းပညာ အပူချိန်ထိန်းသိမ်းမှုတို့မှာ လွန်စွာအရေးပါသော အကြောင်းတရားများ ဖြစ်ပေသည်။ အရေးပါသော အပူချိန်သတ်မှတ်ထိန်းသိမ်းမှုများကို တိုင်းတာရန်မှာလည်း မှန်ကန်မှု ရှိရန်လိုအပ်ပေသည်။ ထို့အပြင် ညွှန်ပြနေသော ကိရိယာများ၏ အပူချိန်òန်ပြသည့်အတိုင်း မှန်ကန်မှု ရှိ/မရှိတို့ကို တိကျစွာ သိရှိရန်လည်း လိုအပ်ပေသည်။ ထိုကဲ့သို့ လူသားများမှ ထုတ်ပေးထားသော ကုသပစ္စည်းများအဖြစ် ပြင်ဆင်ရာတွင် အဆင့်တိုင်း၌ အရည်အသွေး ထိန်းချုပ်နိုင်ရန်မှာလည်း စေတနာသွေးလှူရှင်များ ကြိုတင်လှူဒါန်းပေးမှသာ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများက လိုအပ်သည့် အရည်အသွေးရရှိမှုကို ထောက်ပံ့နိုင်မည်ဖြစ်သည်။
တူညီသောစံနှုန်းများအတိုင်း ဆောင်ရွက်ပေးမှုအရေးပါ
ထိုကဲ့သို့ စေတနာသွေးလှူရှင်များ လှူဒါန်းထားသော သွေးဖြင့် စနစ်တကျ စမ်းသပ်ပြင်ဆင် ထိန်းသိမ်းဖြန့်ဖြူးပေးထားသော ထိရောက်စွာ ကုသမှုပေးနိုင်မည့်သွေးနှင့် သွေးပစ္စည်းများကို နိုင်ငံတစ်ဝန်း ဒေသတိုင်းရှိ သွေးလိုအပ်သော လူနာများခံစား နိုင်ရန်မှာ နည်းပညာဆိုင်ရာ တာဝန်ရှိသူများ၏ တူညီသော စံနှုန်းများအတိုင်း ဆောင်ရွက်ပေးမှုသည် အရေးပါသော အချက် ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန် ပြည်သူများ၏ နားလည်ထောက်ပံ့မှု၊ စနစ်ကျသောစီမံခန့်ခွဲမှု၊ ဘဏ္ဍာငွေ စဉ်ဆက်မပြတ် ရရှိမှုတို့မရှိပါက မည်သို့မျှ အကောင်အထည် ဖော်နိုင်မည်မဟုတ်ပါ။
ထို့ကြောင့် နိုင်ငံတစ်ဝန်းတူညီသော အရည်အသွေးရှိသည့် လုံခြုံစိတ်ချရသော သွေးနှင့်သွေးပစ္စည်းများ လူနာများ လိုအပ်ပါက လိုအပ်ချိန်တွင် အချိန်မီလက်လှမ်းမီစွာ ရရှိနိုင်ရေးအတွက် စေတနာရှင်ပြည်သူများ၊ စီမံခန့်ခွဲ ပေးသူများနှင့် နည်းပညာဆိုင်ရာ တာဝန်ရှိသူများ ဟန်ချက်ညီညီ ဆက်လက်ထောက်ပံ့နိုင်ပါစေကြောင်း တိုက်တွန်းအပ်ပါသည်။ ။