mdn

နေပြည်တော် ၅ ဇွန်

 

အနောက်ကမ္ဘာတွင် စက်မှုတော်လှန်ရေးမှအစပြုကာ သိပ္ပံနှင့် နည်းပညာဖွံ့ ဖြိုးတိုးတက်မှုများ တစ်ဟုန်ထိုးမြင့်မားလာခြင်းနှင့်အတူ သဘာဝလောကကြီးကို လူသားတို့ အန်တုလာနိုင်ချိန်မှစ၍ မိမိတို့နေထိုင်ရာ ကမ္ဘာကြီးမှာ တစ်နေ့တခြား ယိုယွင်းထိခိုက်လာသည်။ သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးလာသည်။ ညစ်ညမ်းလာသည်။ အဆိပ်သင့် လာသည်။

 

ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်သတ္တုများ တူးဖော်မှု၊ သစ်တောများအား ခုတ်ထွင်ရှင်းလင်းမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်လာမှု၊ မြစ်ချောင်းများကိုပိတ်ဆို့ကာ ရေလှောင် တမံများ တည်ဆောက်မှု၊ မြို့ ရွာ အိမ်ခြေတိုက်တာများ၊ လမ်းတံတားများ တိုးချဲ့ တည်ဆောက်မှု၊ စက်မှုလက်မှုလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ အကြီးအကျယ်တိုးတက်လာမှု၊ အလွန် အကျွံ ငါးဖမ်းမှု စသည်စသည်ဖြင့် လူသားတို့၏ စားဝတ်နေရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လုပ်ကိုင် ဆောင်ရွက်သမျှအားလုံးတို့က လူသားတို့နေထိုင်ရာ သဘာဝပတ်ဝန်းကျင်ကို အနည်းနှင့် အများဆိုသလို ထိခိုက်ပျက်စီးစေသည်။ တစ်နည်းအားဖြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘာဝ ပတ်ဝန်းကျင်တို့ကို ပေးဆပ်လိုက်ရခြင်းပင် ဖြစ်သည်။ သို့ဖြစ်သည့်အလျောက် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတု ပြောင်းလဲမှုတို့နှင့်အတူ ရေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ ပတ်ဝန်း ကျင် ညစ်ညမ်းမှု၊ အသံညစ်ညမ်းမှု၊ အလင်းရောင်ညစ်ညမ်းမှု၊ မြင်ကွင်း ရှုပ်ထွေးညစ်ညမ်းမှု စသည်ဖြင့် ညစ်ညမ်းမှု များစွာတို့က လူသားတို့၏ပတ်ဝန်းကျင်၌ ပေါ်ပေါက်လာပြီး လူသားတို့၏အသက်အန္တရာယ်ကို ထိခိုက်စေသည့် အန္တရာယ်အမှတ်ထိ ရောက်ရှိလာခဲ့ရာ ကမ္ဘာ့ပတ်ဝန်းကျင် ကို ထိန်းသိမ်း စောင့်ရှောက်ရန် လူသားတိုင်းမှာ တာဝန်ရှိလာသည်

 

လူသားကမ္ဘာ၏ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို လူတိုင်းက သတိပြုရေး၊ ပါဝင် ဆောင်ရွက်နိုင်ရေးတို့အတွက် နှိုးဆော်တိုက်တွန်းသည့်အနေဖြင့် ၁၉၇၄ ခုနှစ်မှစ၍ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့ကို နှစ်စဉ် ဇွန်လ ၅ ရက်နေ့တိုင်းတွင် ကုလသမဂ္ဂ၏ ကမကထ ပြုမှုဖြင့် ကမ္ဘာ့နိုင်ငံများတွင် ကျင်းပလျက်ရှိရာ ယခုနှစ်အတွက်မူ “သန့်စင်သော လေရှုရှိုက်ဖို့၊ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။

 

သန့်စင်သောလေသည် လူသားတို့၏ အသက်ရှင်သန်ရေး၊ ကျန်းမာရေးအတွက် အရေးကြီးဆုံး လိုအပ်ချက်ပင် ဖြစ်သည်။ သန့်စင်သောလေနှင့် ပတ်သက်၍ တစ်ခုတည်းသော အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွှန်းဟူ၍ မရှိပေ။ သို့ရာတွင် အနံ့အသက်၊ အခိုးအငွေ့၊ အမှုန်အမွှား၊ ဓာတ်ငွေ့များ စသည်တို့ကင်းစင်သည့် သဘာဝလေသည် သာမန်အားဖြင့် သန့်စင်သည့်လေဟု ဆိုနိုင်သည်။ ကမ္ဘာ့လူသားဦးရေ၏ ၉၂ ရာခိုင်နှုန်းမှာ သန့်ရှင်းလတ်ဆတ်သည့် သဘာဝလေကို ရှုခွင့်မရကြဟု ဆိုသည်။ သန့်ရှင်းသောလေကို ရှုခွင့်မရသည့်အခါ ကျန်းမာရေးဆိုင်ရာ ပြဿနာများ စွဲကပ်လာကြသည်။ လေဖြတ်၊ သွေးတိုး၊ နှလုံး စသည့်ရောဂါများ၊ အဆုတ် ကင်ဆာ၊ လေပြွန်ရောင်၊ အသက်ရှူကျပ်ခြင်း တို့အပါအဝင် ရောဂါအမျိုး အမည်များစွာတို့ လေမသန့်မှုကြောင့် ခံစားကြရသည်။

 

လေမသန့်ခြင်းကြောင့်ဟုဆိုကာ အသက်မရှူဘဲနေ၍မရ။ မိမိတို့ ရှူသောလေ သန့်ရှင်းရေးအတွက် လူတိုင်းမှာတာဝန်ရှိသည်။ အမှိုက် သရိုက်များကို စနစ်တကျ စွန့်ပစ်ရေး၊ အခိုးအငွေ့ ၊ အနံ့အသက်၊ အမှုန် အမွှားများ ထွက်ပေါ်လွင့်ပျံမှုမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရေး၊ ရေဆင်းမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ သစ်ပင်များရှင်သန် ကြီးထွားအောင် စိုက်ပျိုးပြုစုရေး စသည့် လုပ်ငန်းစဉ်များကို မိမိတစ်ဦးချင်း အနေဖြင့် လည်းကောင်း၊ စုပေါင်းအင်အားဖြင့် လည်းကောင်း လက်တွေ့ ဆောင်ရွက်ကြခြင်းဖြင့် မိမိတို့ပတ်ဝန်းကျင်မှ လေထုကို သန့်စင်အောင် ဖန်တီးနိုင်ကြ ပါစေကြောင်း။

 

မြန်မာ့အလင်း