၁၀ ဇွန်
သွင်းအားစုသုံးစွဲပုံနှင့် ရေပေးဝေသည့်စနစ်များ မှန်ကန်မှသာ ငရုတ်သီးအထွက်နှုန်း ကောင်းမွန်မည် ဖြစ်ကြောင်း ငရုတ်စိုက်ပျိုးရေးကျွမ်းကျင်သူများထံမှ သိရသည်။
"စတင်စိုက်ပျိုးပြီး (၇)ရက်မှ (၁၀)ရက်အတွင်း မြေဩဇာမကျွေးသင့်ဘူး။ အဲ့ဒီကာလမှာ မြေဩဇာကျွေးလိုက်ရင် အပင်သေသွားနိုင်တယ်။ အဲ့ဒီအချိန်မှာ ဘာလုပ်သင့်လဲဆိုရင် ငရုတ်ပင် လေးတွေကိုခါးဆွပြီး လေရှူခွင့်ရအောင် လုပ်ပေးသင့်တယ်။ ဒေသတစ်ခုနဲ့တစ်ခုမတူတဲ့အတွက် လုပ်ပုံကိုင်ပုံတွေ မတူနိုင်ပါဘူး။ ကျွန်တော်တို့ဒေသအနေနဲ့တော့ စိုက်ပျိုးပြီး(၁၅)ရက်ဝန်းကျင်မှာ မြေဩဇာကျွေးလို့ရပါတယ်။ အဲ့ဒီလိုကျွေးပြီးပြီးချင်းအချိန်မှာတော့ စိုက်ခင်းထဲကို ဖောက်ရေသွင်းလို့ မရသေးဘူး။ ရေဖျန်းလို့တော့ ရပါတယ်။"ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မူးသာရွာမှ စီးပွားဖြစ်ငရုတ်စိုက်ပျိုးသူ ဦးသန်းဆွေဦးက ပြောသည်။
ဖောက်ရေဆိုသည်မှာ စိုက်ခင်းအတွင်း ရေစီးမြောင်းများဖောက်ထားပြီး ရေတွင်းမှရေကိုသွယ်၍ ရေပေး သွင်းသည့်စနစ်ကို ဆိုလိုခြင်းဖြစ်ပြီး၊ ဖျန်းရေဆိုသည်မှာ ရေဖျန်းပုံး နှစ်ဖက်တပ်ဖြင့်သော်လည်းကောင်း၊ ပိုက်လုံးအသေးကို ခေါင်းတပ်၍သော် လည်းကောင်း အပင်ရေပက်ဖျန်းသည့်စနစ် ဖြစ်သည်။
"ရေပေးလိုက်လို့ အပင်က ဒဏ်မခံနိုင်သေးဘဲ ယိုင်သွားလောက်တဲ့ အနေအထားဆို ရေမပေးရဘူး။ အပင်အနေအထားကြံ့ခိုင်မှုကိုကြည့်ပြီး ဘောင်ဆွဲလို့ရလောက်တဲ့ အနေအထားရောက်မှ ဘောင်ဆွဲပြီးရေပေးပါတယ်။ ရွှေဘိုနယ်က စိုက်နည်းအရ ပထမဆုံးစိုက်ပြီးချိန်မှာ ကွန်ပေါင်း မြေဩဇာမသုံးဘဲ နိုက်ထရိုဂျင်တစ်မျိုးသာ သုံးတယ်။ ပိုးသတ်ဆေးကို အပင်အခြေအနေပေါ်မူတည်ပြီး လိုအပ်မှဖြန်းပေးတယ်။ မလိုအပ်ဘဲ ပိုးသတ်ဆေးမသုံးစွဲဘူး။ မှိုသတ်ဆေးကိုတော့ လုံးဝမသုံးစွဲဘူး။ ကြုံရတဲ့အခက်အခဲကတော့ တချို့ပိုးသတ်ဆေးနဲ့ ရွက်ဖျန်းမြေဩဇာထုပ်တွေပေါ်မှာ ရေးထားတဲ့ စာသားအတိုင်း တကယ်အရည်အသွေးအပြည့်အဝ မပါဝင်ဘူး။ အဲ့ဒီပြဿနာ အမြဲရှိပါတယ်။"ဟု ငရုတ်စိုက်တောင်သူ ဦးသန်းဆွေဦးက ပြောသည်။
စိုက်ရက် ပျိုးရက်/စိုက်ချိန် ပျိုးချိန်များမှာ ဒေသတစ်ခုနှင့်တစ်ခု အနည်းငယ်ကွာခြားမှုရှိနိုင်ပြီး စိုက်ပျိုးပြီး (၃)လခွဲအကြာတွင် ငရုတ်ပင်မှအသီးများ စတင်ထွက်ရှိသည်။
ငရုတ်သီးတစ်ဧက စိုက်ပျိုးမည်ဆိုပါက အကြမ်းဖျဉ်းကုန်ကျစရိတ်အားဖြင့် ကျပ်(၃၀၀,၀၀၀) မှ (၅၀၀,၀၀၀) ကြား ကုန်ကျနိုင်ပြီး ဒေသတစ်ခုနှင့်တစ်ခု ကုန်ကျစရိတ်များလည်း မတူညီနိုင်ကြောင်း တောင်သူများကပြောသည်။
အထွက်နှုန်းအနေဖြင့် ငရုတ်သီးတစ်ဧကစိုက်ပျိုးလျှင် ငရုတ်သီးစိမ်းပိဿာချိန် (၅,၀၀၀)မှ (၇,၀၀၀) ကြား ထွက်ရှိကြောင်း သိရသည်။
နန်းထက်ထက်ချစ်


