ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ လူငယ်တွေမှာ အရမ်းလည်းအဖြစ်များပြီး အချစ်ရေး၊ မေတ္တာရေးမှာ နောက်ကွယ်ကနေ ကောင်းကောင်းဒုက္ခပေးနေတဲ့ Borderline Personality Disorder – BPD လို့ခေါ်တဲ့ စိတ်ခံစားချက်ပုံမှန်မဟုတ်တဲ့ ရောဂါအကြောင်းပဲ ဖြစ်ပါတယ်။

BPD ဆိုတာ ဘယ်လိုရောဂါမျိုးလဲ။

ဆယ်ကျော်သက်အရွယ်နဲ့ အသက်ငယ်သေးတဲ့ အချိန်မှာ အစပျိုးလာတတ်တဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလို စိတ်ခံစားချက် ပုံမှန်မဟုတ်တာ၊ စိတ်က တည်ငြိမ်မနေဘဲ အနိမ့်အမြင့် အတက်အကျ မြန်လွန်းတာ၊ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ အမူအကျင့်တွေ၊ စိတ်ခံစားချက် ပြင်းထန်လွန်းတာ၊ ပုံမှန်မဟုတ်တဲ့ အတွေးတွေ ခေါင်းထဲ ခဏခဏ ဝင်လာတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ ဒီစိတ်ရောဂါဟာ အချစ်ရေးကိစ္စတွေမှာ နှစ်ဦးနှစ်ဖက် ပဋိပက္ခဖြစ်စေသလို ကိုယ့်ရဲ့အမူအကျင့်တွေကြောင့်လည်း ကိုယ့်ချစ်သူရဲ့ အထင်အမြင်လွဲမှားတာ ခံရနိုင်တယ်။ သိမ်ငယ်စိတ်တွေ၊ စိုးရိမ်စိတ်တွေ၊ ထားသွားမှာ ကြောက်တဲ့စိတ်တွေ၊ ဖြစ်မလာသေးတဲ့ အနာဂတ်ကို တွေးပူတဲ့စိတ်တွေ၊ လူတစ်ယောက်ကို ကိုယ်ပဲ အပိုင်စားလိုချင်တဲ့ စိတ်တွေဖြစ်လာကာ ကိုယ်တိုင်ကိုရော ကိုယ့်ချစ်သူကိုရော စိတ်ပူလောင်စေတဲ့ ရောဂါဖြစ်ပါတယ်။ ခုခေတ်လူငယ်တော်တော်များများ အချစ်ရေးမတည်မြဲကြတာလည်း ဒီစိတ်ရောဂါကြောင့်လို့ပဲ ဆိုနိုင်ပါတယ်။

ဘာကြောင့် ဒီစိတ်ရောဂါဖြစ်လာရတာလဲ။

စိတ်ရောဂါတော်တော်များများက ရုတ်တရက်ကြီး ထဖြစ်တယ်ဆိုတာ ရှားပါတယ်။ အချိန်အတော်ကြာအောင် ရင်ထဲမှာ အမြစ်တွယ်နေပြီး ကိုယ့်ကိုယ်ကိုယ် ရောဂါရှိလို့ရှိမှန်းတောင် သတိမထားမိတတ်ကြပါဘူး။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့

-    မိဘမျိုးရိုးမှာ ဒီလိုစိတ်ဝေဒနာရှိနေတာ
-    နွေးထွေးကြင်နာတတ်တဲ့ မိသားစုရဲ့ အရိပ်အောက်မှာ ကြီးပြင်းခွင့်မရခဲ့တာ
-    မိဘတွေနဲ့ ငယ်စဉ်ကတည်းက ကွဲကွာနေတာ၊ စွန့်ပစ်ခံရတဲ့ ကလေးတွေ
-    အဖေနဲ့ အမေ အိမ်ထောင်ကွဲတာ
-    သေချာပြုစုပျိုးထောင်ခြင်း၊ ဂရုစိုက်ပေးခြင်း မရှိဘဲ ကြီးပြင်းလာခဲ့ရတာ
-    ဆွေမျိုး၊ မိဘတွေရဲ့ နှိပ်စက်ခြင်းခံရတာ
-    စိတ်ခံစားချက်တွေကို ချိုးနှိမ်ခံရတာ
-    ငယ်စဉ်ကတည်းက ဝမ်းနည်း၊ စိတ်ထိခိုက်လွယ်တာကြောင့်ပဲ ဖြစ်ပါတယ်။

BPD ရှိသူတွေမှာ ဘယ်လိုလက္ခဏာမျိုးတွေ တွေ့ရလဲ။

ပုံမှန်အခြေအနေမှာ စိတ်အကောင်းကြီးဖြစ်နေတဲ့ သူတစ်ယောက်က ကိုယ်ချစ်တဲ့သူနဲ့ အတူရှိနေတဲ့အချိန်၊ သို့မဟုတ် တစ်ယောက်ယောက်နဲ့ မေတ္တာမျှနေတဲ့အချိန်ကျမှသာ ဒီလက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။

-    ကိုယ်ချစ်တဲ့သူက စွန့်ပစ်သွားမှာ တွေးလိုက်ရင်ကို သေမတတ်ကြောက်တာ၊ ဒီအခြေအနေကို လုံးဝလက်မခံနိုင်တာ
-    တွဲလိုက်သမျှ ရည်းစားတိုင်းနဲ့မမြဲတာ
-    တကယ်လူတစ်ယောက်နဲ့ တွဲမိတဲ့အခါ ကိုယ်ထင်ထားသလိုမျိုး ပျော်ရွှင်နေတဲ့စိတ်၊ သာယာစိတ်မဖြစ်တာ
-    စိတ်ခံစားချက်၊ အတွေးအခေါ်တွေက ပုံမှန်မဟုတ်တာ
-    ကိုယ့်စိတ်နဲ့ ခန္ဓာကို ထိခိုက်စေအောင် နည်းအမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးတာ
-    အတိတ်မှာ သတ်သေဖို့ ကြိုးစားဖူးတာ
-    ကိုယ့်အသားကို နာအောင်၊ သွေးထွက်အောင် မကြာခဏဆိုသလို လုပ်တတ်တာ
-    စိတ်ခံစားချက်တွေက ရက်ပိုင်းလောက်မကြာဘဲ နာရီပိုင်းနဲ့တင် အတက်အကျ မြန်လွန်းတာ
-    ကိုယ့်စိတ်ကို ထိန်းချုပ်ရခက်တာ
-    ဒေါသဖြစ်လာပြီ၊ ဝမ်းနည်းလာပြီဆိုရင်လည်း ဘယ်လိုမှ ဟန်ဆောင်လို့မရတာ
-    စိတ်ဖိစီးမှုကြောင့် တောင်တွေး မြောက်တွေး တွေးတတ်တဲ့ အကျင့်ရှိတာ
-    မဖြစ်လာသေးတဲ့ အရာတစ်ခုကို ကြိုတွေး၊ စိတ်ကူးထဲမှာ ပုံဖော်နေတတ်တာ
-    အသိစိတ်လွတ်နေတာ အစရှိတဲ့ လက္ခဏာတွေက BPD ရှိတဲ့သူတွေ အချစ်ရေးနဲ့ ကြုံလာတဲ့အခါမှာ ဖြစ်လာတတ်တဲ့ စိတ်ပုံမှန်မဟုတ် လက္ခဏာတွေပဲ ဖြစ်ပါတယ်။
အပေါ်မှာ ပြထားတဲ့ လက္ခဏာတွေထဲက အနည်းဆုံး ၅မျိုးလောက် ရှိနေတယ်လို့ သင့်ကိုယ်သင် သတိထားမိတယ်ဆိုရင်တော့ ဒီရောဂါရှိနိုင်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။

BPD ကို ဘယ်လိုကုသလို့ရမလဲ။

BPD ဆိုတာ လူငယ်တွေမှာ အရမ်းအဖြစ်များပြီး တော်တော်လေးကို ကုရခက်တဲ့ စိတ်ရောဂါတွေထဲမှာ ပါဝင်ပါတယ်။ ပုံမှန်အချိန်မှာ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ အေးချမ်းနေတဲ့ လူတစ်ယောက်က တခြားသူစိမ်းတစ်ယောက်နဲ့ ချစ်မိလိုက်တော့မှပဲ အသိစိတ်နဲ့ လူနဲ့မကပ်၊ အမြဲလိုလို ပူလောင်နေပြီး ကိုယ်မသိလိုက်ခင်မှာ ကိုယ့်အပြုအမူတွေက ချစ်သူကို သွားပြီး ထိခိုက်စေမိတော့ အချစ်ရေးက မမြဲတော့ဘူးပေါ့။ ဒါကြောင့် ဒီလိုပြဿနာတွေနဲ့ ကြုံလာပြီဆိုရင် အကောင်းဆုံးက စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်ဖို့ လိုအပ်တယ်လို့ပဲ အကြံပေးလိုက်ချင်ပါတယ်။

အကယ်လို့ ကိုယ့်မှာ ဒီရောဂါရှိတယ်ဆိုတာ သေချာပြီဆိုရင် စိတ်ရောဂါပညာရှင်မှ ကိုယ့်နဲ့အဆင်ပြေမယ့် စိတ်ကုထုံးနည်းလမ်းတွေနဲ့ ကုသပေးမှာဖြစ်ပါတယ်။

စိတ်ရောဂါ ကုထုံး (Psychotherapy)

BPD ရှိတဲ့သူတွေအတွက် အကောင်းဆုံး ကုသနည်းလမ်း ဖြစ်ပါတယ်။ ဒီကုထုံးမှာမှ Cognitive Behavioral Therapy (CBT) ၊ Dialectical Behavior Therapy (DBT) နဲ့ schema-focused therapy (SFT) ဆိုပြီး ၃မျိုးခွဲကာ ကုသပေးဖို့လိုပါတယ်။

-    CBT နည်းလမ်းသည် ကိုယ့်ရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့အတွေးတွေ၊ အဆိပ်အတောက်တွေ၊ အမှန်မဟုတ်တဲ့ ကိုယ့်ရဲ့ တစ်ဖက်သတ် ယူဆချက်တွေကို ပုံဖော်ကာ အကောင်းဘက်ကို ပြောင်းလဲပေးတာဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်အခြေအနေက ရုတ်တရက်ဆိုသလို အတက်အကျဖြစ်သွားတာ၊ ဒေါသထွက်တာ၊ စိတ်မလုံခြုံတာ၊ စိုးရိမ်ပူပန်တာ၊ သတ်သေချင်စိတ်တွေ ဖြစ်လာတဲ့အခါ ဒီစိတ်တွေကို ဘယ်လိုဖြေလျှော့ရမလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကုစားလို့ရမလဲဆိုတာကိုလည်း စိတ်ကုထုံးဖြင့် လေ့ကျင့်ပေးမှာဖြစ်ပါတယ်။

-    DBT ကတော့ ကိုယ့်ရဲ့ စိတ်နဲ့ နောက်ဆက်တွဲ ကိုယ့်ရဲ့ အပြုအမူကို အသိစိတ်ကပ်ပြီး ထိန်းနိုင်ဖို့အတွက် လေ့ကျင့်ပေးမှာဖြစ်ပါတယ်။ စိတ်ခံစားချက်တွေဟာ ပုံမှန်အခြေအနေကို ပြန်ရောက်သွားတဲ့အခါမှာ အရင်ကလို ကိုယ်တိုင်ရော၊ ကိုယ့်ချစ်သူကိုပါ စိတ်ပူလောင်စေတဲ့ အပြုအမူတွေဟာ ရှိတော့မှာမဟုတ်ပါဘူး။

-    SFT ကုထုံးကတော့ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်တတ်လာစေဖို့၊ ချစ်တတ်စေဖို့၊ တန်ဖိုးထားတတ်စေဖို့ သင်ကြားပေးမှာဖြစ်ပြီး လောကကြီးနဲ့ လူတွေကို အရင်ကထက် အကောင်းမြင်စိတ်နဲ့ ကြည့်မြင်လာနိုင်စေဖို့ ကူညီပေးသွားမှာပါ

ဆေးဝါးအကူအညီရော လိုအပ်လား။

BPD ဟာ စိတ်ခံစားချက် အခြေခံတဲ့ စိတ်ရောဂါဖြစ်တဲ့အတွက် ဆေးဝါးနဲ့ ကုသလို့တော့ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဝေဒနာရှင်မှာ တခြားစိတ်ကျန်းမာရေးပြဿနာတွေပါ ရှိနေရင်တော့ လိုအပ်မယ့် စိတ်ကျရောဂါဆေး၊ စိတ်ငြိမ်ဆေး၊ စိုးရိမ်သောကပျောက်ဆေးတွေကို ညွှန်းပေးမှာဖြစ်ပါတယ်။

စိတ်ကျန်းမာရေးဆိုတာ ပေါ့ဆလို့ရတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်၊ ပျော်ရွှင်မှု၊ ကျန်းမာရေး ဒါတွေအားလုံးကို စိတ်ကပဲ ထိန်းချုပ်ထားတာဖြစ်တဲ့အတွက် စိတ်ကပြိုလဲသွားပြီဆိုတာနဲ့ ကျန်တာတွေအားလုံး ပြိုလဲဖို့ အချိန်ကာလတစ်ခုပဲ လိုတော့မှာပါ။ ခုလို BPD ဆိုတာလည်း အသက်ငယ်သေးတဲ့ လူငယ်တွေမှာ တော်တော်လေးအဖြစ်များပြီး ကုသရခက်တယ်ဆိုပေမယ့် လုံးဝမပျောက်နိုင်တာ မဟုတ်တာကြောင့် သိပ်ပြီးမစိုးရိမ်ကြဖို့ အကြံပေးလိုက်ချင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”