“သင့်အသံ သင့်မဲ သင့်အနာဂတ်” ခေါင်းစဉ်ဖြင့် မကွေးတိုင်းဒေသကြီး လူငယ်ပွဲတော်နေ့ကျင်းပ

မကွေး ၃၀   နိုဝင်ဘာ 

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် ပထမဆုံးအကြိမ်ဆန္ဒမဲပေးကြမည့် အသက်(၁၈)နှစ်ပြည့်ပြီး လူ ငယ်များအတွက် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးလူငယ်ပွဲတော်နေ့ အခမ်းအနားကို “သင့်အသံ၊သင့်မဲ၊သင့်အနာဂတ်” ခေါင်းစဉ် ဖြင့် မကွေးမြို့၊ နန်းထိုက်သူဟိုတယ်၌ နိုဝင်ဘာလ ၃၀ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မကွေးတိုင်းဥက္ကဌ ဦးခင်မောင်မြင့် မှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး ကောက်ယူထားသော စာရင်းများအရ မြန်မာနိုင်ငံတွင် မဲဆန္ဒရှင်လူငယ်၅သန်းခန့်ရှိပြီး မကွေးတိုင်း အတွင်း၌  အသက်၁၈နှစ်ပြည့်ပြီး မဲပေးနိုင်သည့် လူငယ် ၃သိန်းကျော်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

အခမ်းအနားတွင် ပထမအကြိမ်မဲပေးမည့် လူငယ်များစီမံချက် မှတ်တမ်းဗီဒီယိုအား ပြသခြင်း ၊ NIIS Music Band မှ ဖျော်ဖြေခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ခြင်း၊ “လူငယ်တွေ ရွေးကောက်ပွဲမှာ ဘယ်လိုပါဝင်လို့ရမလဲ” ဆိုသည့် အကြောင်းကို ဆွေးနွေးခြင်း ၊ လူငယ်အနုပညာရှင်များက သရုပ်ပြတင်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

“ရွေးကောက်ပွဲစနစ်များဆိုင်ရာ နိုင်ငံတကာ ဖောင်ဒေးရှင်း IFES နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၊ မကွေးတိုင်းဒေသကြီး လူငယ်ကွန်ရက်တို့နဲ့ ပူးပေါင်းပြီး ဒီပွဲကိုကျင်းပတာပါ။  မဲပေးခြင်းလုပ်ငန်းစဉ်တွေကို လူငယ်တွေ သိရှိဖို့အသိပေးတဲ့ အခမ်းအနားဖြစ်ပါတယ်။ သူတို့ကနေတစ်ဆင့် အခြားလူငယ်တွေထပ်ပြီး မျှဝေနိုင်စေဖို့ရည်ရွယ်ပါတယ်” ဟု    မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ ရွေးကောက်ပွဲအရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးထွဋ်ဦးက ပြောသည်။

အခမ်းအနား၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကဦးဆောင်၍ မဲရုံအတွင်းဆန္ဒမဲပေးပုံနမူနာအား ပြသ ပေးခဲ့ကြပြီး ခင်းကျင်းပြသထားမှုများအား တက်ရောက်လာသည့် တိုင်းအတွင်းမြို့နယ်အသီးသီးမှ လူငယ်ကွန်ရက်အဖွဲ့များက ကြည့်ရှုလေ့လာခဲ့ကြကြောင်း၊  “လာအတူ - သင့်အသံ၊ သင့်မဲ၊ သင့်အနာဂတ်” တေးသီချင်းအား လူငယ်များက အတူတကွသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။ 


                                                        ဇေယျတု(မကွေး)