ရန်ကုန် ၁၈ ဖေဖော်ဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဒလဆိပ်ကမ်း၌ ယနေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ က ချယ်ရီ()သင်္ဘော မောင်းနှင်းထွက်ခွာနေစဉ် အမျိုးသမီးတစ်ဦး ဗောပေါ်သို့ ပြန်ခုန်တက်မှုကြောင့် ခြေချော်ပြီး မြစ်အတွင်း ပြုတ်ကျခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဒလဆိပ်ကမ်းမှ ချယ်ရီ() သင်္ဘောမောင်းနှင်းထွက်ခွာနေစဉ် အမျိုးသမီးတစ်ဦးသည် ရေယာဉ်၏ ယာရှေ့ပေါက်မှ ဆိပ်ခံဗောပေါ်သို့  ပြန်လည်ခုန်တက်ခဲ့ရာ ရေထဲသို့ ပြုတ်ကျသွားခဲ့သဖြင့် ချယ်ရီ() သင်္ဘောရေယာဉ်မှူး ဦးမြင့်အေး၊ ချယ်ရီသင်္ဘောသားတစ်ဦးတို့က မြစ်တွင်းသို့ ခုန်ဆင်းပြီး ရေနစ်သူအား အချိန်မီတွန်းတင်ကယ်ဆယ်နိုင်ခဲ့ရာ ဗောပေါ်ရှိ ပြည်သူများက ဆွဲတင်ကယ်ဆယ်မှုတို့ကြောင့် အမျိုးသမီးသည် အသက်ရှင်နိုင်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ အမျိုးသမီးသည် မခင်ချမ်းမြေ့ဦး၊ အသက်(၃၄)နှစ်၊ မွန်ပြည်နယ်၊ ရေးမြို့၊ ပညာသီရိလမ်း၊ အစင်ရွာဇာတိဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသို့ သွားရောက်လည်ပတ်ပြီး အပြန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးအား ဆေးခန်းသို့ ပို့ဆောင်ခဲ့ရာ ကျန်းမာရေးကောင်းမွန်သူတစ်ဦးဖြစ်ကြောင်း၊ အမျိုးသမီးအား ဒလမြို့နယ် မန်နေဂျာရုံးခန်းနှင့် ဒလမြို့မရဲစခန်းတို့တွင် ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေးဌာန၊ မြစ်ဝကျွန်းပေါ်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

သတင်း-နိုင်လင်းကျော်(ဒလ) ဓာတ်ပုံ-မင်းမျိုး

 

asssad