ရန်ကုန် ၂၃ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ ယနေ့နံနက်က သင်္ဃန်ကျွန်းမြို့နယ် (ဇ/တောင်)ရပ်ကွက် ပြည်သာယာလမ်းမရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ဖွင့်လှစ်ခဲ့သော "ကလေးစာပေပွဲတော်" စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ၌ ကာတွန်း"ဘိုဘို"၏ ကာတွန်းရုပ်ပြ၊ ကာတွန်းရုပ်စုံ၊ ကာတွန်းပုံဆွဲတင်၊ ကာတွန်းဆေးရောင်ချယ် စာအုပ်များနှင့် စီဒီများ အရောင်းသွက်ကြောင်း လောကနတ်စာပေ အရောင်းဆိုင်တာဝန်ခံထံမှ သိရသည်။
"ကျွန်မတို့ ကလေးစာပေပွဲတော် ကျင်းပတဲ့နေရာ နယ်တွေမှာလဲ လိုက်ရောင်းပါတယ်၊ ရန်ကုန်နဲ့ ပုသိမ် ရောင်းရပါတယ်၊ မြစ်ကြီးနားလည်း မဆိုးဘူး အဓိကကလေးတွေအတွက်တော့ ဘိုဘိုပေါ့၊ အမျိုးပေါင်း ၂၀ ကျော်ရှိတယ်၊ ကလေးတွေက ဉာဏ်စမ်းလေးတွေ ကြိုက်တာများပါတယ်၊ ကျွန်မလည်း ကျောင်းသားမိဘပါပဲ၊ စာအုပ်စာပေပွဲတော်လေးတွေ လုပ်ပေးတော့ ကလေးလူငယ်တွေ စာဖတ်လာကြပါတယ်၊ ကျွန်မတို့လည်း ရောင်းအားကောင်း ကုသိုလ်လည်းရ ဝမ်းလည်းဝပေါ့ရှင်" စာအုပ်အရောင်းဆိုင် မနှင်းက ပြောသည်။
ရန်ကင်း အ.ထ.က(၂) ပဉ္စမတန်းကျောင်းသူ မရှင်းသန့်မေက "ဒီပွဲတော်ကျင်းပမဲ့ရက် သမီးကကျောင်းမှာသိတာ၊ ဒီနေ့နဲ့ မနက်ဖြန် ၁ ရက်၊ ခု ဘိုးဘိုးကိုပူစာပြီး လာဝယ်တာ၊ ဘိုဘိုးပါတယ်၊ KG ညီးမလေး ချူးချူး လဲပါတယ်၊ သမီးက ကာတွန်းပဲကြိုက်တယ်၊ (၅၀ဝ/၇၀ဝ/၁၀ဝ၀)တန် သုံးအုပ် ဘိုးဘိုး ဝယ်ပေးတယ်၊ မနက်ဖြန် ဖေဖေ မေမေနဲ့လာမယ် ရှင့်"ဟု ချိုသာပြုံးရွှင်စွာဖြင့် ပြောသည်။
သတင်း- မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး


