သင်္ဃန်းကျွန်း ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ၊ အ.ထ.က(သုဝဏ္ဏ ) ကျောင်းတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းဝင်းအတွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းတွင်းအားကစားပြိုင်ပွဲများတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ကျား/မ မီတာ ၅၀ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် ထုပ်စီးတိုး စသည့်ပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အားကစားပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူကလေးများ ကိုယ်ကာယ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာကြံ့ခိုင် သန်စွမ်းစေရန်၊ အချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် လွတ်လပ်ရေးအား အသက်နှင့်ယှဉ်ကာ တန်ဖိုးထား မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်စန်းက ပြောကြားသည်။
စန္ဒာမိုး(ပြန်/ဆက်)