နေပြည်တော်၊ ဇွန် ၁၇

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ သံသုမာလမ်းနှင့် စံပြ (၃)လမ်း ထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူသိန်းဦး (ခ) ကမ္ဘာရှားကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်စစ်ဆေးချက်အရ မွန်းလွဲ ၁ နာရီတွင် ရွှေပြည်သာမြို့နယ်၊ (ဎ/၁၃)ရပ်ကွက်၊ မြောင်းမြလမ်းရှိ ၎င်း၏နေအိမ်ကိုရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

အလားတူ ညနေ ၄ နာရီခွဲတွင် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မမီမီထွန်း မောင်းနှင်ပြီး မဥမ္မာဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား