ရန်ကုန်၊ ၂၆ မေ

ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက် ကန်တော်လမ်းရှိ အ.ထ.က(၄) ကျောင်းဝန်းအတွင်းသို့ မေ ၂၆ ရက် နံနက် ၁၁ နာရီက မသင်္ကာဖွယ်အထုပ် (၁)ထုပ် မီးရှို့ပစ်သွင်းမှု ဖြစ်ပွားခဲ့သည်။

အခင်းဖြစ်ရာနေရာသို့ ပူးပေါင်းအဖွဲ့ဖြစ်သော ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (စစ်ရေးပြ) တပ်မှ ဒုတိယဗိုလ်မှူးကြီးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးနှင့် အဖွဲ့ဝင်များက နံနက် ၁၁ နာရီခန့်က ရောက်ရှိစစ်ဆေးရာ လမ်းလျှောက်လာသော မသင်္ကာဖွယ် အမျိုးသား ၅ ဦးမှ ကျောင်းဝန်းအတွင်းသို့  အထုပ်(၁)ထုပ်ကို ပစ်သွင်းခဲ့ပြီး ရိပ်သာလမ်းဘက်သို့ ထွက်ခွာသွားကြောင်း၊ အဆိုပါအထုပ်အတွင်း အရှည်(၆)လက်မ၊ အချင်း(၁)လက်မခန့်ရှိ PVC ပိုက်အတွင်း မီးလောင်ပျက်စီးလွယ်သော ပစ္စည်းများထည့်သွင်း၍ မီးရှို့ပစ်သွင်းသွားခြင်းဖြစ်ရာ ပေါက်ကွဲမှုမဖြစ်ပွားဘဲ အသံမထွက်၊ မီးခိုးထွက် လောင်ကျွမ်းခဲ့ခြင်းသာဖြစ်ကြောင်း၊ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရှင်းလင်းဆောင်ရွက်မှုပြီးဆုံးခဲ့ပြီး ပေါက်ကွဲမှုဖြစ်စေရန် အဖျက်အမှောင့် လုပ်ငန်းများနှင့် အကြမ်းဖက်ပြုလုပ်သူ အမျိုးသား ၅ ဦးအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)