သင်္ဃန်းကျွန်းမြို့နယ် စုရပ် ၂ နေရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရန်ကုန် ဩဂုတ် ၃

နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသခြင်းလုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများ ကာကွယ်ဆေးထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်တွင်လည်း နိုင်ငံတော်မှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများအား စုရပ် ၂ နေရာ၌ ယနေ့တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ချမှတ်ထားသည့် လုပ်ငန်းစဉ် သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့်အတူ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးများကို နိုင်ငံတော်မှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဩဂုတ် ၂ ရက်မှ စတင်၍ နံနက် (၉)နာရီမှ ညနေ(၃) နာရီအထိ (စနေ၊ တနင်္ဂနွေမပါ) ၂ ပတ်ကြာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အ.ထ.က သုဝဏ္ဏကျောင်းတို့တွင် စုရပ် ၂ နေရာခွဲကာ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်မှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများမှာ အသက်(၆၅)နှစ်အထက်၊ အစိုးရနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများမှ ဘိုးဘွားနှင့်ဝန်ထမ်းများ၊ ဆရာတော်၊ သံဃာတော်၊ သီလရှင်နှင့် ဘာသာရေးကျောင်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံများမှ ဝန်ထမ်းများ၊ ဟိုတယ်/ မိုတယ်/ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ အကျဉ်းသား/အချုပ်သားများ၊ ပုဂ္ဂလိက မော်တော်ယာဉ်လိုင်း၊ လေကြောင်းလိုင်း၊ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းများတွင် လုပ်ကိုင်သူများ၊ Super Market ၊ ဈေးများမှ ဝန်ထမ်းများနှင့် စားသောက်ဆိုင်/ လက်ဖက်ရည်ဆိုင်မှ ဝန်ထမ်းများ ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)