ရန်ကုန် ၁၉ မေ
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ အမျိုးသားတစ်ဦး ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်က ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သုဝဏ္ဏ၊ (ဃ)ရပ်ကွက်၊ လုပ်သားလမ်းနှင့် ရူပလမ်းသွယ်ထိပ်၊ မိုးရွာထားသော ရေအိုင်ငယ် ပေါ်တွင် အမျိုးသားတစ်ဦး ပက်လက်အနေအထားဖြင့် လဲကျသေဆုံးနေကြောင်း၊ ဦးခေါင်းဘက်ခြမ်း တွင် HDBC ကြေးနန်းကြိုးတစ်ချောင်း ပြုတ်ကျနေပြီး အဆိုပါအမျိုးသား၏ ယာဘက် လက်ဝါးတွင် စုတ်ပြတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း၊ ည ၈ နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လုပ်သားလမ်းရှိ လမ်းမီးတိုင်မှ ရူပလမ်းသို့ သွယ်တန်းထားသည့် HDBC ကြေးနန်းကြိုး (၄)ချောင်းအနက် ဝဲဘက်ကြိုးမှာ ပြုတ်ကျနေသဖြင့် ပတ်ဝန်းကျင်ရှိလူများမှ လူသွား လူလာများအား ဖြတ်သန်းသွားလာမှု မရှိစေရေး အသိပေးပြောဆိုကြောင်း။
သို့သော် ရူပလမ်းသွယ်မှ လုပ်သားလမ်းဘက်သို့ လမ်းလျှောက်ထွက်လာသူ ဦးလှမြင့်၊ (၅၂)နှစ်၊ သင်္ဃန်းကျွန်းမြို့နယ် နေသူသည် ပြုတ်ကျနေသည့် ဓာတ်ကြိုးဖြင့် ထိခိုက်မိကာ ဓာတ်လိုက်ပြီး ၎င်း၏ ယာဘက်လက်ဖဝါးတွင် စုတ်ပြတ်ဒဏ်ရာရရှိကာ လဲကျသေဆုံးခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် သေဆုံးသူ ဦးလှမြင့်အား သင်္ဃန်း ကျွန်းစံပြဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
ချယ်ရီ