နေပြည်တော်၊ ဧပြီ ၂၃
အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် သမားများအနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်နှင့် ပြည်သူလူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်ရည်ရွယ်ချက်ဖြင့် ရဟန်းသံဃာများ၊ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက် ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဧပြီ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁၁/ ဘီ) ပထမ ထပ် ဝေဇယန္တာလမ်းနေသူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူသည် ၎င်းပိုင်ဆိုင်သည့် Honda Odyssey မော်တော်ယာဉ်ဖြင့် ဇနီးဖြစ်သူကို ဆေးရုံသို့လိုက်လံပို့ဆောင်ပြီး ဝေဇယန္တာလမ်းအတိုင်း နေအိမ်သို့ပြန်လာစဉ် အမှတ်(၁၆/၂) ရပ်ကွက် ဝေဇယန္တာလမ်းနှင့် ရတနာလမ်းထောင့်သို့ အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦးက ၎င်း၏ မော်တော်ယာဉ်ရှေ့သို့ ဘက်ထရီစက်ဘီးတစ်စီးဖြင့် ရောက်ရှိလာကာ ပစ္စတိုသေနတ်များဖြင့် ၁၂ ချက်ခန့် ပစ်ခတ်သတ်ဖြတ်ပြီး ဝေဇယန္တာလမ်းအတိုင်း မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဦးစိုင်းကျော်သူတွင် ယာနားထင်၊ ဝဲလည်ပင်း၊ ယာလက်ဖျံနှင့် ဝဲနံစောင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဦးစိုင်းကျော်သူ၏ ရုပ်အလောင်းအား သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦး မမျှော်လင့်ဘဲ အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာမှုကြောင့် သေဆုံးခဲ့ရမှုအတွက် နိုင်ငံတော်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အတွက် များစွာထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရကြောင်းနှင့် အောက်တန်းကျသည့်လုပ်ရပ်ကို လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မြေပြင်၌ စစ်ဆေးဖော်ထုတ်လျက်ရှိရာ ဒေသခံပြည်သူများကလည်း ရရှိသည့်သတင်းကွင်းဆက်များအား လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်သတင်းပို့ပေးကြပါရန် သက်ဆိုင်ရာမှ မေတ္တာရပ်ခံထား ကြောင်း သတင်းရရှိသည်။
သတင်းစဉ်