ရန်ကုန် ၁ ဇန်နဝါရီ
၂၉.၁၂.၂၀၁၈ ရက်နေ့ ဝ၉၀ဝ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ် (ဆ/က)ရပ်ကွက် ကြိုးစက်လမ်းနေ ထိုင်ဝမ်နိုင်ငံသားသည် နေအိမ်အား သော့ခတ်ပြီး မင်္ဂလာဒုံလေဆိပ်သို့ သွားရောက်နေစဉ် ခင်မင်သိကျွမ်းသော သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/ခ)ရပ်ကွက်၊ ရွာလယ်လမ်းနေ သန့်ဇင်ဦး (၂၆)နှစ်ဆိုသူမှ နေအိမ်တွင်ရှိသလားဟု ဖုန်းဆက်လှမ်းမေးသဖြင့် ၎င်းမှာ မင်္ဂလာဒုံလေဆိပ်သို့ သွားရောက်နေကြောင်းပြောဆိုပြီး ယင်းနေ့ ၁၀ နာရီ မိနစ် ၅၀ တွင် နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် ၎င်းမှ သန့်ဇင်ဦးအား ပြန်ရောက်နေပြီဖြစ်ကြောင်း ဖုန်းဆက်ပြောဆိုခဲ့ရာ မိနစ်(၂၀)အချိန်ခန့်အကြာတွင် သန့်ဇင်ဦးနှင့် အမည်မသိ လူတစ်ဦးရောက်ရှိလာပြီး ထိုင်ဝမ်နိုင်ငံသားမှ ဧည့်ခံနေစဉ် တို့(၂)ဦးမှာ မူမမှန်၍ အပြင်သွားစရာ ရှိသည်ဟုပြောဆိုပြီး ပြန်ခိုင်းခဲ့ရာ ၎င်းတို့မှ ပြန်မည်ဟုပြောဆိုခဲ့သည်။
ထို့နောက် ထိုင်ဝမ်နိုင်ငံသားအား သန့်ဇင်ဦးမှ နောက်မှသိုင်းဖက်ပြီး ချုပ်ကိုင်ထားရာ ကျန်လူတစ်ဦးမှ ဝိုင်းဝန်းချုပ်ကိုင်၍ ပါးစပ်အားပုဝါစဖြင့်ပိတ်ပြီး လက်နှင့်ခြေထောက်များအား ဝါယာကြိုးဖြင့် ချည်နှောင်ကာ နေအိမ်ရှိ နောက်ဖေးခန်းသို့ ခေါ်ဆောင်သွား၍ ဝိုင်းဝန်းထိုးကြိတ်ကြပြီး ငွေများအားထုတ်ပေးရန် တောင်းသဖြင့် ဘီရိုနှင့် အိတ်အတွင်းသိမ်းဆည်းထားသော ငွေကျပ်သိန်း ၂၀၊ Huawei အမျိုးအစားဖုန်း (၁)လုံးနှင့် နေအိမ်သော့တွဲများအား ယူဆောင်ထွက်ပြေးသွားသဖြင့် ထိုင်ဝမ်နိုင်ငံသားမှ ၎င်းအားထိုးကြိတ်၍ ငွေနှင့် လက်ကိုင်ဖုန်းအား ယူဆောင်သွားသူ သန့်ဇင်ဦးပါ(၂)ဦးအား အရေးယူပေးရန် သင်္ဃန်းကျွန်းမြို့မ ရဲစခန်းတွင် တိုင်တန်းခဲ့ကြောင်းသိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားမှု၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပူးပေါင်းအဖွဲ့သည် ပြစ်မှုကျူးလွန်သူအား လိုက်လံစုံစမ်းရှာဖွေခဲ့ရာ သတင်းရရှိထားသူ အငယ်ကောင်မှာ ခရမ်းမြို့နယ်၊ ပိန်းကန်းအရှေ့ရပ်ကွက်ရှိ ၎င်းတို့ဆွေမျိုးများထံ ရောက်ရှိနေကြောင်း သိရှိရသဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၈ နာရီ ၅၅ မိနစ်တွင် သဲမောင်ဇော်(ခ)သဲမောင်ထွေး(ခ)အငယ်ကောင် (၂၄)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းအားစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူ သန့်ဇင်ဦး(ခ) ကတုံးမှာ ဘုရင့်နောင်ပွဲရုံအတွင်းရှိ တည်းခိုခန်းတစ်ခန်းတွင် တည်းခိုရှောင်တိမ်းလျက်ရှိကြောင်း စစ်ဆေးသိရှိရသဖြင့် ၁-၁-၂၀၁၉ ရက်နေ့ ဝ၂၁၅ အချိန်တွင် သန့်ဇင်ဦး(ခ)ကတုံး(၂၆)နှစ်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ သန့်ဇင်ဦး(ခ)ကတုံးပါ(၂)ဦးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
MDN