သင်္ဃန်းညီနောင်စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်နှစ်စီးပေါ်မှ အေးခဲအသားများသိမ်းဆည်းရမိ

ဘားအံ ၁၅  မေ 


ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်စစ်ဆေးရေးဂိတ်တွင် မေလ ၁၄ ရက် ညပိုင်းက ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်စဉ် မော်တော်ယာဉ် နှစ်စီးပေါ်မှ အေးခဲအသားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


မေလ ၁၄ ရက်နေ့ ညဦးပိုင်းက ရဲအုပ် အောင်ချမ်းမွန် ဦးစီး၍ အဖွဲ့စုံပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်စဉ် အာရှလမ်းအတိုင်း မြဝတီဘက်မှ ယာဉ်မောင်း အောင်ကြည်သိန်းမောင်းနှင်သည့် 7F/---- နံပါတ်တပ် Voxy အမျိုးအစား အဖြူရောင် ယာဉ်ပေါ် မှ  အေးခဲ ကြက်သား ၆ ကီလိုပါ ၈ ဖာ ပေါင်း ၄၈ ကီလို၊ အေးခဲကြက်ရိုး ၁၅ကီလိုပါ အိတ်ကြီး တစ်အိတ် စုစုပေါင်းတန်ဖိုး တစ်သိန်းခြောက်သောင်းခြောက်ထောင်ငါးရာကျပ်ခန့်ကိုလည်းကောင်း၊ ယာဉ်မောင်း ကိုလတ်မောင်းနှင်သော FF/------  နံပါတ်တပ် ပရိုဘောက် အဖြူရောင်ယာဉ်ပေါ်မှ အေးခဲကြက်သားလုံး တစ်အိတ်လျှင် ကီလို ၇၀ ပါသည့် အိတ်ကြီး(၄)အိတ်ပေါင်း ကီလို ၂၈၀ တန်ဖိုး လေးသိန်း နှစ်သောင်းကျပ်ခန့်တို့ကို အသီးသီး သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။


အဆိုပါ ဖြစ်စဉ်ကြောင့် အောင်ကြည်သိန်း (၄၄-နှစ်)အမှတ်(၃)ရပ်ကွက် ကျုံဒိုးမြို့ ကော့ကရိတ်မြို့နယ်နေသူနှင့် ကိုလတ် (၃၄-နှစ်) နတ်ကျွန်းကျေးရွာ သထုံမြို့နယ်နေသူတို့နှစ်ဦးကို တရိစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေပုဒ်မ-၂၃ဖြင့်အရေးယူထားကြောင်း သတင်းရရှိသည်။


မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)