နေပြည်တော် ဇန်နဝါရီ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် သမိုင်းဝင်ပြီး မမေ့အပ်သည့် နေ့ထူးနေ့မြတ် တစ်နေ့မှာ လွတ်လပ်ရေးနေ့ ဖြစ်သည်။ ထိုနေ့တွင် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ခဲ့ကြသူများ၊ နိုင်ငံတော် တည်ဆောက်ရေးတွင် ကျရာအခန်းကဏ္ဍမှ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယ ကြီးမားစွာဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ မိမိအကျိုးကို မငဲ့ကွက်ဘဲ နိုင်ငံတော်အကျိုးအတွက် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ခြင်းသည် ထူးခြား လေးနက်သည့် အသွင်ဆောင်ပါသည်။

 

ထိုသို့ချီးမြှောက်ခြင်းသည် သင်္ဂဟတရားနှင့် ညီပါပေသည်။ သူတစ်ပါးအား ချီးမြှောက်ခြင်းအား သင်္ဂဟဟု ခေါ်ဆိုပြီး ဤသင်္ဂဟတရား ထွန်းကားမှသာ ဤလောကကြီးလည်း ငြိမ်းချမ်းသာယာပါသည်။ အခြေအနေ အားလျော်စွာ သင်္ဂဟတရားတို့ကို ကျင့်သုံးသော အကြင်ပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြသည်။ တစ်ဦးအပေါ်တစ်ဦး ဆက်ဆံကြရာတွင် ဤသင်္ဂဟတရားများသည် အလွန်အရေးကြီးသော ကောင်းမြတ်သည့် တရားများဖြစ်ပါသည်။

 

ဂုဏ်ထူးဆောင်ဘွဲ့ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် ချီးမြှင့်ထောက်ပံ့ခြင်းများအား ယခုကဲ့သို့ လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ် အခါသမယတွင် ပေးအပ်ချီးမြှင့်လေ့ရှိသည့် အစဉ်အလာရှိသည်။ ပြည်ထောင်စုသား အားလုံးအတွက် ကျက်သရေမင်္ဂလာ အပေါင်းနှင့် ခညောင်းပြည့်စုံသည့် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အတွက် ကိုယ်ကျိုးမဖက် ထူးချွန် ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့ကြသော၊ စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ပြုပေးအပ် ချီးမြှင့်ခြင်းသည် ကောင်းမြတ်သော ထောက်ပံ့မှုဖြစ်သည်။

 

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ခြင်းများအား ဤကဲ့သို့သော လွတ်လပ်ရေးနေ့သို့ ရောက်တိုင်း နိုင်ငံတော်က ချီးမြှင့်လေ့ရှိသည်။ ဂုဏ်ပြုချီးမြှင့်ခြင်း ခံရသည့် ပုဂ္ဂိုလ်အပေါင်းအား နိုင်ငံတော် အကျိုးအတွက် ဖြတ်သန်းခဲ့ကြသော၊ ခက်ခဲကြမ်းတမ်းသည့် ဘဝများကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သော ၎င်းတို့၏ စွမ်းဆောင်ရည်များကို ဂုဏ်ယူဖွယ် မှတ်ကျောက်တင် အသိအမှတ်ပြုခြင်းဖြစ်သည်။ ယခုနှစ်တွင် ဂုဏ်ပြုထိုက်သူများအား ချီးမြှင့်ခြင်းနှင့်အတူ နိုင်ငံ့ လွတ်လပ်ရေးအတွက် ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသူများအား အရပ်သားအစိုးရက ပထမဆုံးအကြိမ်အဖြစ် ချီးမြှင့်ပေးခဲ့သည်ကို ထူးခြားစွာတွေ့မြင်ရသည်။

 

အရပ်သားအစိုးရအနေဖြင့် ဂုဏ်ပြုထိုက်သူများအား ဂုဏ်ပြုချီးမြှင့်ရာ၌ မကျန်ရှိအပ်သော ပုဂ္ဂိုလ်များ မကျန်ရှိစေလိုသော သဘောဖြင့်လည်းကောင်း၊ နိုင်ငံ့လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များအား ချီးမြှင့်ပေးလိုသော သဘောဖြင့်လည်းကောင်း ဤလွတ်လပ်ရေးနေ့တွင် မော်ကွန်းဝင်ပုဂ္ဂိုလ်များအား ချီးမြှင့်ဂုဏ်ပြုခြင်းအား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။

 

မြန်မာနိုင်ငံတွင် မြန်မာ့လွတ်လပ်ရေးအတွက် ခေတ်အလိုက် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ၁၉၈၀ ပြည့်လွန် ကာလများကတည်းက နှစ်စဉ် လွတ်လပ်ရေးနေ့သို့ ရောက်တိုင်း ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ခဲ့ကြပါသည်။ ယင်းသည် ကောင်းသောအစဉ်အလာ ဖြစ်သော်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလများတွင် တိမ်မြုပ်သွားခဲ့ပါသည်။ ယခုဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အရပ်သားအစိုးရ လက်ထက်တွင် အဆိုပါ ချီးမြှင့်ထိုက်သော ပုဂ္ဂိုလ်များအား ပြန်လည်ချီးမြှင့်ပေးခြင်းသည် လွတ်လပ်ရေးအတွက် ပေးအပ် ထောက်ပံ့မှုများဖြစ်၍ သာဓုခေါ်ဆိုထိုက်ပါသည်။

 

လက်ရှိတွင် အသက် ၉၀ ကျော် အရွယ်ရှိနေပြီဖြစ်သော သက်ရှိထင်ရှား လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်ကြီးများမှာ မြန်မာတစ်နိုင်ငံလုံးတွင် စုစုပေါင်း ၃၀ ဦးသာ ရှိပါတော့သည်။ မြန်မာနိုင်ငံနှင့် မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အသက်ကိုပဓာနမထားဘဲ ကျရာကဏ္ဍမှ သက်စွန့်ဆံဖျား တိုက်ပွဲဝင်ခဲ့ကြသည့် အဆိုပါပုဂ္ဂိုလ် အနည်းငယ်မှာ ဂုဏ်ပြုချီးမြှင့်ထိုက်သော ပုဂ္ဂိုလ်များဖြစ်ပေသည်။

 

သို့ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ကျန်ရှိနေသေးသော လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ်များအား ခေတ်အလိုက် ချီးမြှင့်ငွေတို့နှင့် ယာဉ်၊ ဆေးရုံ၊ ရေ၊ မီး အခမဲ့အသုံးပြုခွင့်တို့ကို သင်္ဂဟတရားနှင့်အညီ ပေးအပ်ချီးမြှင့်ခဲ့ခြင်းအား လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ကြိုဆိုပါကြောင်း။