မန္တလေး ၃ ဒီဇင်ဘာ
မန္တလေးမြို့ ချမ်းမြသာစည် လေယာဉ်ကွင်းအတွင်း ဒီဇင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး သံဃာအပါး သုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် အလှူရှင်များမှ အလှူငွေ များ ပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ သည်။
အဆိုပါအခမ်းအနားသို့ သံဃာသုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရေး ဦးစီးကော်မတီ နာယက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည် အောင်နှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌ မြို့တော်ဝန် ဒေါက်တာရဲလွင်၊ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဌ ဦးစိုးလင်းနှင့် ကော်မတီ အသီးသီးမှ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သံဃာသုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် အလှူရှင်များ၏ လှူဒါန်းငွေများကို အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယက၊ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဌနှင့် တာဝန်ရှိသူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ နာယကဦးဇာနည်အောင် က အမှာစကား ပြောကြားရာတွင် ဘာသာသာသနာထွန်းကားသည့် မန္တလေးမြို့တွင် သံဃာတော်အပါး သုံးသောင်းအား တစ်နေရာတည်း၌ တစ်စုတစ်ဝေတည်း ဖူးမြော်ခွင့်နှင့် လှူဒါန်းခွင့်ရရှိကြမည့် အခမ်းအနားကြီးအား အလှူရှင်များ၏ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းမှုများဖြင့် အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါအခမ်းအနားတွင် သံဃာတော် သုံးသောင်း၏ တစ်ပြိုင်နက်တည်း ပရိတ်တရားတော်များ ရွတ်ဆိုမှုကြောင့် မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာစေရန် အတိတ်နိမိတ်ကောင်းများ ရရှိလာတော့မည်ဖြစ်သည့်အတွက် အခမ်းအနားကြီး အောင်မြင်စွာကျင်းပနိုင်ရန် ဆောင်ရွက်ပေးသူများနှင့် အလှူရှင်များ၏ လှူဒါန်းမှုသည် ဘာသာသာသနာ အကျိုးအတွက်သာမက နိုင်ငံတော်အကျိုးအတွက်ပါ အထူးကောင်းမွန်ပါကြောင်း ပြောကြားခဲ့သည်။
သံဃာသုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် ဒီဇင်ဘာ ၃ ရက်အထိ အလှူရှင်များ၏ လှူဒါန်းငွေမှာ ကျပ်သိန်းပေါင်း နှစ်ထောင့်လေးရာကိုးဆယ့်ခုနစ်သိန်း သုံးသောင်းတစ်ရာကျပ်ဖြစ်ပြီး လှူဖွယ်ပစ္စည်း တန်ဖိုးအနေဖြင့် သိန်းပေါင်း တစ်ထောင့်တစ်ရာ ခြောက်ဆယ့်ကိုးသိန်းငါးသောင်းကျပ် ရရှိပြီးဖြစ်ရာ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်းသုံးထောင့်ခြောက်ရာခြောက်ဆယ့်လေးသိန်း သုံးသောင်း တစ်ရာ ကျပ်တိတိ ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)