သံဃာတော် အပါး ၃၀၀၀၀ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေး  ၂၃   နိုဝင်ဘာ

 

မန္တလေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့မှကြီးမှူး၍ မြန်မာ-ထိုင်း ချစ်ကြည်‌ရေးသံဃာတော်အပါး (၃၀၀၀၀)ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို ယခုနှစ် ဒီဇင်ဘာ ၈ ရက်‌နေ့နံနက် ၆ နာရီတွင် ချမ်းမြသာစည်မြို့နယ် လေဆိပ်ဟောင်းနေရာ၌ ကျင်းပမည်ဖြစ်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်‌ရေးအတွက် လူငယ်လေ့ကျင့်ပညာပေးရေးနှင့် လှူဖွယ်ပစ္စည်းများ စီစဉ်ရေး ဆပ်ကော်မတီနှင့် လုပ်အားဒါနကူညီ‌ပေးကြမည့်‌ အောင်မြေသာစံမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်‌တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်ရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ အောင်မြေသာစံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က အမှာစကားပြောကြားပြီး လူငယ်လေ့ကျင့်ပညာပေးရေးနှင့် လှူဖွယ်ပစ္စည်းများ စီစဉ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးမျိုးဝင်းနိုင်က ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် လုပ်အားဒါန ပေးလှူမည့် လူမှူရေးအသင်းအဖွဲ့များ အနေဖြင့် စနစ်တကျ ပါဝင်‌ကူညီဆောင်ရွက်ပေးနိုင်ရေး၊ လုပ်ငန်းတာဝန်များ ခွဲဝေဆောင်ရွက်နိုင်ရန်အတွက် လုပ်အားဒါန‌ပေးလှူမည့် လူဦးရေစာရင်းကို တိတိကျကျ ပေးပို့ရေးနှင့် သံဃာတော်တစ်ပါးလျှင်‌ ငွေကျပ် ၃၀၀၀၀ လှူဒါန်းမည်ဖြစ်၍ ပြည်သူများက သဒ္ဓါတတ်အား နည်းများမဆို ပါဝင်လှူဒါန်းနိုင်ရေးတို့ အတွက်စီစဉ်ဆောင်ရွက် ပေးကြပါရန် ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာကြသည့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဆပ်ကော်မတီဥက္ကဋ္ဌ ဦးမျိုးဝင်းနိုင်က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

 

ထို့နောက် အောင်မြေသာစံမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များမှ လုပ်အားဒါန ပေးလှူကြမည့် သူများ၏ လူဦးရေစာရင်းကို ပေးအပ်ကြပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်စကားပြောကြားကာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

ဇော်လင်းဦး(အောင်စံ)