ရန်ကုန် ဖေဖော်ဝါရီ ၃

သံဃနာယကနှင့် ဝိနည်းဓိုရ်ဗဟိုအဆင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၀) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်ခန်းမ၌ ကျင်းပသည်။

တက်ရောက်ကြည်ညို

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် သံဃနာယက ဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

အတည်ပြုပြဋ္ဌာန်းပေး

အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ သြဝါဒကထာကို ချီးမြှင့်တော်မူရာတွင် သာသနာတော်နှစ် ၂၅၂၄၊ ခရစ်နှစ် ၁၉၈၀ ပြည့်နှစ်၊ မေလ ၂၄ ရက်မှ ၂၇ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာမဟာ ပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးဟူသော ရည်ရွယ်ချက်ဖြင့် ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေး ကြီးကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးကြီးက "သံဃာ့ကိစ္စ သံဃာ ဆောင်ရွက်" ဟူသော မူဝါဒကို ချမှတ်လျက် သံဃာ့အဖွဲ့အစည်းအခြေခံ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အတည်ပြုပြဋ္ဌာန်းပေးခဲ့ ပါကြောင်း။

အဆိုပါ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများနှင့်အညီ နိုင်ငံတော်အဆင့်တွင် နိုင်ငံတော် သြဝါဒါစရိယအဖွဲ့၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ဟု ဖွဲ့စည်း၍ အောက်ခြေအဖွဲ့အစည်းအဆင့်ဆင့်တွင် တိုင်း ဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယကအဖွဲ့တို့ကို ဖွဲ့စည်းပေးခဲ့ပြီး ဝိနည်းဓိုရ်ဆရာတော် များကိုလည်း ရွေးချယ်နိုင်ခဲ့ပါကြောင်း၊ ထိုသို့ ရွေးချယ်ဖွဲ့စည်းခဲ့သော သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့်တို့ဖြင့် သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာ ဟူသော သာသနာတော်အရေးကိစ္စကြီး (၃)ရပ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါကြောင်း။

ထို့အပြင် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် ၁၉၈၁ ခုနှစ်တွင် ဝိနည်းဓိုရ်သင်တန်းနှင့် သံဃနာယကသင်တန်းတို့ကိုလည်း ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး ထိုသင်တန်းမှပို့ချချက်များကိုစုစည်းပြီး သံဃနာယက လက်စွဲကိုပြုစု၍ အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ အခြေအနေအချိန်အခါအရ ဖြစ်ပေါ်လာသော ပြဿနာအရပ်ရပ်ကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ညွှန်ကြားလွှာများကိုလည်း ထုတ်ပြန်ပေးခဲ့ပါကြောင်း၊ ထို့အပြင် ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများကို ဖြေရှင်းဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေခြင်း ငှာ ဝိနိစ္ဆယလက်စွဲကိုလည်း အတည်ပြုထုတ်ပြန်ခဲ့ပါကြောင်း၊ ထိုသို့ ဓမ္မစက် ဖြင့် သံဃာ့အဖွဲ့အစည်းစက်ယန္တရားကြီးကို လည်ပတ်စေနိုင်ခဲ့ပါကြောင်း။

ဖတ်ရှုလေ့လာမှုမရှိ

အချို့ဝိနိစ္ဆယအမှုတွဲများ၌ ဝိနိစ္ဆယအဖွဲ့သဘာပတိ၏ မှုခင်းမှတ်တမ်း မပါရှိခြင်း၊ နောက်ဆုံးစောဒနာလွှာ၊ သောဓနာလွှာမတောင်းခံခြင်း၊ သက်သေ စုံလင်အောင် မစစ်ဆေးခြင်း စသည်တို့ကိုလည်း မကြာခဏတွေ့ရတတ်ပါ ကြောင်း၊ ဤသို့သော ဟာကွက်ပျော့ကွက်များသည် လုပ်ထုံးလုပ်နည်း စသည်တို့ကို အဖန်ဖန်အထပ်ထပ် ဖတ်ရှုလေ့လာမှုမရှိခြင်းကြောင့် ဖြစ်ကြရ ပါကြောင်း၊ ထို့အပြင် အချို့သောသံဃနာယကများသည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းလုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားလွှာများကို လေ့လာ အားထုတ်မှုနည်းပါးသဖြင့် ဘုန်းတော်ကြီးကျောင်းအဖြစ် အသိအမှတ်ပြုမှု၊ မပြုမှုတို့၌လည်းကောင်း၊ ကျောင်းထိုင်ဘုန်းကြီး တင်မြှောက်မှုတို့၌ လည်းကောင်း ပီပြင်စွာဆောင်ရွက်မှုများ မပြုလုပ်နိုင်ကြသဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ မရောက်ရှိသင့်ဘဲ ရောက်ရှိလာကြသဖြင့် ဖြေရှင်း ဆောင်ရွက်ပေးနေရသည်ကိုလည်း လေ့လာသိရှိနေရပါကြောင်း။

ဤကဲ့သို့ မလိုလားအပ်သောပြဿနာရပ်များ မပေါ်ပေါက်အောင် (သို့မဟုတ်) နည်းပါးနိုင်သမျှနည်းပါးအောင် သံဃနာယကအဖွဲ့ဝင်ဆရာတော် များ၊ ဝိနည်းဓိုရ်ဆရာတော်များ၊ လုပ်ထုံးလုပ်နည်းကျွမ်းကျင်၍ အရည်အချင်း မြင့်မားစေရန် ဤဗဟိုအဆင့် မွမ်းမံသင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချရခြင်း ဖြစ်ပါကြောင်း။

ပြန်လည်ပို့ချသင်ကြား

သံဃနာယကအဖွဲ့ဝင်ဆရာတော်များ၊ ဝိနည်းဓိုရ်ဆရာတော်များသည် မိမိတို့ဆိုင်ရာလုပ်ငန်းကိစ္စတို့၌ လိမ္မာကျွမ်းကျင်သော စူးစမ်းနှိုင်းချိန်နိုင်သည့် ဉာဏ်ပညာနှင့်ပြည့်စုံသော စီမံခန့်ခွဲရန်လည်း စွမ်းနိုင်သော အရည်အချင်းပြည့်ဝ သည့်ပုဂ္ဂိုလ်များဖြစ်လာအောင် ဤဗဟိုအဆင့် မွမ်းမံသင်တန်းမှ ပို့ချသင်ကြား ပေးသော အချက်အလက်များကို စိတ်ပါဝင်စား မှတ်သားလေ့လာတော်မူကြ၍ မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ နာယကဆရာတော်များ၊ ဝိနည်းဓိုရ် ဆရာတော်များအား ထပ်ဆင့်သင်တန်းများ ပြန်လည်ပို့ချသင်ကြားပေးတော် မူကြလျက် လုပ်ထုံးလုပ်နည်းကျွမ်းကျင်၍ အရည်အချင်းပြည့်ဝသည့် သံဃနာယကများ၊ ဝိနည်းဓိုရ်များဖြစ်လာစေရန် သာသနပြုစိတ်ဓာတ်အပြည့် အဝဖြင့် ကြိုးပမ်းဆောင်ရွက်တော်မူကြပါဟု လေးလေးနက်နက်တိုက်တွန်းပါ ကြောင်း မိန့်ကြားသည်။

ထို့နောက် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သာသနာရေး ဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သင်တန်းသို့ တက်ရောက်လာကြ သော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် သံဃနာယကဆရာတော်ကြီးများထံ သင်တန်းဆိုင်ရာစာအုပ်များနှင့် စာရေးကိရိယာများကို ဆက်ကပ်လှူဒါန်းသည်။

သတင်းစဉ်