သင်ကြားရေးအထောက်အကူပြု SMART TV များ အခြေခံပညာဦးစီးဌာနသို့ လှူဒါန်းပွဲကျင်းပ

ရန်ကုန် ၂၄ ဇန်နဝါရီ

 

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျောင်းများတွင် သင်ကြားရေးအထောက်အကူပြု SMART TV အလုံး (၁၀ဝ) လှူဒါန်းပွဲကို ဇန်နဝါရီ ၂၃ ရက်နေ့က နေပြည်တော်ရှိ ရုံးအမှတ် (၁၃)ရှိ သုံးထပ်ဆောင် ဧည့်ခန်းမတွင် ကျင်းပသည်။

 

 

အခမ်းအနားတွင် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက အလှူရှင်များ လှူဒါန်းသည့် SMART TV အလုံး (၁၀ဝ) ကိုလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။

 

အဆိုပါ SMART TV များကို မန္တလေးနည်းပညာကုမ္ပဏီ၊ အီတလီနိုင်ငံမှ Daniels ကုမ္ပဏီ၊ လူကြီးမင်းဖုန်း ကုမ္ပဏီ၊ Oiac သင်တန်းကျောင်း၊ KSP ကုမ္ပဏီတို့မှ အလှူရှင် (၁၆) ဦးတို့က လှူဒါန်းကြခြင်းဖြစ်သည်။ ယခုလှူဒါန်းသည့် SMART TV များသည် အင်တာနက်၊ ဝိုင်ဖိုင်၊ Bluetooth၊ မိုဘိုင်းဖုန်း၊ ကွန်ပျူတာ၊ Memory Strick၊ USB တိုု့ဖြင့် ချိတ်ဆက်၍ အသုံးပြုနိုင်သည့်အတွက် သင်ကြားရေးတွင် အထောက်အကူပစ္စည်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

 

ရုပ်/သံဗီဒီယိုဖိုင်များ၊ အင်တာနက်နှင့်ပညာရေးဌာနမှ သင်ခန်းစာများကို SMART TV ဖြင့် တွဲဖက်သင်ကြားပါ က များစွာအထောက်အကူပြုမည်ဖြစ်သည်။

 

သိပ္ပံဘာသာရပ်များကို သင်ကြားသည့်အခါ သင်ထောက်ကူပစ္စည်းပြည့်စုံစွာ မထောက်ပံ့ပေးနိုင်သည့်အတွက် SMART TV များကို အသုံးပြု၍ ရုပ်/သံမီဒီယာဖြင့်ပြသ သင်ကြားနိုင်မည်ဖြစ်သည်။

 

အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းရီက ပြောကြားရာတွင် အခြေခံ ပညာကျောင်းများတွင် ကွန်ပျူတာကဲ့သို့ မာတီမီဒီယာ သင်ထောက်ကူပစ္စည်းများ ပေးအပ်သည့်အခါ ပျက်စီးမည်ကို စိုးရိမ်သည့်အတွက် အသုံးပြုမှု အားနည်းကြောင်း၊ ယခု SMART TV သည် ထိန်းသိမ်းရ လွယ်ကူပြီး အသုံးပြုရလွယ်ကူသည့်အတွက် ပိုမိုအသုံးဝင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

 

အလှူရှင်တစ်ဦးဖြစ်သည့် မန္တလေးနည်းပညာကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်နိုင်က ပြောကြားရာတွင် ၂၀၁၇ခုနှစ် သြဂုတ် ၈ ရက်နေ့က မိတ္ထီလာ ဝမ်းတွင်းမြို့နယ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည့် ကျေးရွာနေပြည်သူတွေနဲ့ စကားဝိုင်း၌ ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ရွာ အခြေခံပညာမူလတန်းကျောင်းမှ ဆရာ ဦးထွန်းဝင်း၏ TV ကဲ့သို့ သင်ထောက်ကူပစ္စည်းရလျှင် များစွာအထောက်အကူပြုမည်ဟု ပြောကြားခဲ့သည့်အတွက် မန္တလေးနည်းပညာကုမ္ပဏီအနေဖြင့် သြဂုတ်  ၉ ရက်နေ့တွင် SMART TV တစ်လုံးပေးပို့လှူဒါန်းခဲ့ပါကြောင်း၊ လှူဒါန်းပြီးနောက် ဆရာဦးထွန်းဝင်းနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ SMART TV သည် သင်ကြားရေးအတွက် အလွန်အထောက်အကူပြုပါကြောင်းနှင့် အခြားကျောင်းများတွင်လည်း လှူဒါန်းပေးမည်ဆိုပါက များစွာအကျိုးရှိမည် ဖြစ်သည်ဟု ထပ်မံသိရှိခဲ့ရ သည့်အတွက် မိတ်ဆွေများနှင့် ဆက်စပ်ကုမ္ပဏီများကို နှိုးဆော်တိုက်တွန်းပြီး SMART TV အလုံး (၁၀ဝ)ကို ယခုကဲ့သို့လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် နောင်တွင်လည်း ထပ်မံလှူဒါန်းရန် အစီအစဉ်ရှိပါကြောင်း ပြောကြား သွားသည်။

 

အီတလီနိုင်ငံ Danieli ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် မြန်မာနိုင်ငံတွင် သံနှင့်သံမဏိ ထုတ်လုပ်ရေး ကဏ္ဍအတွက် လိုအပ်သည့် စက်ရုံများကို တည်ဆောက်ပေးလျက်ရှိကြောင်း၊ ထိုနည်းအတူ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍနှင့် ဖွံ့ဖြိုးရေးကဏ္ဍ အသီးသီးအတွက် အလှူငွေများလှူဒါန်းခြင်း၊ ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်းတို့ကို အစဉ်အမြဲ ဆောင်ရွက်လျက်ရှိကြောင်း၊ SMART TV များ ပါဝင်လှူဒါန်းရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ဆက်လက်လှူဒါန်းမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

 

လှူဒါန်းပွဲအပြီးတွင် SMART TVများဖြင့် လက်တွေ့သင်ကြားသရုပ်ပြသမှုကို တက်ရောက် လာကြသူများက ကြည့်ရှု ခဲ့ကြကြောင်း သိရှိရသည်။

 

အောင်သူရ