Hello ဆရာဝန် ပရိတ်သတ်ကြီး မင်္ဂလာပါ

 

ဒီတစ်ခေါက် ဆောင်းပါးမှာတော့ သင့်ရဲ့ကျောက်ကပ်ကို ဘယ်လို ကျန်းမာအောင်နေရမလဲဆိုတာ ဆွေးနွေးပေးသွားမှာပါ။ ဒီရက်ပိုင်းအတွင်းမှာပဲ ဆရာဝန်လောင်းလျာ တစ်ယောက် ကျောက်ကပ်ရောဂါ ဖြစ်တာကို Facebook မှာ တွေ့လိုက်ရမှာပါ။ ရုတ်တရက်ကြီး ထဖြစ်တတ်တာမျိုးလည်း ရှိတဲ့အတွက် ကျောက်ကပ်ကို ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ် ။

 

အရင်ဆုံး ကျောက်ကပ်ရဲ့ လုပ်ငန်းကို ရှင်းပြမှာပါ။ ခန္ဓာကိုယ်‌မှာ နေ့စဉ်လှုပ်ရှား စားသောက်နေသမျှမှာ မလိုအပ်တဲ့ မကောင်းတဲ့ဓါတ်တွေ ပါပါတယ်။  ကျောက်ကပ်က သွေးထဲကနေ ခန္ဓာကိုယ်အတွက် ကောင်းတာတွေကို စစ်ယူ၊ မကောင်းတာတွေကို ဖယ်ရှားစေပြီး ဆီးထဲကနေတစ်ဆင့် အပြင်ကို စွန့်ထုတ်ပေးပါတယ်။  ဒါ့အပြင် သွေးတိုးရောဂါ ထိန်းချုပ်ခြင်း၊ သွေးနီဥများ ပြုလုပ်ခြင်း၊ အရိုးများ သန်မာဖို့အတွက် လိုအပ်တဲ့ Vitamin D ထုတ်ခြင်းတွေမှာလည်း အရေးပါတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကျောက်ကပ်ကို ကျန်းမာစေဖို့အတွက်-

 

active ဖြစ်အောင် နေပါ

 

ပုံမှန်ကျန်းမာရေး လေ့ကျင့်ခြင်းက ကိုယ်အလေးချိန် လျှော့ချခြင်းထက်ပိုပြီး အရေးကြီးပါတယ်။ နာတာရှည် ကျောက်ကပ်ရောဂါ မဖြစ်စေဖို့အတွက်၊ နှလုံးကျန်းမာရေးနဲ့ သွေးတိုးထိန်းညှိဖို့အတွက် ပုံမှန်လေ့ကျင့်ခန်းတွေက အရေးကြီးပါတယ်။ ဒါမှသာ သင့်ရဲ့အဖိုးတန်တဲ့ ကျောက်ကပ်ကို ထိခိုက်မှု နည်းမှာ ဖြစ်ပါတယ်။

 

ဆီးချိုထိန်းခြင်း

 

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုကတော့ ကျောက်ကပ်ကို ပျက်စီးစေခြင်းပါ။ ခန္ဓာကိုယ်မှာ ပိုလျှံတဲ့ သကြားတွေကို မသုံးနိုင်တဲ့အခါ ကျောက်ကပ်က နဂိုထက် စစ်ထုတ်ခြင်းလုပ်ငန်းတွေကို ပိုလုပ်ရပါတယ်။ နှစ်နဲ့ချီပြီး အလုပ်တွေ ပိုလုပ်ရချိန်မှာတော့ ကျောက်ကပ်ထိခိုက်တတ်လာပါတယ်။ ဒါ့ကြောင့် ဆီးချိုကို ထိန်းဖို့ ကိုယ်တွင်းသကြားဓါတ် မများဖို့ လိုအပ်ပါတယ်။

 

သွေးတိုးထိန်းပါ

 

သွေးတိုးရောဂါကလည်း မထိန်းနိုင်ရင် ‌ကျောက်ကပ်ကိုပါ ထိခိုက်စေတတ်ပါတယ်။ အထူးသဖြင့် သွေးတိုးခြင်း၊ ဆီးချိုရောဂါနဲ့ ‌သွေးတွင်းအဆီဓါတ်များခြင်း စတဲ့ရောဂါသုံးခု ပေါင်းစပ်လိုက်ရင်တော့ ကျောက်ကပ်ကို ထိခိုက်မှုပိုပြီး ကြီးမားပါတယ်။ ဒါ့ကြောင့် သွေးတိုးရောဂါကို ထိန်းဖို့ သွေးမတိုးအောင် ကာကွယ်ဖို့ လိုအပ်ပါတယ်။

 

ရေများများသောက်ခြင်း

 

ရေများများသောက်ခြင်းက အဆိပ်တွေ Sodium ဆားဓါတ်တွေကို ကျောက်ကပ်ကနေ ဖယ်ရှားပေးပါတယ်။ ဒါ့ကြောင့် နာတာရှည် ကျောက်ကပ်ရောဂါတွေကို မဖြစ်အောင် တားဆီပေးတဲ့ နည်းလမ်းတစ်ခုပါ။ တစ်နေ့ကို ရေတစ်လီတာခွဲ ကနေ နှစ်လီတာလောက်အထိ သောက်သုံးသင့်ပါတယ်။

 

ဆေးလိပ်ဖြတ်ပါ

 

ဆေးလိပ်သောက်ခြင်းက ခန္ဓာကိုယ်ရဲ့ သွေးကြောတွေကို ထိခိုက်ပျက်စီးစေပါတယ်။ ‌ဒါ့ကြောင့် ကျောက်ကပ်ဆီ‌ သွားတဲ့သွေးကြောတွေ ထိခိုက်မိပြီး ကျောက်ကပ်ကို သွေးအရောက် နည်းသွားပါတယ်။ ရလဒ်အနေနဲ့ ကျောက်ကပ်ကို ပျက်စီးတတ်ပါတယ်။

 

နောက်တစ်ချက်ကတော့ ဆေးလိပ်သောက်ခြင်းက ကင်ဆာဖြစ်စေတတ်ခြင်းပါ။ ဆီးလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ ကင်ဆာတွေမှာ ဆေးလိပ်ရဲ့သက်ရောက်မှုကြီးပါတယ်။ ဒါ့ကြောင့် ကျောက်ကပ်ဝေဒနာ မခံစားရအောင် ဆေးလိပ်တတ်နိုင်သမျှ မသောက်ဖို့ အရေးကြီးပါတယ်။

ဒါ့အပြင်

  • အသက် ၆၀ကျော် သက်ကြီးရွယ်အိုများ
  • မွေးဖွားစဉ် ပေါင်ချိန်မပြည့်သူများ
  • ကိုယ်တိုင် သို့မဟုတ် မျိုးရိုးထဲ နှလုံးသွေးကြောရောဂါနှင့် သွေးတိုးရောဂါရှိသူများ
  • အဝလွန်သူများ
  • ကျောက်ကပ်ထိခိုက်ဖူးသူများ

အဆိုပါ လူတွေကကတော့ ကျောက်ကပ်ပျက်စီးနိုင်ချေများတဲ့ risk person တွေ ဖြစ်တဲ့အတွက် ကျောက်ကပ် ကောင်းမကောင်း ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ကြောင်း အကြံပြုလိုက်ရပါတယ်။

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ

ရေးသားသူ – Dr.Aung Kyaw Myint

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win