အခုခေတ်လို စမတ်ဖုန်းတွေ၊ တယ်လီဗေးရှင်းတွေ အရမ်းအားကောင်းလာတဲ့ အချိန် မျိုးမှာ ကလေးတွေ ငယ်ငယ်လေးနဲ့ မျက်စိအားနည်းလာတာတွေ့ရပါတယ်။ တချို့ဆို မူလတန်းအရွယ်ကတည်းကတောင် မျက်မှန်စတပ်လာရပါတယ်။ အနီးမှုန်၊ အဝေးမှုန်ဖြစ်တာကို မျက်မှန်တပ်ပြီး ကြည့်ရအဆင်ပြေအောင် လုပ်နိုင်ပေမယ့် ကလေးရဲ့မျက်လုံးအားနည်းနေပြီလား ဆိုတာကို ဘယ်လိုသိနိုင်ပါမလဲ။ အခုပြောပြ ပေးမယ့် အချက်လေးတွေကို သတိထားကြည့်ပြီး မိမိကလေးမှာ မျက်စိပြဿနာ တစ်ခုခုရှိနေသလား ဆိုတာကို အကြမ်းဖျင်းဆန်းစစ်နိုင်မှာပါ။

 

၁ – တစ်ခုခုကိုကြည့်ရင် မျက်လုံးမှေးကြည့်ရတယ်

 

တစ်ခုခုကိုကြည့်လို့သိပ်ကောင်းကောင်းမမြင်ရရင် မျက်လုံးမှေးကြည့်ဖူးပါသလား။ ကလေးတွေလည်း ဒီလိုပါပဲ။ သူတို့တစ်ခုခုကိုကြည့်လို့ ရှင်းရှင်းလင်းလင်းမမြင်ရတဲ့အခါ မျက်လုံးကို အတင်းမှေးပြီး ကြည့်တတ်ကြပါတယ်။ ဒီလိုမှေးကြည့်လိုက်တဲ့အတွက် မျက်လုံးထဲကိုအလင်းတွေပိုစုဝင်သွားပြီး ပို ရှင်းရှင်းလင်းလင်း မြင်ရစေပါတယ်။ ကလေးတစ်ယောက် စာဖတ်ရင်ဖြစ်ဖြစ်၊ တစ်ခုခုကို ကြည့်တဲ့ အခါဖြစ်ဖြစ် မျက်စိကိုအတင်းမှေးကြည့်နေရင် သူ့ရဲ့အမြင်အာရုံသိပ်မကောင်းလို့ဖြစ်နိုင်ပါတယ်။

 

၂ – ခေါင်းစောင်းပြီးကြည့်တတ်တယ်

 

ခေါင်းစောင်းပြီးကြည့်ရတယ်ဆိုတာ မျက်လုံးကြွက်သားမညီမျှလို့ ဒါမှမဟုတ် မျက်ကြောသေနေလို့ လည်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေကျပြန်တော့လည်း အပေါ်မျက်ခွံက အောက်ကိုတွဲကျနေတဲ့ အတွက် အမြင်အာရုံမကွယ်အောင် ခေါင်းကိုစောင်းပြီးကြည့်တာမျိုး ရှိတတ်ပါတယ်။ မျက်လုံးက ပုံရိပ် ၂ ထပ်ဖြစ်နေတဲ့ အခြေအနေမျိုးမှာဆိုလည်း ဒီလိုပုံစံနဲ့ကြည့်တတ်တာမို့ ကလေးခေါင်းစောင်းနေရင် သေချာစစ်ဆေးကြည့်ဖို့လိုမယ်နော်။

 

၃ – တီဗီကိုအရမ်းကပ်ကြည့်တယ်

 

တီဗီ၊ တက်ဘလက်တွေမှာ ကျယ်ပြန့်တဲ့မျက်နှာပြင်ပါဝင်တဲ့အတွက် ခပ်လှမ်းလှမ်းကနေတောင် အဆင်ပြေပြေ ကြည့်နိုင်ပါတယ်။ ဒါပေမဲ့သင့်ကလေးက အနီးကပ်ကြည့်မှမြင်ရတယ်၊ အားရတယ် ဆိုရင်တော့ အဝေးမှုန်နေတာဖြစ်နိုင်ပါတယ်။ သေချာသိရအောင် မျက်စိဆရာဝန်နဲ့ ပြသပြီး စစ်ဆေးကြည့်သင့်ပါတယ်။

 

၄ – စာဖတ်ရင် ဖြောင့်ဖြောင့်ဖတ်ဖို့ အခက်အခဲရှိတယ်

 

ကလေးမှာ ဒီပြဿနာရှိမရှိ လွယ်လွယ်သိနိုင်မယ့် နည်းတစ်ခုရှိပါတယ်။ စာကို အသံထွက် ဖတ်ခိုင်းလိုက်ပါ။ ဖတ်နေရင်း စာကြောင်းကျော်သွားရင် ဒါမှမဟုတ် ဘယ်နားကို ဖတ်နေမှန်းမသိဘဲ ရပ်သွားရင် စာကိုအတန်းလိုက်ဖတ်ဖို့ အခက်အခဲရှိတာကြောင့်ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် မျက်လုံးသူငယ်အိမ်စောင်းနေတဲ့ကလေးငယ်တွေမှာ ဒီလိုပြဿနာကြုံရတတ်ပါတယ်။

 

၅ – စာဖတ်ရင်၊ တီဗီကြည့်ရင် မျက်လုံးတစ်ဖက်ကိုလက်နဲ့အုပ်ထားတတ်တယ်

 

ဒါကတော့ နည်းနည်းသိသာပါတယ်။ အားနည်းနေတဲ့မျက်လုံးတစ်ဖက်ဖက်ကို အုပ်ထားပြီးကြည့်ရင် ပိုအဆင်ပြေတဲ့အတွက်ဒီလိုလုပ်တာပါ။ မျက်လုံးတစ်ဖက်တည်းအားနည်းတဲ့ပြဿနာကို အချိန်မှီ မကုသဘဲထားရင် ကြာလာရင် ကလေးငယ်မျက်စိစွေသွားနိုင်တာမို့ မပေါ့ဆသင့်ပါဘူး။

 

၆ – မျက်လုံးခဏခဏပွတ်တယ်

 

အိပ်ချင်လို့မျက်လုံးပွတ်တာ၊ မျက်လုံးယားလို့ ပွတ်တာမျိုးက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ တခြားမျက်လုံး ပြဿနာတစ်ခုခုရှိလို့ ပွတ်တာမျိုးဆိုရင်တော့ သတိထားသင့်ပါတယ်။ ဥပမာပြောရရင် လေထုထဲမှာပါလာတဲ့ ဝတ်မှုန်တစ်မျိုးမျိုးနဲ့ ဓာတ်မတည့်တဲ့အခါမှာ မျက်မြှေးရောင်တတ်ပါတယ်။ မျက်မြှေးရောင်တာကြောင့် မျက်လုံးနီရဲပြီး အယားသက်သာအောင်ခဏခဏပွတ်ရတတ်ပါတယ်။

 

၇ – ခဏခဏ ခေါင်းကိုက်တယ်

 

မျက်စိအားနည်းလို့ ခဏခဏခေါင်းကိုက်တာကိုတော့ အနီးမှုန်ပြဿနာရှိတဲ့ကလေးတွေမှာ ပိုအတွေ့များပါတယ်။ ဒါဘာလို့ဖြစ်ရသလဲဆိုရင် အနီးကပ်မြင်ကွင်းတွေမှာ ရှင်းရှင်းလင်းလင်း မမြင်ရတဲ့အတွက် မျက်လုံးကပိုအားစိုက်အလုပ်လုပ်ရလို့ပဲဖြစ်ပါတယ်။

 

ရေးသားသူ – Dr.Htoo Tint

 

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”