ကွေး ၁၂ ဧပြီ     

 

မကွေးမြို့တွင် သင်္ကြန်အကြိုနေ့ ဧပြီလ ၁၂ ရက်တွင် မြို့ပေါ်လမ်းမကြီးများဖြစ်သည့် ဗိုလ်ချုပ်လမ်း၊ ပြည်တော်သာလမ်း၊ အထက (၁) လမ်း၊ နတ်မောက်လမ်း၊ တောင်တွင်းလမ်းမကြီးများနှင့် ရပ်ကွက်လမ်းများပေါ်တွင် ပြည်သူများသွားလာမှု လျော့နည်းသွားသည်ကို တွေ့ရသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ရှိနေပြီဖြစ်သော်လည်း မကွေးမြို့တွင် ယမန်နေ့အထိ ပုံမှန်သွားလာနေမှုများ ရှိနေခဲ့သည်။ ဧပြီ ၁၁ နေ့ ညပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာချက်များအရ ပိုးတွေ့ရှိလူနာ (၃၈)ဦး ရှိပြီဖြစ်ကြောင်း ကြေညာပြီးနောက် ယနေ့နံနက်ပိုင်းမှ စတင်ကာ ပြည်သူများ၏ သွားလာလှုပ်ရှားနေမှုမှာ သိသိသာသာ လျော့နည်းသွားခြင်းဖြစ်သည်။


    
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် မကွေးမြို့တွင်ပေါ်ရှိ ဈေးများအနက် မြို့မဈေး၊ ကန်သာဈေးနှင့် ရန်ပယ်ဈေးများကို ဧပြီလ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ ယာယီဈေးပိတ်ထားရှိပြီး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အထောက်အကူ ဖြစ်စေရန်အတွက် အဆိုပါဈေးများ ယာယီပိတ်ထားချိန်တွင် ဈေးသန့်ရှင်းရေး ကောင်းမွန်အောင် စီမံ ဆောင်ရွက်ခြင်း၊ ပိုသတ်ဆေး စနစ်တကျဖြန်းခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေေရးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်ရာတွင် အစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ရပ်ကွက်/ကျေးရွာနေ ပြည်သူများအနေဖြင့် ပူးပေါင်း လုပ်ဆောင်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲတို့၏ ညွှန်ကြားချက်၊ အကြံပေး ချက်များနှင့် အမိန့်ကြေညာစာများကို လိုက်နာဆောင်ရွက်ကြရန် နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)