မကွေး ဧပြီ ၁၄
မြန်မာနိုင်ငံ၏ အလယ်ပိုင်းရှိ မကွေးမြို့တွင် ပြည်သူများ ကိုယ်စိတ်နှလုံး ပျော်ရွှင်အေးချမ်းစွာ ရေကစားနိုင်ရန် လမ်းလျှောက်မဟာသင်္ကြန် အတာရေသဘင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ပြည်သူတို့သည် နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့်ဆေးကြောရင်း မကွေးမြို့ လမ်းလျှောက်သင်္ကြန်တွင် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိပြီး ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာန မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များကလည်း သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေခြင်း၊ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်တွဲဖက်၍ တေးသံရှင်များက တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေခဲ့ကြသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာသနပ်ခါး လိမ်းခြယ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်းနှင့် မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းစွာ ရေကစားနိုင်ပြီး စတုဒိသာအကျွေးအမွေးများကိုလည်း ဌာနဆိုင်ရာများနှင့် အလှူရှင် ပြည်သူများမှ သင်္ကြန်ကာလတစ်လျှောက် ကျွေးမွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့တွင် မကွေးမြို့ လမ်းလျှောက်သင်္ကြန်သို့ လာရောက်ပါဝင်ဆင်နွှဲကြသည့် ပြည်သူ ၁၅၀၀၀ ကျော်ရှိကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


