နေပြည်တော် ဧပြီ ၁၅
၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများ ချစ်ကြည်ရင်နှီးစွာဖြင့် ပျော်ရွှင်မှုရရှိစေရန်နှင့် သင်္ကြန်ကာလကို ပိုမိုပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန် ရည်ရွယ်၍ ယခုနှစ်တွင် နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ထည့်သွင်း ကျင်းပပေးလျက်ရှိသည်။
အဆိုပါလမ်းလျှောက်သင်္ကြန်ကို ပျဉ်းမနား - တောင်ညိုလမ်းပေါ်ရှိ နေပြည်တော် မြို့ တော်ဝန် မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ ဇုန်လေးဇုန် သက်မှတ်ပြီး ကျင်းပ လျက်ရှိရာ လာရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
“ ဒီနေ့က အရင်နေ့တွေထက် ဇုန်လေးဇုန်မှာ လူတွေပြည့်နေတာကို တွေ့ရပါတယ်။ လာရောက်လည်ပတ်ကြတဲ့သူတွေက လမ်းလျှောက်သင်္ကြန်မှာပါဝင်တဲ့ အစီအစဉ် အားလုံးကို သိရှိပြီး ဒီနေ့တစ်နေ့လုံး ပါဝင်ဆင်နွှဲကြတဲ့သူတွေလည်း ရှိပါတယ်။ သင်္ကြန် အတက်နေ့မှာ ထူးခြားတဲ့အစီအစဉ်အဖြစ် လမ်းလျှောက်သင်္ကြန်အတွင်းမှာရှိတဲ့ ဇုန်လေး ဇုန်မှာ နိုင်ငံကျော် အနုပညာရှင်များနဲ့ တေးသံရှင်များက သီဆိုဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။ သင်္ကြန်အတက်နေ့ကို လမ်းလျှောက်သင်္ကြန်မှာ လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု Brilliant Aura Co., Ltd မှ Business Development Directro ဒေါ်ဆုမြတ်လွင်က ပြောသည်။
လမ်းလျှောက်သင်္ကြန်ရှိ သနပ်ခါးသင်္ကြန်ဇုန်တွင် မြန်မာ့ရိုးရာ သနပ်ခါးကို တိုင်းရင်းသား လူမျိုးပေါင်းစုံ နှစ်ခြိုက်စွာ လိမ်းခြယ်၍ တစ်ဦးနှင့်တစ်ဦး ပျော်ရွှင်စွာ နောက်ပြောင်နေကြသည့် ချစ်စရာ ဓလေ့တစ်ခုကိုလည်း တွေ့ရသည်။

အလားတူ တိုင်းရင်းသားသင်္ကြန်ဇုန်တွင်လည်း ဖျော်ဖြေရေးအစီအစဉ်များ၌ ပြည်သူများ ပါဝင်ဆင်နွှဲနိုင်သည့်အပြင် တိုင်းရင်းလူမျိုးပေါင်းစုံနှင့်အတူ ရေပက်ကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။
ထို့အတူ လမ်းလျှောက်သင်္ကြန်အတွင်းရှိ မဏ္ဍပ်များတွင် နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များက DJ, Music Band များနှင့်တွဲဖက်၍ ပရိတ်သတ်အကြိုက် တေးသီချင်းများ ကို သီဆိုဖျော်ဖြေကြသည့်အပြင် ဝန်ကြီးဌာနများမှ သင်္ကြန်ယိမ်းအဖွဲ့များကလည်း သင်္ကြန် တေးသီချင်းများဖြင့် ညီညီညာညာ ယိမ်းနွဲ့ကပြဖျော် ဖြေပေးကြပြီး မဏ္ဍပ်များက ပက်ဖျန်း လိုက်သည့် အတာရေအကြားတွင် ပြည်သူများက သီချင်းသံစဉ်စည်းချက်များနှင့်အညီ လိုက်ပါယိမ်းနွဲ့၍ ကခုန်ပျော်ရွှင်စွာ တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည့် မြင်ကွင်းကိုလည်း တွေ့ရသည်။
ထို့ပြင် လူငယ်များနှင့် ကလေးများအတွက် အဓိကထားသည့် ဇုန်တွင် Colour Party, Foam Party ဂိမ်းအစီအစဉ်များ၊ လူကြီးများ၊ ကလေးများ ပါဝင်ဆော့ကစားနိုင်သည့် ရေလွှာ လျှောစီးနှင့် ကလေးငယ်များအတွက် ပျော့အိ ကစားကွင်းများတွင်လည်း ပြည်သူများပျော်ရွှင် အေးချမ်းစွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

လမ်းလျှောက်သင်္ကြန်အတွင်းသို့ လာရောက်လည်ပတ်ကြသူများ အစားအသောက် အခက်အခဲ မရှိစေရန် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည့် ဆိုင်ခန်းများ အပြင် စတုဒိသာမဏ္ဍပ်များက ကျွေးမွေးသည့် စုံလင်လှသော မြန်မာ့ရိုးရာအစားအစာ များကိုလည်း အားပါးတရ နှစ်ခြိုက်စွာ သုံးဆောင်နေကြသည့် မြင်ကွင်းကလည်း မြန်မာတို့၏ ချစ်စရာဓလေ့ကို စိတ်ကြည်နူးစွာ မြင်တွေ့ရသည်မှာလည်း စိတ်ချမ်းမြေ့ဖွယ်ရာ ကောင်းလှသည်။
နေပြည်တော်လမ်းလျှောက်သင်္ကြန်အတွင်း ပြည်သူများ ရေကစားနေစဉ် ကျန်းမာရေးကိစ္စ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အရေပေါ် ကုသစောင့်ရှောက်ပေးနိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှ ဆေးခန်းများကိုလည်း ဖွင့်လှစ်ထားသည်ကိုလည်း တွေ့ရသည်။
လမ်းလျှောက်သင်္ကြန်တွင် ထူးခြားဆန်းသစ်သည့် အစီအစဉ်တစ်ခုအဖြစ် ခေတ်လေး ခေတ် သင်္ကြန်ပွဲဆင်နွှဲခဲ့မှုများကို အလှပြယာဉ်မျာဖြင့် သရုပ်ဖော်ပြသမှုသည် မြန်မာ့ရိုးရာ အတာသင်္ကြန်၏ သမိုင်းကြောင်းကို လေ့လာမြင်တွေ့ခွင့်ရရှိခဲ့သလို အသိမြင် ဗဟုသုတများစွာလည်း တိုးပွားစေသည့် မြင်ကွင်းကိုလည်း တွေ့ရသည်။
နေပြည်တော်လမ်းလျှောက်သင်္ကြန်အတွင်း ပြည်သူများ အေးချမ်းပျော်ရွှင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ကြစေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူများ၏ လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့များကလည်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ယာဉ်ကြောရှင်းလင်းခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် နေပြည်တော်လမ်းလျှောက်သင်္ကြန်သို့ လာရောက်ပါဝင်ဆင်နွှဲကြသည့် ပြည်သူ (၂၀၀၀၀) ခန့် ရှိကြောင်း သိရသည်။
သတင်း-လုလင်ငယ်
ဓာတ်ပုံ-ကိုကြီးထိန်း
