မန္တလေး  ၂၀  ဧပြီ

 

မန္တလေးမြို့ရှိ ကွမ်းဈေးကွက်တွင် သင်္ကြန်အပြီး မိုးကြိုကာလရာသီ၌ မိုးခေါင်မှုကြောင့် အထွက်နှုန်းနည်းပါးကာ ကွမ်းရွက်ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာကြောင်း ကွမ်းဖြန့်ချိရေးဆိုင်များမှ သိရသည်။

 

ကွမ်းဈေးကွက်တွင်  သင်္ကြန်မတိုင်မီ ကာလများ၌ ကွမ်းရွက်တစ်ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အတွင်း၌သာ ပုံမှန်ရှိခဲ့ရာမှ သင်္ကြန်မိုးရွာသွန်းမှုမရှိသည့် ယခုနှစ် ဧပြီလဆန်းမှစ၍ ကွမ်းရွက်ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက် လာကာ ယနေ့ ဧပြီ ၂၀ ရက်တွင်  အရည်အသွေး အကောင်းဆုံးဖြစ်သည့် ရေဦးမြို့နယ်မှထွက်ရှိသည့် ကွမ်းရွက် တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ နှုန်းအထိ မြင့်တက်လျက်ရှိကြောင်း မန္တလေးမြို့ ဈေးချိုအနီး ဖွင့်လှစ်ထားသည့် ရန်ကင်းကွမ်းရွက် ဖြန့်ချိရေးအရောင်းဆိုင်မှ ကိုကျော်သင်းက ပြောသည်။

 

“ဒီ ဧပြီလထဲမှာတော့ ကွမ်းရွက်ဈေးက မငြိမ်ဘူး။ တစ်ရက်တစ်ဈေးနဲ့ အတက်ဘက်ကို ဦးတည်နေတယ်။ သင်္ကြန်မတိုင်ခင်ကာလနဲ့ နှိုင်းယှဉ်ရင် တစ်ပိဿာကို ၁၀၀၀ နဲ့ ၁၅၀၀ လောက် ဈေးတက်သွားတယ်။ ကွမ်းစိုက် တောင်သူတွေက အခုလို မိုးကြိုကာလမှာ မိုးကိုမျှော်ကိုးပြီး ကွမ်းပင်ကို သက်တမ်းတိုးတဲ့အနေနဲ့ အရွက်ကိုမခူးဘဲ အပင်သက်တမ်းရှည်အောင် ပြုစုတဲ့ကာလဖြစ်တဲ့အတွက် ကွမ်းရွက်အထွက်နည်းတယ်။ ဒါကြောင့် အထွက်နည်းတော့ ဈေးလည်း မြင့်တက်လာတယ်ပေါ့။ COVID-19  ရောဂါ အခြေအနေကြောင့် ကွမ်းဈေးနှုန်းကို မထိခိုက်ပေမယ့် ကွမ်းခြံရှိတဲ့ရွာတွေထဲကို အဝင်အထွက် ခက်ခဲတဲ့အတွက် ပစ္စည်းတင်ပို့မှု လျော့ကျသွားတာကြောင့် ရောင်းအားလည်း ပုံမှန်ထက်တော့ ထက်ဝက်လောက် ကျဆင်းသွားပါတယ်”ဟု ၎င်းက ပြောသည်။

 

ကွမ်းစိုက်တောင်သူများအနေဖြင့် ယခုလို ဧပြီနှင့် မေလများတွင် ရင့်ရော်နေသည့် ကွမ်းရွက်များအား ခြွေချ၍ ရွက်သစ်များ ထွက်လာစေရန် ကွမ်းပင်အား ပြုစုပျိုးထောင်သည့် ကာလဖြစ်သည့်အပြင် ယခုလို ကာလတွင် မိုးခေါင်ပါက ပင်စည်အားနည်းသွားကာ ကွမ်းအထွက်နှုန်း လျော့ကျသွားလေ့ရှိကြောင်းနှင့် ကွမ်းပင်သည် အေးသောရာသီကို နှစ်သက်ခြင်းမရှိသည့်အတွက် နိုဝင်ဘာလမှ ဇန်နဝါရီလအတွင်း ဆောင်းရာသီကာလများတွင် ကွမ်းအထွက်နည်းပါးပြီး ဈေးနှုန်းများမှာလည်း အမြင့်ဆုံးသို့ ရောက်ရှိတတ်ကြောင်း ပုသိမ်ကြီးမြို့နယ် နန္ဒာမြောက်ရွာမှ ကွမ်းစိုက်တောင်သူ ဦးမိုးကျော်က ပြောသည်။

 

မန္တလေးမြို့ရှိ ကွမ်းဖြန့်ချိရေးဆိုင်ကြီးများမှ မတ္တရာ၊ ကျောက်ဆည်၊ ရေဦး၊ တန့်ဆည်၊ ရွှေဘို စသည့်မြိုနယ်များမှ စိုက်ပျိုးထွက်ရှိသည့် ကွမ်းများအား အထက်မြန်မာနိုင်ငံ မြို့ကြီးများသို့ တစ်ဆင့်ဖြန့်ချိရောင်းချပေးလျက်ရှိပြီး ရေဦးနှင့် တန့်ဆည်မြို့နယ်များမှ ထွက်ရှိသည့် ကွမ်းရွက်များမှာ ဈေးကွက်တွင် အကောင်းဆုံးဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)