ညောင်ဦး       ဧပြီ        ၁၅

ပူပြင်းခြောက်သွေ့သော နွေရာသီကာလသို့ ရောက်ရှိလာမှုနှင့် အတူ မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလ အတွင်း မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ်၌ ကျေးလက်နေပြည်သူများ သောက်သုံးရေအခက်အခဲများ ကြုံတွေ့ နေရကြောင်း သိရသဖြင့် ဧပြီ ၁၅ ရက် နံနက် နာရီက ညောင်ဦးမြို့ မြင့်မြတ်သူ စေတနာ သွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ ပရဟိတအသင်းသားများက  သောက်သုံးရေ အခက်ကြုံ နေသည့် ညောင်ဦးမြို့နယ် ကန်စောက်ကျေးရွာနှင့် ထနောင်းဝန်း()ကျေးရွာမှ ဒေသခံပြည်သူများထံ ရေသယ် ယာဉ်ဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ သင်္ကြန်ကာလအတွင်း ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရေသယ် ယာဉ်ဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးရာတွင် ညောင်ဦးမြို့ မြင့်မြတ်သူစေတနာသွေးလှူရှင်နှင့် လူနာတင် ယာဉ်ကူညီမှုအသင်းမှ ဦးအောင်ငြိမ်း ဦးဆောင်သော ပရဟိတအသင်းသားများ စုပေါင်းအဖွဲ့က ညောင်ဦးမြို့နယ် ကန်စောက်ကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၂၀၀ ထနောင်းဝန်း()ကျေးရွာ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၀၀၀  စုစုပေါင်း ရေဂါလန် ၆၂၀၀ အား အိမ်ထောင်စု လူဦးရေအလိုက် စနစ်တကျ ခွဲဝေလှူဒါန်းပေးကြသည်။

မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကာလ၌ အညာကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစေရန်အတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များက ရေသယ်ယာဉ် များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးမှုကြောင့် ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။  

ရဲဝင်းနိုင်(ညောင်ဦး)