သင်္ကြန်ကာလအတွင်း မြိတ်ကျွန်းစုရှိ စမတ်ကျွန်းနှင့် လေးကျွန်းသို့ လာရောက်လည်ပတ်အပန်းဖြေသူ ခရီးသွားဧည့်သည်များ ယခင်နှစ်ကထက် ပိုမိုများပြား

မြိတ် ၁၆ ဧပြီ

 

၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ကာလတွင် မြိတ်ကျွန်းစုရှိ  ကျွန်းများသို့ အပန်းဖြေ ခရီးသွားသင်္ကြန်အဖြစ် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်ကြပြီး မြိတ်ဆိပ်ကမ်း၌ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့ နံနက်ပိုင်းက လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ပြီး စမတ်ကျွန်းနှင့် လေးကျွန်းသို့ သွားရောက်လည်ပတ်သူ များပြားခဲ့ကြောင်း သိရသည်။

 

သင်္ကြန်အတက်နေ့တွင် မြိတ်ကျွန်းစု ကျွန်းအပန်းဖြေ ခရီးသွားလုပ်ငန်းများမှ Speed Boat အစီးရေ ၃၀ ဖြင့် ခရီးသွားဧည့်သည်များ သွားရောက်လိုသည့် ကျွန်းများကို ပို့ဆောင်ပေးခဲ့ကြပြီး တစ်ကျွန်း ခရီးစဉ်အဖြစ် လူ(၂၀ဝ)ခန့်ဆံ့ Air Con Speed Boat အမြန်ရေယာဉ်အကြီးဖြင့် စမတ်ကျွန်းခရီးစဉ်နှင့် လေးကျွန်းခရီးခရီးစဉ်များ ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

 

mdn

 

Speed Boat များ၌ ဝန်ပိုမတင်ရေး၊ အသက်ကယ်အင်္ကျီနှင့် ဆေးသေတ္တာများ ယူဆောင်ရေးတို့ကို အဓိကထားဆောင်ရွက်ခဲ့ကြပြီး Speed Boat များအနေဖြင့် မြိတ်ဆိပ်ကမ်းမှ အပန်းဖြေမည့် ကျွန်းများသို့ ပို့ဆောင်ထွက်ခွာခဲ့ကြရာ ခရီးသွားဧည့်သည်များ မြိတ်ဆိပ်ကမ်းမှ လှေပေါ်တက်ဆင်း အန္တရာယ်ကင်းရှင်းအောင် ခရီးသွား Speed Boat များ ကြီးကြပ်ရေးကော်မတီမှ  စနစ်တကျ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

 

mdn

 

သင်္ကြန်ကာလတွင် လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များသည် ယခင်နှစ်ကထက်  ပိုမို လည်ပတ်လာကြပြီး  သင်္ကြန်မတိုင်မီကပင် ကြိုတင်မှာယူမှု များပြားခဲ့ကြောင်း၊ သင်္ကြန်ကာလအတွင်း နေ့စဉ် ကျွန်းများသို့ သွားရောက်လည်ပတ်သူ  ခရီးသွားဧည့်သည် (၁၀ဝ၀)ကျော်ရှိပြီး သင်္ကြန်အကျနေ့တွင် ပိုမိုများပြားခဲ့ကြောင်း မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

mdn

 

မြိတ်ကျွန်းစုတွင် ကျွန်းအပန်းဖြေ ခရီးသွားရောက်နိုင်သည့် ကျွန်းများမှာ လေးကျွန်း၊ ဒုံးကျွန်း၊ ဒုံးရေတံခွန်၊ နတ်သမီး ရေတွင်းကျွန်း၊ စမတ်ကျွန်း၊ တောင်ပံကြီးကျွန်း၊ လိပ်ဥစောင်ကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဓနသိဒ္ဓိကျွန်း၊ သဲနက်တန်း (နှစ်ဖက်လှ) ကျွန်း၊ ဒုံးညောင်မှိုင်းကျွန်း စသောကျွန်းများ ရှိရာ သင်္ကြန်ကာလတွင် ကျွန်းအပန်းဖြေ ခရီးသွားသင်္ကြန်အဖြစ် စမတ်ကျွန်းနှင့်လေးကျွန်း ခရီးစဉ်ကို ပိုမို သွားရောက်ခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ ဆက်)

 

mdn