နေပြည်တော် ဧပြီ ၁၄

နိုင်ငံတော်အစိုးရအနေဖြင့် CRPH ၊  NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက  ပြည်သူလူထုကို  လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် နိုင်ငံတော်အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုပိုင် အဆောက်အအုံများကို  အကြောင်းမဲ့ ဖောက်ခွဲဖျက်ဆီးခြင်း၊ သင်္ကြန်ကာလအတွင်း အပြစ်မဲ့ပြည်သူများကို ထိတ်လန့်ကြောက်ရွံ့ စေရန် ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များကို ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ် ဖမ်းဆီးခြင်းများ  နေ့/ညမပြတ်  ဆောင်ရွက်လျက် ရှိသည်။

ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၁ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဆရာစံရပ်ကွက် ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု(၁) လမ်းထောင့် မြန်မာပလာဇာ မြေညီထပ် ရှိ Harry’s Bar ဝင်/ထွက်ပေါက်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် တရားခံများကို  အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဧပြီ ၁၃ ရက် နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး  တာမွေမြို့ နယ် နတ်မောက်ရပ်ကွက် ဖိုးစိန်လမ်းတွင် မသင်္ကာဖွယ် လူသုံးဦးကို တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရန် ရပ်တန့်ခိုင်းစဉ် ၎င်းတို့က  အသင့်ယူဆောင်လာသော သေနတ်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြန်လည်ပစ်ခတ် ထွက်ပြေးသွားခဲ့ကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများကို လိုက်လံပစ်ခတ် ဖမ်းဆီးခဲ့ရာ ခန့်ကြည်သာ  (၂၅) နှစ်၊ ဟိန်းထက်နိုင် (၁၇) နှစ်နှင့် တင့်ထူးနိုင် (ခ) ဂူးဂူး (၁၈) နှစ်တို့  သုံးဦးကို Sig Sauer အမျိုးအစား ပစ္စတိုနှစ်လက်၊ ကျည်အိမ်နှစ်ခု၊  ၉ မမကျည် ၁၆ တောင့်၊ လက်ပစ်ဗုံး သုံးလုံးတို့နှင့်အတူ ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊  ဒဏ်ရာရရှိထားသော  တရားခံ တင့်ထူးနိုင် (ခ) ဂူးဂူးကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်စဉ်ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိ တရားခံ ဟိန်းထက်နိုင်၏ ထွက်ဆိုချက်အရ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် သီတာလမ်းသွယ် (၅) ရှိ  ၎င်း၏နေအိမ်၌ လက်လုပ်မိုင်းများ သိမ်းဆည်းထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ Remote လက်လုပ် မိုင်းသုံးလုံးကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံနှစ်ဦးကို  Sig Sauer  အမျိုးအစား ပစ္စတိုနှစ်လက်၊ ကျည်အိမ်နှစ်ခု၊ ၉ မမကျည် ၁၆ တောင့်၊ လက်ပစ်ဗုံး သုံးလုံး၊ Remote လက်လုပ် မိုင်း  သုံးလုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

mdn

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ  ဟိန်းထက်နိုင်သည်  အစ်မဖြစ်သူ ဖမ်းဆီးရန်ကျန်  တရားခံ  ဟန်နီဝင်းနှင့် အတူ KNLA တပ်မဟာ(၇)၊ ရင်း (၁၀၁) ၌ ဧပြီလတွင် တစ်ကြိမ်၊ ဇွန်လတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက် အရ CRPH ၊ NUG  အကြမ်းဖက်အဖွဲ့ များ၏ စေခိုင်းမှုဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် မဟာသင်္ကြန်ပွဲတော် အကြိုကာလအတွင်း အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူနှင့် သက်ဆိုင် သောနေရာသုံးနေရာတွင် အကြမ်းဖက် ဖောက်ခွဲမှုများနှင့်  မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် မတ် ၂၃ ရက်တွင်  အလုံမြို့နယ်  သခင်မြပန်းခြံ အနီး၌ YBS ယာဉ်တစ်စီးအား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊  မတ် ၂၅ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ KBZ ဘဏ်ခွဲ (၃)မှ ATM စက်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဧပြီ ၁၁ ရက်တွင် ဗဟန်းမြို့နယ်  ဆရာစံရပ်ကွက်  ကမ္ဘာ အေးဘုရားလမ်းနှင့် စက်မှု (၁) လမ်းထောင့် မြန်မာပလာဇာ  မြေညီထပ်ရှိ Harry’s Bar အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

mdn

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍  ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သော နေရာသုံးနေရာတွင် အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေး ကားဝင်း၊  မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၊  တာမွေမြို့နယ် ဖိုးစိန်လမ်းရှိ  လျှပ်စစ်ရုံးတို့အား အကြမ်းဖက်ဖောက်ခွဲရန်  စီစဉ်ထားကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့  ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများကို ထိုက်တန်စွာလျှို့ဝှက်၍  ဆုငွေများ ပေးအပ်ချီးမြှင့်လျက်ရှိကြောင်းနှင့် မြို့ရွာများ  အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

သတင်းစဉ်