တနင်္သာရီတိုင်းဒေသကြီး၏ အစွန်းအကျဆုံး ထိုင်း-မြန်မာ နယ်စပ်မြို့လေးတစ်မြို့ဖြစ်သည့် ကော့သောင်းမြို့သည် မြန်မာပြည်မြေပုံ၏ ခြေဖျားပိုင်း ကိန္နရာမလေး ကဟန်သွယ်လျလျ ကုန်းမြေ တစ်လျှောက် သာယာလှပစွာတည်ထားပြီး ရာသီဥတုသမမျှတစွာ နေချင်စဖွယ်ကောင်းလှပေသည်။
အထူးသဖြင့် အက်ဒမန်ပင်လယ်အတွင်းက မြို့နှင့်မနီးမဝေး သဘာဝအလှမပျက်ယွင်းသေးသည့် စိမ်လဲ့ ကြည်လင်လှစွာ ပင်လယ်ရေပြင်ကြီး များ ၊ ဖြူလွှလွှသဲသောင်ပြင်များ ၊ စိမ်းစိုလမ်းဆန်းလှစွာ ပင်လယ် ဒီရေ တောများ ၊ ထူးဆန်းအံ့သြဖွယ် ပင်လယ်သန္တကျောက်တန်း ရေအောက်သဘာဝအလှရှုခင်းများဖြင့် ပြည့်နက် ထုံမွှမ်း လှချင်တိုင်းလှနေကြသည့် ပင်လယ်အပန်းဖြေကျွန်းများ၏ ကောင်းသတင်းများကြောင့် မြန်မာမက ကမ္ဘာတစ်ဝှမ်းခရီးသွားဧည့်သည်များ ချီးမွမ်းထောပနာပြုကြသည့် ဒေသတစ်ဖြစ်သည်။
ပင်လယ်အပန်းဖြေခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာနေသည့် ကော့သောင်းဒေသ အနီးအနား ကျွန်းများဆီသို့ မြန်မာ့နှစ်သစ်ကူးသည့်ရာသီသင်္ကြန်ကာလသည့် အများပြည်သူ အားလပ်ရက် ရှည်အတွင်း အနားယူအပန်းဖြေကြရန် အလည်အပတ်လာကြပေရော့မည်။ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အားလပ်ရက်ရှည် ကာလအတွင်း အပန်းဖြေခရီးလာရောက်ကြသည့် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များဖြင့် နှစ်စဉ်စည်ကားမြဲဖြစ်သည့် သဘာဝအလှ ကျွန်းများကား…….
သူဌေးကျွန်း
ကော့သောင်းမြို့မှ သူဌေးကျွန်းဆီသို့ ဖယ်ရီသင်္ဘောဖြင့် ၁၀ မိနစ်ခရီးအဖြစ် သွားရောက်နိုင်သည့် စပိဘုတ်(Speed Boat)ဖြင့် သွားရောက်ပါက သုံးမိနစ်ကြာမျှသွားရသည်။ ပါချန်ပင်လယ်ပြင်ကို ဖြတ်ကျော် ကြည့်လိုက်ပါက သူဌေးကျွန်းကို ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။ သူဌေးကျွန်းရှိ Grand Andaman ကြယ်ငါးပွင့်အဆင့်ရှိ ရီဆော့ဟိုတယ်သည် အထူးဖန်တီးထားသည့် တည်းခိုနားနေရာဟိုတယ် ဖြစ်သည်။ ကျွန်းပေါ်တွင် ရှားလှသည့် အောက်ခြင်းငှက်များနှင့် မျောက်များ နေထိုင်ကျက်စားကြသည်။ နိုင်ငံခြား ခရီးသွားများ၏ ရပ်ဝန်းတွင် အထူးရေပန်းစား အကြိုက်တွေ့ကြသည်။ ကျွန်းပတ်လည် အလွန်လှပ ကြည်နှုး ဖွယ်ရာပင်လယ်ရှုခင်းများ၊ လတ်ဆတ်သန့်ရှင်းသည့် ပင်လယ်လေကောင်းလေသန့်များနှင့် အဆင့်မြင့် ဂေါက်သီးအားကစားကွင်း၊ နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုများ ၊ ဆက်စပ်ပင်လယ်ကျွန်း အလည်ပတ်ခရီးစဉ်များ ဖြင့်အပန်းဖြေအနားယူရန်အလွန်ကောင်းလှပါတယ်။

ညောင်ဦးဖီးကျွန်း (nyaung oo phee island )
ကော့သောင်းမြို့ မှ ရေမိုင်(၄၂)မိုင်အကွာSpeed boat ဖြင့်(၁)နာရီခန့်ခရီးနင်ပါက TZK Hotel & Tour ဒေသခံကုမ္ပဏီ ၏ Resort အပန်းခြေစခန်းရှိရာ ညောင်ဦးဖီးကျွန်းသို့ရောက်ရှိမည်ဖြစ်သည်။ ကမ္ဘာ လှည့် ခရီးသွားလုပ်ငန်း နယ်ပါယ်တွင် ရေပြာပြာပင်လယ် ပြင်ကြီးနှင့် ညီညာပြန့်ပြူးဖြူလွလွ သဲသောင်ပြင်များ ပင်လယ်ရေအောက် သက်မဲ့ သဘာဝရှုခင်းများ ၊ ရှားပါး သက်ရှိ ပင်လယ်သတ္တဝါမျိုးစိတ်ပေါင်းများစွာ ရှင်သန်ပေါက်ဖွားကြီးပြင်း ပေါများ ရာ၊ အပျော်စီးရွက်လှေ နှင့် ကမ္ဘာလှည့်ခရီးသွားများ လာရောက် လည်ပတ် အပန်းဖြေ အနားယူရာ၊ ပင်လယ်ရေအောက်သန္တကျောက်တန်းများ၊ သဘာဝရေမှော်ပင် နှင့် ရေနေသတ္တဝါ များအား ရေငုတ်ကြည့်ရှုမှတ်တမ်းတင်ကြရာ အလွန်လှပကြည်နှူးဘွယ်ကောင်းလှပါတယ်။

၁၁၅ ကျွန်း (115 Island)
၁၁၅ ကျွန်းသည် ကော့သောင်းမြို့၏ ၃၈ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ၁၁၅ ကျွန်းတွင် ရှည်လျား ကျယ်ဝန်းပြီး ဖြူဖွေးတဲ့ သဲသောင်ပြင်ရှိကာ Snorkeling လုပ်ရန် အကောင်းဆုံးတစ်နေရာဖြစ်ပြီး အရောင် အသွေးစုံလင်တဲ့ငါးများ၊ လှပတဲ့သန္တာကျောက်တန်းများကို အနီးကပ်လေ့လာနိုင်ပါတယ်။ ထို့အပြင် ခရီး သွားများအနေနဲ့ ကယက်လှေများဖြင့်လည်း လှော်ခတ် အပန်းဖြေနိုင်တယ်လို့ သိရပါတယ်။ ၁၁၅ ကျွန်းမှခံစားကြည့်ရှုနိုင်မယ့် Anadaman ပင်လယ်ရဲ့ နေဝင်ချိန်အလှဟာ အလွန်လှပ နှစ်လိုဖွယ် ကောင်းတယ်လို့ လည်းသိရပါတယ်။
ခရင်းခွကျွန်း ( Mc Cloud Island)
ကော့သောင်းမြို့ မှစက်လှေ (သို့) ရွက်လှေဖြင့် ခရီးနင်သော် (၇)နာရီခန့်ကြာမြင့်နိုင်ပြီး ၊ Speed Boat များဖြင့်သွားလာပါက (၂)နာရီအတွင်းရောက်နိုင်သော အလွန်လှပသည့် သဲသောင်ပြင်များ ၊ အောက်ချင်းငှက်၊ ဂျီလောင်၊ တောဝက်ကဲသို့ တိရိစ္ဆာန်များနှင့်သက်ရှိအများအပြားရှင်သန်နေထိုင် ရာ၊ ရေငုပ်၍ ပင်လယ်ရေအောက်သဘာဝရှုခင်းများအားကြည့်ရှုနိုင်ရာ၊ ရေကူးခြင်း ၊ တောင်တက်ခြင်း စသည့် စွန့်စားဖွယ် ရာ၊ စိတ်လှုပ်ရှားဖွယ်ရာ ရသများခံစားနိုင်ပြီး မြန်မာအက်ဒမန် အဖြေစခန်းတစ်ခု တည်ရှိတဲ့အတွက် ခရီးသွား များ အေးချမ်းစွာ အနားယူအပန်းဖြေနိုင်ပါတယ်။

ကြက်မောက်ကျွန်း(ခေါ်) Cock Comb Island
ကော့သောင်းမြို့ အနောက်တောင်ဖက် ပင်လယ်ရေမိုင် (၂၈)မိုင်ခန့် အကွာ Speed boat ဖြင့်သွားလျှင်(၁)နာရီခန့်အတွင်းရောက်ရှိနိုင်ကာ ကျွန်း အကျယ်အဝန်း ဧက ၁၂၀ ခန့်ရှိပြီး ကျွန်းအလယ် ဗဟိုတွင် အချင်းပေ ၃၀ဝ ခန့်ရှိ သဘဝအလျောက် ဖြစ်တည်လျှက် အသဲနှလုံးပုံသဏ္ဍန် လွန်စွာလှပသည့် ရေငံအိုင်ကြီး တစ်ခုကြောင့်ထူးဆန်းခြင်းဖြစ်သည်။
ထိုရေငံအိုင်ကြီးသို့ဝင်ရောက်ရန် တစ်ခုတည်းသောဝင်ပေါက်အဖြစ် ကျွန်း၏ အရှေ့တောင်ဖက် အောက်ခြေ ကျောက်တန်းများအောက်မှ အကျယ်(၂၅)ပေ၊ အလျားပေ ၃၀ ရှိ ပြွန်ပုံသဏ္ဍန် လှိုင်ဂူအပေါက်တစ်ခုမှ ပင်လယ် ဒီရေအနည်းငယ်ကျချိန် မှ ဝင်ရောက်နိုင်သည်။ ထွင်းဖေါက်မြင်နိုင်လောက်အောင်စိမ်းမြကြည်လင်လှသည်။ ရေကန်ကြီးအတွင်း ဝင်ရောက်လည်ပတ် လေ့လာအပန်းဖြေရ သည်မှာ မည့်သည့် ခံစားမှုနှင့် မျှမတူသော ထူးဆန်းပျော်ရွှင်ကြည်နှုးဖွယ်ကောင်းသည့် ခံစားမှုတစ်ခုကိုဖြစ်ပေါ်စေမှာအသေအချာဖြစ်တယ်။

ဘိုချိုကျွန်း (Bo Cho Island)
သဘာဝ အမျိုးသားအဏ္ဍဝါဥယျဉ်ရှိရာ လမ်းပိကျွန်း၏ တောင်ဘက်နှင့် ညောင်ဝိကျွန်း၏ မြောက် ဘက် (၇)မိုင်အကွာတွင်ရှိသည့် ၊ ကျွန်း၏မြောက်ဖက်တွင် မကြုံဂလက် ခေါ် ဆလုံကျေးရွာ ရွာရှိသည့် ၊ ပင်လယ်ရေအောက်သန္တာကျောက်တန်းများ လှပစွာ တည်ရှိသဖြင့် အနားယူအပန်းဖြေရင်း ကျွန်းပေါ်ရှိ ရှားပါး လူသားမျိုးနွယ်စု ဆလုံလူမျိုးများ၏ သဘာဝ ထုံစံများကိုလေ့လာနိုင်မှာဖြစ်ပါတယ်။

လည်ရွဲလေးလုံးကျွန်း (Cock Burn)
ကော့သောင်းမြို့မှ ရေမိုင်(၄၅)မိုင်အကွာမှာရှိတဲ့ လည်ရွဲလေးလုံးကျွန်းသို့ speed boat ဖြင့် တစ်နာရီ ဝန်းကျင်ခန့် သွားရမှာဖြစ်ပါတယ်။ ကျွန်း၏အရှေ့ဘက်ခြမ်းတွင် ရေအောက်ရူခင်းများကြည့်ရှုနိုင်ပြီး နီမိုငါး၊ ဂျယ်လီငါး အပါအဝင် ငါးအမျိုးအစားပေါင်းများစွာနှင့် သန္တာကျောက်တန်း များစွာကိုပါ တွေ့ရှိရမှာဖြစ်ပါတယ်။ ပင်လယ်မြင်ကွင်းကျယ်နှင့် ကမ်းခြေအလှများ၊ ရေကူး ရေလှိုင်းစီးခြင်း၊ ကနူးလှေလှော်ခတ်ခြင်း၊ တောင်ပေါ် ရှုခင်းလှပခြင်း၊ ငါးအမျိုးအစားနှင့် သန္တာမျိုးနွယ်ဝင် အရေအတွက်များပြားခြင်းတို့ကြောင့် ခရီးသွား ဧည့်သည်များအား အကောင်းဆုံးဆွဲဆောင်ထားနိုင်သည့် ကျွန်းတစ်ခုအဖြစ် တွေ့ရှိရမှာဖြစ်တယ်။

ငလုံးလဖယ်ကျွန်း (Pyin Sa Island)
ကော့သောင်းမြို့ အနီးမှာတည်ရှိတဲ့ ငလုံးလဖယ်ကျွန်း (Pyin Sa Island) ဟာ ပုလဲမွေးမြူရေးစခန်း တစ်ခုဖြစ်သည်။ ဒီကျွန်းလေးမှာဆိုရင် ပုလဲ မွေးမြူရေး လုပ်ငန်းတွေကို အဓိကလုပ်ကိုင်သောကြောင့် ဧည့်သည်များ အနေနဲ့ ပုလဲမွေးမြူးရေးနဲ့ ပတ်သက်ပြီးအနီးကပ် လေ့လာနိုင်မယ့် အခွင့်အရေးတွေ ရရှိမှာ ဖြစ်ပါတယ်။ ပုလဲမွေးမြူရေးစခန်းမှာ ဆိုရင် မုတ်ကောင် (Oyster) များကို Long Line များနဲ့ ပင်လယ်ရေအောက်မှာ မွေးမြူထားရှိပုံတွေ၊ Floating House လို့ခေါ်တဲ့ ရေပေါ်အလုပ်ရုံတွေပေါ်မှာ မုတ်ကောင် ပြုစု ထိန်းသိမ်း စောင့်ရှောက်ပုံတွေကို လေ့လာတွေ့မြင်နိုင်ပြီး အရွယ်ရောက် မုတ်ကောင်တွေရဲ့ ပုလဲဝတ်ဆံသွင်းပုံနဲ့ မုတ်ကောင်များမှ ပုလဲထုတ်ယူနေပုံတွေကို လက်တွေ့ကျကျ မျက်မြင်တွေ့ရှိ လေ့လာနိုင်မည်ဖြစ်ပါတယ်။

စောင်းကောက်ကျွန်း (Bruer Island)
ကော့သောင်းမြို့ကနေ စောင်းကောက်ကျွန်းကို တစ်နာရီခွဲ ဝန်းကျင်ခန့် speed boat စီးပြီးသွားရပါတယ်။ စောင်းကောက်ပုံစံ ကျွန်းလေးရဲ့ ထူးခြားချက်လေးက နှစ်ဖက်လှ ကမ်းခြေ ရှိခြင်းပဲဖြစ်ပါတယ်။ ကမ်းခြေနှစ်ခုရဲ့ အလယ်မှာတော့ စားသောက်ဆိုင်လေးဖွင့်ရှိထားပါတယ်။ စိမ်းညို့ညို့တောအုပ်ရဲ့ အရိပ်လေးမှာ ထိုင်ပြီး ကျွန်းရဲ့ အလှအပများကို ခံစားခြင်းဖြင့် စိတ်ဖိစီးမှုတွေ၊ အပူပင်တွေ ပျောက်ကင်းစေမှာ အမှန်ပင်ဖြစ်ပါတယ်။ ကနူးလှေတွေလဲ လှော်လို့ရပြီး ကျွန်းသေးလေးကိုပတ်လှော်ရင် မိနစ်၄၀ခန့် အချိန်ပေးရပါမယ်။ လူတရပ်ထက်မြင့်တဲ့ နှစ်တထောင်သစ်ပြားပျဉ်တွေကိုလည်း ကျွန်းရဲ့ ထူးခြားတဲ့ အရာတစ်ခုအဖြစ် တွေ့မြင်နိုင်ပါတယ်။
လတ်ဆတ်သန့်ရှင်းသည့်ပင်လယ်လေကို အားပါးတရရှုရှိုက်လိုခြင်း၊ ထူးခြားဆန်းကြယ်လှသည့် ရေမြေတောတောင် ပင်လယ်သတ္တဝါ များစွာ၏ သဘာဝအရှိတရား ကို မျက်မြင်ကိုယ်တွေ့ခံစားလိုခြင်း စသည့်စသည့် တပ်မက်မှုပေါင်း များစွာအား ဖြည့်ဆည်းပေးမည့် မြန်မာနိုင်ငံတောင်ဖက်စွန်း ကော့သောင်းမြို့ လေးဆီ မှ သဘာဝကျွန်းအလှများသို့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကာလ အားလပ်ရက် အချိန်များအတွင်း မြို့ပြ၏ မွန်းကျပ်သည့် လူနေမှုစနစ်အတွင်းမှတစ်ခဏတာရုန်းထွက်ရင်း လာရောက် လည်ပတ် အပန်းဖြေအနားယူ နိုင်ရေး နိုင်ငံတကာမှ ခရီးသွားဧည့်သည်များနှင့် ပြည်တွင်း ခရီးသွားဧည့်သည်များအား ဖိတ်ခေါ်လိုက်ရပါသည်။
ကျော်စိုး(ကော့သောင်း)