သင်္ကြန်ကာလမှာ ရေကစားရင်း ဖုန်းတွေ ရေစိုပျက်စီးတာတွေဟာ သာမန် မိုးတွင်းမှာထက် ပိုဖြစ်လေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာ အသစ်ထွက်လာတဲ့ တန်ဖိုးကြီး ဖုန်းအချို့ဟာ ရေစိုဒဏ်၊ ဖုန်ဒဏ်တွေကို ခံနိုင်တဲ့ IP 67နဲ့ IP 68 ဆိုတဲ့ စွမ်းဆောင်ရည်တွေနဲ့ ထုတ်လုပ်လာပေမယ့် တန်ဖိုးသင့်ဖုန်း အများစုကတော့ ရေစိုဒဏ်ကို မခံနိုင်ကြသေးပါဘူး။ ဒါကြောင့် သင်္ကြန်ရေကစားရင်း ဖုန်းတွေ ရေမစိုစေဖို့နဲ့ ရေစိုခဲ့ရင်လည်း တတ်နိုင်သမျှ ပျက်စီးမှုအနည်းဆုံးဖြစ်အောင် သတိပြုရမယ့် ဖုန်းဆားဗစ်ပညာရှင်တွေရဲ့ အကြံပြုချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ဖုန်းရေမစိုအောင်
ဖုန်းအများစုဟာ ရေစိုမခံနိုင်ကြသလို ရေစိုခံတဲ့ဖုန်းတွေ တောင်မှ အစိုခံနိုင်တဲ့ အကန့်အသတ်ရှိတာကြောင့် ဖုန်းတွေ ရေစိုပျက်စီးတာမဖြစ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ရေမစိုအောင် ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ ရေမစိုဖို့အတွက် ရေစိုခံဖုန်းအိတ်တွေကို မဖြစ်မနေ အသုံးပြုကြဖို့လိုပါတယ်။ သင်္ကြန်ကာလမှာ လူတိုင်းနီးပါး ရေစိုခံဖုန်းအိတ်တွေ အသုံးပြု ကြ ပေမယ့် သုံးတဲ့ကြားကပဲ ဖုန်းတွေရေစိုပျက်စီးတာကလည်း နှစ်စဉ်ဖြစ်နေပါတယ်။
ရေစိုခံဖုန်းအိတ်သုံးရင် သတိပြုသင့်တဲ့အချက်တွေကတော့ ဖုန်းကို အိတ်ထဲကထုတ်ပြောလိုက် ပြန်ထည့်လိုက်မလုပ်ဘဲ တချိန်လုံး အိတ်ထဲမှာထည့်ထားပြီး အိတ်အပြင်ဘက်ကပဲ အသုံးပြုဖို့နဲ့ အိတ်ကွဲပြီး ရေစိမ့်ဝင်တာတွေမရှိဖို့ သတိပြုရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဖုန်းကို အိတ်ထဲမှာ လုံလုံခြုံခြုံထားရင်းကပဲ ရေငွေ့ပျံပြီး ရေဝင်နိုင်တာကြောင့် အိတ်ထဲမှာ ဖုန်းနဲ့အတူ ရေစုပ်နိုင်တဲ့ တစ်သျှူးတစ်ရွက်လောက် ကိုပါ ခေါက်ထည့်ထားသင့်ပါတယ်။ ဒီလို တစ်သျှူးတစ်ရွက် လောက် ထည့်ထားခြင်းကြောင့် ဖုန်းအိတ်မလုံလို့ ရေစိမ့်ဝင် နေခဲ့ရင်လည်း အလွယ်တကူ သတိပြုမိနိုင်ပါတယ်။ ကြိုး ရှည်ရှည်နဲ့လွယ်ရတဲ့ ဖုန်းအိတ်တွေကို သုံးရင်တော့ ဖုန်းရေမစို ဖို့အပြင် လူကျပ်တဲ့နေရာတွေမှာ ခါးပိုက်နှိုက်က အလွယ် တကူ ဖြတ်ယူသွားနိုင်တာကိုပါ သတိထားဖို့ လိုပါတယ်။
ဖုန်းတွေ ရေစိုခဲ့ရင်
ရေစိုခံတယ်လို့ ကြော်ငြာထားတဲ့ ဖုန်းမော်ဒယ်သစ်တွေမှာ IP 67 (အနည်းဆုံး တစ်မိနစ်မှ အများဆုံး မိနစ် ၃၀ အထိ) နဲ့ IP 68 (အနည်းဆုံး နှစ်မိနစ်မှ အများဆုံး မိနစ် ၃၀ အထိ) ရေစိုခံ၊ ရေစိမ်ခံတယ်လို့ ကြော်ငြာလေ့ရှိပါတယ်။ ဒါပေမယ့် အဲဒီကြော်ငြာတဲ့ စမ်းသပ်ချက်တွေဟာ ဓာတ်ခွဲခန်းထဲမှာ ရေသန့်သန့်နဲ့ စမ်းသပ်ထားတာသာဖြစ်ပြီး မသန့်တဲ့ရေတွေနဲ့ ဆိုရင် ရေစိုခံနိုင်တဲ့အချိန်ဟာ ပိုလျော့နည်းတတ်ပါတယ်။ ဒါကြောင့် ရေစိမ်ခံတဲ့ဖုန်းဖြစ်ရင်တောင် အချိန်အကြာကြီး ရေမစိုနေဖို့ သတိပြုရမှာဖြစ်ပါတယ်။ ရေစိုမခံနိုင်တဲ့ဖုန်းတွေကို ရေစိုသွားခဲ့ရင်တော့ လုပ်ရမယ့်အဆင့်တွေကို ဖော်ပြလိုက်ပါတယ်။
၁။ ဖုန်းကို ချက်ချင်း ပါဝါပိတ်ပါ။ ဘက်ထရီကို ဖြုတ်လို့ ရတဲ့ဖုန်းဆိုရင် ဘက်ထရီကိုပါ ဖြုတ်ပစ်ပါ။ အခြား ဖြုတ်ပစ် လို့ရတဲ့ ဆင်းကတ်၊ မင်မိုရီကတ်တွေကိုလည်း ဖြုတ်ပစ်ပါ။
၂။ ဖုန်းကိုယ်ထည်နဲ့ ဖြုတ်လို့ရတဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ ကို ခြောက်သွေ့နူးညံ့တဲ့အဝတ်နဲ့ သေချာစွာသုတ်ပါ။ ရေသုတ်တဲ့အချိန်မှာ ဖြည်းဖြည်းသုတ်ပါ။ ဖုန်းကို မလှုပ်ခါပါနဲ့။ လှုပ်ခါ လိုက်ရင် ရေမရောက်သေးတဲ့ အတွင်းပိုင်းနေရာတွေအထိပါ ရေရောက်သွားနိုင်ပါတယ်။
၃။ ရေငွေ့ကို စုပ်ယူနိုင်တဲ့ ပစ္စည်းတွေကြားထဲမှာ ဖုန်းကိုထားပါ။ သောက်ဆေးဘူးတွေထဲမှာ ပါတတ်တဲ့ ဆီလီကာ ဂျယ်လ်လို အထုပ်လေးတွေကို သုံးနိုင်သလို ရေငွေ့စုပ်ယူနိုင်တဲ့ အထုပ်လေးတွေရှိရင်လည်း သုံးနိုင်ပါတယ်။ အဲဒီနှစ်မျိုးလုံး မရှိရင်လည်း ရေသုတ်ထားပြီးတဲ့ဖုန်းကို အဝတ်သန့်သန့်နဲ့ ပတ်ပြီး ဆန်ပုံးထဲမှာ ထည့်ထားနိုင်ပါတယ်။ ဆန်ပုံးထဲမှာထားရင် အချိန်ကြာကြာမထားမိအောင်တော့ သတိပြုရမှာဖြစ်ပြီး အချိန်ကြာသွားရင် အထဲက အစိတ်အပိုင်းတွေမှာ ဆားပေါက်နိုင်ပါတယ်။
၄။ အရင်တုန်းကတော့ ဖုန်းရေစိုရင်ဆံပင်အခြောက်ခံစက်နဲ့ မှုတ်ဖို့ကို ဖုန်းဆားဗစ်သမားအချို့က အကြံပေးဖူးကြပေမယ့် နောက်ပိုင်းမှာတော့ နည်းပညာနဲ့ အယူအဆ အပြောင်းအလဲကြောင့် Dryer နဲ့မမှုတ်ဖို့ကို အကြံပေးနေကြပါပြီ။ Dryer နဲ့မှုတ်တဲ့အတွက် အပူရှိန်နဲ့ ရေငွေ့ကြောင့် ဖုန်းရဲ့ LCD စခရင်တွေ ပိုပြီးပျက်စီးနိုင်တာ၊ အပူရှိန်ကြောင့် အတွင်းမှာ ခဲကြွပြီး ပျက်ဆီးမှုတွေ ပိုဖြစ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။
၅။ မကျွမ်းကျင်ရင် ဖုန်းကို ပါဝါပြန်မဖွင့်ပါနဲ့။ ဒီအချက်က အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ အပေါ်က အချက်လေးချက် အတိုင်း လုပ်ပြီးလို့ ဖုန်းကလည်း တော်တော်လေး ခြောက်သွေ့သွားပြီဆိုရင် အများစုက ပိတ်ထားတဲ့ဖုန်းပါဝါကို ပြန်ဖွင့်ပြီး ကောင်းမကောင်း စမ်းကြည့်ချင်ကြပါတယ်။ ရေမခြောက်သေးဘဲ ဖုန်းကို ပါဝါဖွင့်ပြီး စမ်းလိုက်တာဟာ ပြန်ကောင်းနိုင်တဲ့ အခြေအနေကနေ အရမ်းဆိုးတဲ့အခြေအနေမျိုးကို ပြောင်းလဲ သွားစေနိုင်ပါတယ်။ ဖုန်းတစ်လုံးကို ပါဝါစဖွင့်လိုက်တာနဲ့ ဘက်ထရီထဲက လျှပ်စစ်ဓာတ်အားတွေဟာ ဖုန်းထဲက အစိတ်အပိုင်း အကုန်လုံးဆီကို ရောက်သွားပြီး ဓာတ်အားရောက်တဲ့ အစိတ်အပိုင်းတွေမှာ ရေကောင်းကောင်းမခြောက်သေးဘဲ ဖြစ်နေခဲ့ရင် ဆားပေါက်ပျက်စီးမှုကို ပိုပြီးဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ရေစိုတာများနေခဲ့ရင် ချက်ချင်း ရှော့ခ်ဖြစ်ပြီး လုံးဝ ပြင်မရအောင် ပျက်စီးနိုင်ပါတယ်။
၆။ ဆိုင်ကို အမြန်ပို့ပါ။ ဖုန်းတစ်လုံးကို ရေစိုသွားခဲ့ပြီးရင်၊ ကိုယ်ကလည်း ဖုန်းဆားဗစ်ကို သိမ်မကျွမ်းကျင်တဲ့ သာမန် ျ့နမ ဆိုရင် အရေးပေါ်လုပ်နိုင်တဲ့ ဖြုတ်ပစ်တာ၊ ရေသုတ်တာ၊ အခြောက်ခံတာတွေ လုပ်ပြီးရင် ဆိုင်ကို အမြန်ဆုံး သွားပြသင့် ပါတယ်။ ရေစိုတဲ့အချိန် ကြာတာနဲ့အမျှ ပျက်စီးမှုတွေက ပိုဖြစ်နိုင်လို့ တတ်နိုင်သမျှ မြန်မြန်သွားပြသင့်တာ ဖြစ်ပါတယ်။ ဖုန်း ဆိုင်ကိုရောက်ရင်လည်း ရေစိုသွားတာ ဘယ်လောက်ကြာပြီ၊ ရေစိုချိန်က ဘယ်လောက်ကြာတယ်၊ အရေးပေါ် ဘာတွေလုပ် ထားတယ်ဆိုတာကို ပြောပြသင့်ပါတယ်။ ဒါဆိုရင် ဖုန်းဆိုင်က အကောင်းဆုံး စဉ်းစားဆုံးဖြတ်ပြီး လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဖုန်းတွေကို ကိုယ်နဲ့မကွာထားကြရတဲ့ခေတ် ဖြစ်လာတာမို့ သင်္ကြန်ကာလမှာ ရေကစားကြတဲ့အချိန်မှာလည်း ဖုန်းတွေ ရေစိုဖို့ အခွင့်အလမ်းက အများကြီးရှိနိုင်ပါတယ်။ ဒါကြောင့် ရေကစားရင်း ဖုန်းတွေ ရေစိုသွားခဲ့ရင် တတ်နိုင်သမျှ ပျက်စီးမှု အနည်းဆုံးဖြစ်စေဖို့ အကြံပြုဖော်ပြလိုက်ရပါတယ်။ ။
သူရဖြိုး