ရန်ကုန် ဧပြီ ၇

 

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) ကြီးကြပ်မှုအောက်ရှိ ရန်ကုန် (ပန်းဆိုးတန်း-ဒလ)သို့ ပြေးဆွဲပေးနေသော ချယ်ရီသင်္ဘောသည် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အများပြည်သူ သွားလာရေးအဆင်ပြေစေရန် သင်္ဘောခေါက်ရေ ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်းသည် ဒလမြို့နယ် ဒေသခံပြည်သူများအပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များအပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့သို့ ဝင်/ထွက် သွားလာနေကြသော ပြည်သူများအား ကမ်းရိုးတန်းမြစ်တွင်းသွား ချယ်ရီသင်္ဘောရေယာဉ်ဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲ ပို့ဆောင်ပေးလျက်ရှိရာ (ပန်းဆိုးတန်းဒလ) သင်္ဘောခရီးစဉ်များကို ရုံးဖွင့်ရက်များနှင့် ရုံးပိတ်ရက်များတွင် အသွားခေါက်ရေ (၄၀)ခေါက်၊ အပြန်ခေါက်ရေ (၄၀)ခေါက်နှုန်းဖြင့် ဒလဆိပ်ကမ်းမှ စတင်ထွက်ခွာချိန် နံနက် ၅ နာရီခွဲမှ ည ၆ နာရီ မိနစ် ၄၀ အထိ လည်ကောင်း၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ နံနက် ၆ နာရီမှ ည ၇ နာရီအထိလည်ကောင်း၊ သင်္ဘောရေယာဉ်ခရီးစဉ်များဖြင့် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည်။

 

အဆိုပါသင်္ဘောဆိပ်ကမ်းသည် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများစွာကို မြစ်တွင်းသွား ချယ်ရီသင်္ဘောများဖြင့် နေ့စဉ်ပုံမှန်ပို့ဆောင်ပေးနေသော သင်္ဘောဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ လက်ရှိအချိန်ထိ ခရီးသည်များ သွားလာမှုအ‌ပေါ်မူတည်ပြီး ရေယာဉ်ခရီးစဉ်များကို ပြောင်းလဲသတ်မှတ်၍ ပြေးဆွဲပို့ဆောင်ပေးလျက်ရှိသည်။

 

၂၀၂၃ ခုနှစ် သင်္ကြန်ရုံးပိတ်ရက်ကာလ ဧပြီ ၁၃ ရက်မှ ၁၇ ရက်အတွင်း ခရီးသွားပြည်သူများနှင့် ကုန်ပစ္စည်းများ တင်ပို့မှုလျော့နည်းလာသဖြင့် သင်္ဘောခရီးစဉ်ကို အသွားခေါက်ရေ (၂၀)၊ အပြန်ခေါက်ရေ (၂၀)နှုန်းဖြင့် ဒလဆိပ်ကမ်းမှ စတင်ထွက်ခွာချိန် နံနက် ၆ နာရီမှ ည ၆ နာရီခွဲအထိလည်ကောင်း၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ နံနက် ၆ နာရီခွဲမှ ည ၇ နာရီအထိလည်ကောင်း သင်္ဘောရေယာဉ်ခရီးစဉ်များကို ပြောင်းလဲသတ်မှတ်၍ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ခရီးသွားပြည်သူများ သိရှိနိုင်စေရန်အတွက် သင်္ဘောဆိပ်ကမ်းရှိ လက်မှတ်ရုံဝင်ပေါက်တွင် အသိပေးဗီနိုင်းများဖြင့် ကြော်ငြာထားသည်။

 

သင်္ကြန်ရုံးပိတ်ရက်ကာလ ပြီးဆုံးပါက သင်္ဘောခေါက်ရေခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးမည်ဖြစ်သည်။

 

ယခုအချိန်တွင် ရေယာဉ်ဖြင့်သွားလာနေရသော ပြည်သူများ စိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်ရေးအတွက် သင်္ဘောယာဉ်စီးခမှာ ယခင်အတိုင်း တစ်ဦးလျှင် (၂၀၀)ကျပ်ဖြင့် ဈေးနှုန်းမတက်ဘဲ ပို့ဆောင်ပေးနေခြင်း၊ ပြည်သူများသွားလာရာတွင် ဘေးကင်းလုံခြုံမှုရှိခြင်း၊ စိတ်အေးချမ်းသာစွာ သွားလာရေး မြန်ဆန်လွယ်ကူ ချောမွေ့မှုရှိခြင်းတို့ကြောင့် ပြည်သူများသည် သင်္ဘောခရီးစဉ်ကိုသာ အဓိကထား၍ သွားလာနေရကြောင်း သိရှိရသည်။

 

အောင်မြင့်(ပြန်/ဆက်)