ရန်ကုန်   ၂၁  ဧပြီ

 

သင်္ကြန်ရုံးပိတ်ရက်ကာလနှင့် Stay Home သတ်မှတ်ကာလပြည့်သွား၍ လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ လုပ်ငန်းခွင် အသီးသီးသို့ ဝင်ရောက်ကြမည့် အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့် အခြေခံ လက်လုပ်လက်စား ပြည်သူများစွာတို့သည် စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ဒလမြို့နယ်မှတစ်ဆင့် ကူးသန်း သွားလာလျက်ရှိရာ ယနေ့နံနက်ပိုင်းကစတင်ပြီး ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်း၌ ခရီးသည်စီးနင်း လိုက်ပါမှုအနေဖြင့် ယခင်နေ့များထက် တစ်ဖြည်းဖြည်း များပြားလာခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ အရေးပေါ်ထိန်းချုပ်ရေးကာလအတွင်း ဧပြီလ ၁၀ ရက်မှ စတင်ပြီး ၁၉ ရက်အထိ ပြည်သူများအား  နေအိမ်အတွင်း နေထိုင်ကြဖို့ တိုက်တွန်းထားခြင်းကြောင့် အနယ်နယ်အရပ်ရပ်ရှိ ခရီးသွား မိဘပြည်သူများစွာတို့မှာ ခရီးသွားလာမှု နည်းပါးခဲ့ကြောင်း၊ သင်္ကြန်ကာလအတွင်း ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်း၌  ခရီးသည်စီးနင်းမှု နည်းပါးခြင်းကြောင့် ဧပြီ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ အခေါက်ရေ(၇)ခေါက်နှုန်း၊  ဧပြီ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ  အခေါက်ရေ (၄)ခေါက်နှုန်းဖြင့် ကူးတို့ပို့ဆောင်ပြေးဆွဲပေးခဲ့ကြောင်း၊ သင်္ကြန်ရုံးပိတ်ရက်ကာလ ကုန်ဆုံးသွား၍ ဧပြီ ၂၀ ရက်နေ့  ရုံးဖွင့်ရက်မှစတင်ပြီး သင်္ဘောခရီးစဉ်ကို ၂၄ ခေါက်နှုန်းနဲ့ ပြန်လည်ပြေးဆွဲ ပေးလျက်ရှိရာ ခရီးသည်များ စီးနင်းမှုများလာခဲ့ကြောင်း၊ ပန်းဆိုးတန်း ဆိပ်ကမ်းမန်နေဂျာ ဒေါ်ခင်ခင်နုထံမှ သိရသည်။ 

 

လက်ရှိအချိန်၌ ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်းရှိ ချယ်ရီရေယာဉ်သင်္ဘော(၃)စီးဖြင့် အလှည့်ကျ နေ့စဉ် နံနက် ၅ နာရီခွဲမှ ည၇ နာရီခွဲအထိ မိနစ်(၂၀)ခြား၊ မိနစ်(၃၀)ခြားနှင့် (၁)နာရီခြား တစ်ခါဖြင့် အသွား(၂၄)ခေါက်၊ အပြန်(၂၄) ခေါက်နှုန်းဖြင့်  ရုံးဝန်ထမ်းများနှင့် အနယ်နယ်အရပ်ရပ်ရှိ ခရီးသွားမိဘပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ခရီးစဉ်များကို ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 

စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ သွားလာရာတွင် ဝင်ပေါက်၊ ထွက်ပေါက် နေရာတစ်ခုဖြစ်သည့် ဒလမြို့နယ် သင်္ဘောဆိပ်ကမ်းမှ တစ်ဆင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်ရှိ ပြည်သူများနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မိဘပြည်သူများစွာတို့ ကူးသန်းသွားလာလျက်ရှိပြီး  ယခင်က တစ်ရက်လျှင် ပြည်သူ (၃၀၀၀၀) နီးပါး ပို့ဆောင်ပေးလျက်ရှိရာ ဝင်ငွေကျပ်သိန်း(၃၀)ခန့် ကောက်ခံရရှိပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သင်္ကြန်ရုံး ပိတ်ရက်နှင့် Stay Home ကာလအတွင်း ခရီးသည်သွားလာမှုမရှိသလောက် နည်းပါးခဲ့ရာ  တစ်နေ့ ဝင်ငွေကျပ် ၃၀၀၀၀ ခန့်သာ ရရှိခဲ့ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ သိရသည်။  

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)