သင်္ကြန်တွင်းတွင် ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူများ အန္တရာယ် မဖြစ်စေရန် လုံခြုံရေး ၅၀ ကျော် ချထားမည်

မန္တလေး ၁၉ မတ်


မန္တလေးမြို့၊ အမရမြို့နယ်ရှိ ကမ္ဘာ့အရှည်ဆုံး သစ်သားတံတားဖြစ်သည့် ဦးပိန်တံတားသို့  မြန်မာ့အခါတော် သင်္ကြန်တွင်းတွင် လာရောက်လည်ပတ်သူများ အန္တရာယ် မဖြစ်စေရန် လုံခြုံရေး ၅၀ ကျော် ချထားမည်ဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းထံက သိရသည်။

 

236


သင်္ကြန်ကာလ အတွင်းတွင် ဦးပိန်တံတားနှင့် တောင်သမန်အင်း အတွင်းတွင် လာရောက် လည်ပတ်သည့် ပြည်သူများ ဦးပိန်တံတားကြီးပေါ်သို့ လမ်းလျှောက်သွားလာသူများ အင်းအတွင်းသို့ ရေဆင်းချိုးသူများ အန္တရာယ် မဖြစ်စေရန်နှင့် ခိုက်ရန်ဖြစ်ပွားမှုများ မရှိစေရန် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့်နှင့် ဌက်လှေအသင်းမှ လုံခြုံရေးချသွားမည် ဖြစ်သည်။

 

1

"သင်္ကြန်ကာလ အတွင်းမှာ ဦးပိန်တံတားပေါ်ကို ပျော်ကြပါးကြတဲ့သူတွေ များတယ်လေ။ အဲ့လိုများတဲ့အခါ တံတားပေါ်သို့ အုပ်စုလိုက် သွားကြ၊ လာကြတယ်။ နောက်ပြီး တံတားပေါ်ကို ကကြ ခုန်ကြတယ်။  အဲ့အချိန်မှာ မတော်လို့ တံတားကျိုးကျ သွားနိုင်တယ်။ ပြီးတော့ အင်းအတွင်းကို ရေဆင်းချိုးတာတွေရှိတယ်။ ရေမနစ်အောင် နေရာအနှံကို လုံခြုံရေးထားသွားမယ်"  ဟု ၎င်းကပြောသည်။


သင်္ကြန်ကာလ အတွင်းတွင် ဦးပိန်တံတားပေါ်မှ ပြုတ်ကျကာ သေဆုံးသူ နှစ်တိုင်းရှိသည့်အပြင် တံတားပေါ်မှ မူးပြီးပြုတ်ကျသူများ ရေနစ်သေဆုံးသူများ ထိခိုက်ဒဏ်ရာ ရရှိသူ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်လျက်ရှိသည်။  


ပြီးခဲ့သည့် ၂၀၁၃ မဟာသင်္ကြန်ကာလ အတွင်းတွင် ဦးပိန်တံတား ကျိုးကျခြင်းကြောင့် လူဦး ၁၅ ဦးခန့် ဒဏ်ရာရှိပြီး ၃ ဦးမှာ ခြေကျိုးလက်ကျိုးများ ရှိခဲ့သည်။ ယင်းသို့ ကျိုးကျခြင်းသည် အုပ်စုလိုက်သွားခြင်းနှင့် မူးရူးကာ ကခုန်ခြင်းကြောင့် ကျိုးကျရခြင်းဖြစ်ကြောင်း သိရသည်။
      

ဦးပိန်တံတား ပတ်ဝန်းကျင်တွင်လည်း လုံခြုံရေးများအပြင် မီးသတ်များ၊ယာဉ်ထိန်းရဲများ၊ ကြက်ခြေနီများ ချသွားပေးမည်ဖြစ်ပြီး ဦးပိန်တံတားပေါ်သို့ အရက်သေစာ သောက်စားသူများကိုလည်း ကန့်သတ်သွားမည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့ရုံးထံက သိရသည်။


"သင်္ကြန်တွင်းကို ဦးပိန်တံတားမှာ လုံခြုံရေးအင်အား၂၀ ချသွားမယ် ယာဉ်ထိန်းရဲကတော့ မနှစ်တုန်းက ဦးပိန်းတံတား သွားလမ်းမှာ ကားတွေအရမ်းကျပ်တယ်။ အဲ့ဒါတော့ ယာဉ်ထိန်းရဲတွေလည်း ချသွားမယ်" ဟု မန္တလေးခရိုင်ရဲ့တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


နှစ် ၁၆၀ ကျော် သက်တမ်းရှိ ဦးပိန်တံတားသည် ကာလကြာမြင့်လာသဖြင့် ဆွေးမြည့်ပျက်စီးလာရာ ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်းတွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ငါးကြိမ် ပြုလုပ်ခဲ့သည်။


တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ်၊ ပုဂံမင်း လက်ထက်က အင်းဝမြို့တော်ဟောင်းမှ ကျွန်းတိုင်များဖြင့် အမရပူရ မြို့ဝန်ဘိုင်ဆပ်၏ တပည့်ဖြစ်သူ မြို့စားရေးဦးပိန်မှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည်အားဖြင့် ၃၉၈၇ ပေရှည်လျားကာ၊ စတင်တည်ဆောက်စဉ်က တိုင်ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်း ရှိခဲ့သည်။ သို့သော်လည်း သဘာဝ ဘေးအန္တရာယ် များကြောင့် ယခုအခါ အခန်းပေါင်း ၄၄၇ ခန်းသာ ရှိတော့သည်။


သူရိန်လင်း