သွင်းကုန်အစားထိုး ထုတ်ကုန်ပစ္စည်းအဆင့်မြှင့်

ဖွံ့ဖြိုးပြီးနိုင်ငံကြီးများသည်  စက်မှု၊  နည်းပညာနှင့်   စွမ်းအင်ကဏ္ဍများကို  အဆင့်မြင့်မားစွာ ဆောင်ရွက်နိုင်ကြပြီး ဖွံ့ဖြိုးပြီးနိုင်ငံငယ်များသည် အသေးစား၊  အလတ်စားလုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်ငန်းများကို မြင့်မားအောင် ဆောင်ရွက် နိုင်ကြသည်။ ထို့အပြင် အဆင့်မြှင့်တင်၊ ပုံတူမျိုးကွဲ၊ ဆင့်ပွားထုတ်လုပ်သည့်လုပ်ငန်းများနှင့် ထပ်ဆင့်ရောင်းဝယ် ကုန်သွယ်မှု လုပ်ငန်းများဖြင့် စီးပွားဖြစ်ထွန်းနေကြသည်။

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်၍  ကုန်ထုတ်လုပ်မှု မြှင့်တင်ရာ၌  စိုက်ပျိုးရေးထွက်ကုန်များ  တိုးတက်ထွက်ရှိအောင် ဆောင်ရွက် နိုင်သည်။ ပြည်သူများ နေ့စဉ် လိုအပ်လျက်ရှိသည့် စားသောက်ကုန်ပစ္စည်းများသည် စီးပွားရေးဈေးကွက်တွင် တွင်ကျယ်စွာ လည်ပတ်နေသဖြင့်  ကုန်ထုတ်လုပ်မှုကို အားပေးခြင်းဖြင့်  ပြည်သူများ၏   စီးပွားရေးကို   မြှင့်တင်ပေးနိုင်မည်ဖြစ်သလို ထုတ်ကုန်ပစ္စည်းများကို  အမယ်(အမည်)စုံအောင် ကြိုးပမ်း ထုတ်လုပ်ခြင်းဖြင့် ပြည်သူများ၏  ကုန်သွယ်စီးပွား မြင့်မားတိုးတက်လာအောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

 

“ပြည်ပ   သွင်းကုန်များနှင့်ပတ်သက်၍  တိုင်းပြည်စီးပွားရေး   ပြန်လည်ကောင်းမွန်လာရန် အတွက် သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နေကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်၍ရသည့် ပစ္စည်းများကို ပြည်ပမှတင်သွင်းခြင်းထက် ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ရန်လိုကြောင်း၊ အချို့ပစ္စည်းများမှာ  သတ်မှတ်ထားသည့် အရည်အသွေးမရှိသည်ကို တွေ့ရှိရသဖြင့် လိုအပ်သည့် စက်ပစ္စည်းများနှင့် နည်းပညာများ အဆင့်မြှင့်တင်ခြင်း ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအစည်းအဝေး (၇/၂၀၂၂) တွင် ပြောကြားခဲ့သည်။

 

နိုင်ငံ၏ လူမှုစီးပွားမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက   တိုင်းပြည်သာယာဝပြောရေးနှင့်   စားနပ်ရိက္ခာပေါများရေးဟူသည့်   အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေး အားကောင်းပါမှ  တိုင်းပြည် သာယာဝပြောပြီး တည်ငြိမ်မှုရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အခြေခံကုန်ထုတ်စွမ်းအားဖြင့် စီးပွားရေးကောင်းအောင် ကြိုးပမ်းအားထုတ်ပြီး တိုင်းပြည်သာယာဝပြောအောင် ဆောင်ရွက်နေသည်ကို မြင်တွေ့ ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင်    စိုက်ပျိုးရေးကိုအခြေခံ၍    ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နေ သော်လည်း စိုက်ပျိုးရေးအခြေခံထုတ်ကုန်များအား ပြည်ပမှ တင်သွင်းနေသည်ကို  တွေ့ရမည်ဖြစ် သည်။  အကြောင်းရင်းမှာ ပြည်တွင်းထုတ်ကုန် တန်ဖိုးအရည်အသွေးများမှာ    ပြည်ပထုတ်ကုန်   တန်ဖိုးအရည်အသွေးများကို မမီသောကြောင့်ဖြစ်သည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် အဝတ်အထည်ကုန်ကြမ်း ဖြစ်သည့် ဝါသီးနှံကို စိုက်ပျိုးနိုင်သော်လည်း ပြည်တွင်းအထည်ချုပ် လုပ်ငန်းများ တွင်လိုအပ်သည့် ဓာတုချည်ခင်၊ အခြားအထည်မျိုးစုံ၊ ချည်ထည်နှင့်ပိတ်၊ အပ်ချည် ကြိုး စသည့်ကုန်ကြမ်းပစ္စည်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာသန်း ၁၂၈၀ တန်ဖိုး တင်သွင်းခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝါထွက်သော်လည်း အရည်အသွေးလိုအပ်ချက်ရှိသဖြင့် ပြည်ပမှတင်သွင်းရခြင်း ဖြစ်သည်မှာ ထင်ရှားပေသည်။

 

ထို့ကြောင့် မြန်မာနိုင်ငံတွင် ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နေပြီး ထွက်ရှိသည့် ချည်မျှင်များကို ကုန်ချောထုတ်လုပ်ရေးဆောင်ရွက်ရာ၌ ပြည်တွင်း ဝါစိုက်ပျိုးထုတ်လုပ်မှုတွင်    အဆင့်မြင့်ချည်မျှင်ရှည်ဝါများ    ထုတ်လုပ်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဝါစိုက်ပျိုး ထုတ်လုပ်ရေးမှ ထွက်ရှိလာသော ချည်မျှင်ရှည်ဝါများကို အသုံးပြု၍ နိုင်ငံအတွင်းရှိ စက်ရုံများတွင် အဆင့်မီချည်ထည် ပစ္စည်းများကို ထုတ်လုပ်သွားမည်ဖြစ်ရာ အထည်အလိပ်လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ပေးပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်လာရေးအတွက် သက်ဆိုင်သူ အားလုံး ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ဤသည်မှာ ဝါသီးနှံတစ်မျိုးတည်းကို ဥပမာဆိုလိုခြင်းဖြစ်ပြီး   အခြားသော  စားသုံးဆီကဲ့သို့ ပြည်ပသွင်းကုန် သီးနှံထုတ်ကုန်များကိုလည်း ပြည်တွင်း၌ နိုင်ငံတကာတန်းဝင်  အရည်အသွေးမီအောင် စိုက်ပျိုးထုတ်လုပ်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်နှင့် ပြည်သူများ၏ စီးပွားရေးနှင့် လူမှုဘဝကို မြှင့်တင် ဆောင်ရွက် နိုင်ရန်အတွက်    ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို   အရည်အသွေးမီအောင် ကြိုးပမ်း ဆောင်ရွက်ပြီး  ကုန်သွယ်မှုကို   မြှင့်တင်ကြရမည်ဖြစ်သည်။ ထုတ်ကုန်၊ ရောင်းကုန် ကုန်ပစ္စည်းများကို တန်ဖိုးမြင့်ကုန်ပစ္စည်းများ ထုတ်လုပ် နိုင်ခြင်းဖြင့် စားသုံးသူပြည်သူများ ကျေနပ်နှစ်သက်ကြပြီး ထုတ်လုပ်သူများအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ အကျိုးအမြတ် များစွာရရှိကာ နိုင်ငံအတွက်လည်း အကျိုးရှိမည်ဖြစ်၍ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးအတွက် သွင်းကုန်အစားထိုး ထုတ်ကုန်များကို မြှင့်တင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။        ။

ကြေးမုံအယ်ဒီတာ့အာဘော်