ခင်သိင်္ဂီအောင်

ယနေ့ခေတ်မျက်မှောက်လောကကြီးတွင် Ageism အမည်ရှိသည့် အသက်အရွယ်အရ ခွဲခြားဆက်ဆံခံနေရမှုများအား ကြုံတွေ့ရမှု များပြားလာပါသည်။ Ageism အမည်ရှိသော အသက်အရွယ်အရ ခွဲခြားဆက်ဆံခံနေရမှုသည် ဘာကိုခေါ်ပါသလဲ။

၎င်းသည် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအပေါ် မည်သို့သက်ရောက်နေပြီနည်း။ Ageism ကို ဘယ်လိုတိုက်ဖျက်ကြမလဲ စသည့် အကြောင်းအရာများအား ဗဟုသုတရစေခြင်းအကျိုးငှာ ဤဆောင်းပါးအား ရေးသားရခြင်းဖြစ်ပါသည်။

Ageism အမည်ရှိသောအသက်အရွယ်အရ ခွဲခြားဆက်ဆံခံနေရမှုသည် ဘာကို ခေါ်ပါသလဲ

ယနေ့AGEISM ကြီးတွင် ခွဲခြားဆက်ဆံခြင်းပုံစံမျိုးစုံကို နေရာအစုံတွင် တွေ့နေရပါသည်။ ဥပမာအားဖြင့် လူမျိုး အသားအရောင်အရ၊ လိင်အရ၊ ဘာသာရေးအရ၊ အသက်အရွယ်အရ၊ မသန်စွမ်းမှုအရ၊ လူနေမှုစနစ်အရခွဲခြားခံရခြင်းစသည်တို့ ရှိသဖြင့် Ageism သည် တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ၎င်းတို့၏အသက်အရွယ်ကြောင့် ခွဲခြားဆက်ဆံခံရခြင်းဖြစ်ပြီး ထို Ageism သည် ၎င်းတို့၏ ယုံကြည်မှု၊ အလုပ်အကိုင်များ၊ ငွေရေးကြေးရေးနှင့် ဘဝအရည်အသွေးများ အပေါ်တွင် သက်ရောက်မှုရှိနိုင်ပါသည်။ ယနေ့ခေတ် AGEISMပေါ်တွင် အသက် ၆၀ ကျော် လူဦးရေ သန်း ၆၀ဝ ခန့်ရှိပြီး ၎င်းအရေအတွက်သည် ၂၀၂၅ တွင် နှစ်ဆဖြစ် မည်ဟု သုတေသနပညာရှင်များက ခန့်မှန်းထားပါသည်။ အောက်တိုဘာ ၁ ရက်နေ့သည်အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ (International Day of Older Persons) အဖြစ် တစ်ကမ္ဘာလုံးတွင် သတ်မှတ်ထားပါသည်။

John Knodel,Ph.D  ရေးသားသော Aging in Myanmar စာအုပ်တွင် ၂၀၁၅ ခုနှစ်  ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ခန့်မှန်းချက်သုတေသနများအရ စင်ကာပူနိုင်ငံတွင် လူဦးရေစုစုပေါင်း၏ အသက် ၆၀ ကျော်လူဦးရေမှာ ၁၇ ဒသမ ၉ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် ၁၅ ဒသမ ၈ ရာခိုင်နှုန်း၊ လာအိုနိုင်ငံတွင် ၆ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၈ ဒသမ ၉ ရာခိုင်နှုန်းဖြင့် မြန်မာနိုင်ငံသည် အလယ်အလတ်နှုန်း အဆင့် ဖြစ်နေပါသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် ယခုနှုန်းအတိုင်း ဆက်လက် သွားမည်ဆိုပါက ၂၀၅၀ ပြည့်နှစ် အရှေ့တောင်အာရှနိုင်ငံများတွင် သက်ကြီး ရွယ်အိုပမာဏသည် များပြားလာနိုင်ကြောင်း  ကမ္ဘာ့ကုလသမဂ္ဂမှ ခန့်မှန်းထားပါသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာသည် ၂၀၃၀ ပြည့်နှစ်တွင် အသက် ၆၀ အထက်လူဦးရေသည်  ကမ္ဘာ့လူဦးရေ၏ ၁ ဒသမ ၄ ရာခိုင်နှုန်းဖြစ်လာမည်ဟု  ကမ္ဘာ့ကုလသမဂ္ဂမှ မျှော်မှန်းခန့်မှန်းထားပါသည်။

Ageism ၏ အကျိုးသက်ရောက်မှုသည် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအပေါ် သက်ရောက်နေပြီလား

Ageism သည် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးကို ထိခိုက်လာနိုင်သော အဓိအချက်များထဲတွင် တစ်ခုအပါအဝင် ဖြစ်နေပါသည်။ ၎င်းတို့သည် စိတ်ဖိစီးမှုများ များပြားလာပြီး မိမိကိုယ်မိမိ ဘာမှမလုပ်နိုင်တော့ဟု ထင်မြင်လာရာမှ ကျန်းမာရေးကို ထိခိုက်လာပြီး စိတ်ဖိစီးမှုများ ခံစားလာရကာ အဆိုးမြင်လာမည်။ လူ့အသိုင်း အဝိုင်းထဲတွင် သီးသန့်နေရသလို ခံစားလာမည်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်လာပြီး စီးပွားရေးများကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင် ဖြစ်လာပါမည်။ ထိုကဲ့သို့သော လူဦးရေများ များပြားလာပါက လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးအား ထိခိုက်မှုများစွာဖြစ်စေနိုင်ပါသည်။

AGEISM သည် အသက်အရွယ်ကို ခွဲခြားခြင်းဖြစ်သဖြင့် အသက်အရွယ် ကြီးသူများ တိုက်ရိုက်ခံစားလာရပါသည်။ထို့ကြောင့် သက်လတ်များနှင့် သက်ကြီးသမားများအား အဆိုးမြင်သမားဖြစ်စေရန် တွန်းပို့ပေးသကဲ့သို့ ဖြစ်နေပါသည်။ အထူးသဖြင့် လုပ်ငန်းခွင်ထဲတွင် အသက်အရွယ်ကြီးသူများအတွက် ဆိုးကျိုးများ ဖြစ်ပေါ်နေပါသည်။ အလုပ်အကိုင်ရရှိခြင်းများတွင် အသက်အရွယ်သည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ကိုရီးယားနိုင်ငံသို့ ပညာတော်သင်သွားစဉ်က အချင်းချင်းစတင်တွေ့ဆုံ၍ နှုတ်ဆက်သည့်အခါ အသက်ဘယ်လောက်ရှိပြီလဲဟု စတင်အမေးခံရဖူးသဖြင့် တအံ့တသြ ဖြစ်ခဲ့ဖူးပါသည်။ မြန်မာနိုင်ငံတွင် အသက်အရွယ်သည် ထိုမျှကဲ့သို့ သက်ရောက်မှု ပေးနေကြောင်း မခံစားမိဖူးပါ။

သုတေသနများအရ ငယ်ရွယ်သူများနှင့် နှိုင်းယှဉ်ပါက အသက် ၄၀ ကျော် သမားများသည် အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းနည်းပါးကြောင်းနှင့် သက်လတ် နှင့် သက်ကြီး နှိုင်းယှဉ်ပါက သက်လတ်သမားသည် အလုပ်အကိုင်ပိုမိုရရှိပြီး အလုပ်ကို ပိုမိုလုပ်ကိုင်နိုင်သည်ဟု တွေ့ရှိကြပါသည်။

Ageism ကိုဘယ်လိုတိုက်ဖျက်ကြမလဲ

မူဝါဒချမှတ်သူများ၊ အလုပ်ရှင်များသည် မီဒီယာများမှတစ်ဆင့် Ageism အား နားလည်သဘောပေါက်စေရန် အသိပညာဗဟုသုတပေးခြင်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်ပေးရပါမည်။ အလုပ်ရှင်များ၊ အဖွဲ့အစည်းများမှတစ်ဆင့် အသိပညာပေး သင်တန်းများ၊ သင်ကြားပေးမှုများ လုပ်ဆောင်ပေးရပါမည်။ Ageism အား အပြုသဘောဆောင်သောကိစ္စရပ် (positive images) အဖြစ် အသက်အရွယ်ကြီး သူများ မြင်လာစေရန်၊ လက်ခံလာစေရန် ဆောင်ရွက်ပေးရပါမည်။ အမေရိကန်နိုင်ငံတွင် ထိုကဲ့သို့လုပ်ဆောင်ခဲ့ပြီး Ageism ကို သိသိသာသာ လျှော့ချနိုင်ပြီ ဖြစ်ပါသည်။ Ageism သည် မြန်မာနိုင်ငံတွင် သတိမထားမိသေးသော်လည်း Ageism  ကို ရင်ဆိုင်နေရသော ကိုရီးယားနှင့် ဂျပန်နိုင်ငံကဲ့သို့ နိုင်ငံများတွင် မျှော်မှန်းသက်တမ်း (life expectancy) အလွန်အမင်းမြင့်မားပြီး သက်ကြီးရွယ်အိုများ များပြားသည့်ဒဏ်ကို ခံစားနေရပြီး Ageism သည် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါသည်။ ထိုနိုင်ငံများတွင် အစိုးရက Ageism ၏ အကျိုးသက်ရောက်မှုကို လျော့ကျစေနိုင်မည့် နည်းလမ်းများကို ဆောင်ရွက်လျက်ရှိပါသည်။

အသက်အရွယ်ကြီးသူများအား ၎င်းတို့စွမ်းဆောင်ရည်အလိုက် အလုပ်အကိုင်များ ဝင်ရောက်လုပ်ကိုင်နိုင်ရန် စီစဉ်ပေးရပါမည်။ ဥပမာအားဖြင့် အသက်အရွယ်ကြီးသူများအား ၎င်းတို့အသက်အရွယ်နှင့် ၎င်းတို့၏ ကျွမ်းကျင်မှုဆိုင်ရာ ဆောင်ရွက်နိုင်မှု အလိုက် လုပ်ငန်းများ၊ အများပြည်သူအကျိုးပြု ပရဟိတလုပ်ငန်းများ စသည်ဖြင့် အလုပ်အကိုင်များ ဝင်ရောက်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အသက်အရွယ်ကြီးသူများသည် ကိုယ်လက်လှုပ်ရှားမှုကြောင့် ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်ရုံမျှမက အပိုဝင်ငွေလည်းရရှိသကဲ့သို့ ၎င်းတို့သည် မိမိကိုယ်မိမိ ဘာမှအသုံးမဝင်တော့ဟု ထင်မြင်နေရာမှ မိမိသည် စွမ်းဆောင်နိုင်သေးကြောင်း၊ အလုပ်အကိုင်များ လုပ်ကိုင်နိုင်သေးကြောင်း မိမိကိုယ်ကိုမိမိ ယုံကြည်မှုများ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ပေးသင့်ပါသည်။ ထို့အပြင် အသက်အရွယ်ကြီးသူများအချင်းချင်း တစ်ပတ်တစ်ကြိမ် (သို့မဟုတ်) တစ်လတစ်ကြိမ်ခန့် စုဝေးကာ အတူချက်ပြုတ် စားသောက်ကြခြင်း၊ ဗဟုသုတများဖလှယ်ကြခြင်း၊ ခရီးအတူသွားကြခြင်း၊ လမ်းလျှောက်ခြင်း၊ တောင်တက်ကြခြင်းစသည်တို့ ဆောင်ရွက်ပေးခြင်းဖြင့် စိတ်ဖိစီးမှု ကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်သော ပျော်ရွှင်သောဘဝဖြစ်စေရန် နေထိုင်ဆောင်ရွက်သင့်ပေသည်။ ဤနည်းများအားဖြင့်လည်း သက်ကြီးရွယ်အိုတို့၏ ယုံကြည်မှုများ၊ အလုပ်အကိုင်များ၊ ငွေရေးကြေးရေးနှင့် ဘဝအရည်အသွေးများအား ပြန်လည် မြှင့်တင်ပေးနိုင်ပါသည်။

မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများနှင့် ပတ်သက်သော ဥပဒေကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။ ထိုဥပဒေ တွင် သက်ကြီးရွယ်အိုဆိုသည်ကို အသက် ၆၀ အထက်ရှိသူများအား သတ်မှတ်ပြီး မြန်မာနိုင်ငံအစိုးရမှ ၂၀၁၆ ခုနှစ်တွင် သက်ကြီးရွယ်အို ၄ ဒသမ ၇၅ သန်းရှိသည်ဟုခန့်မှန်း ပြီး မြန်မာနိုင်ငံစုစုပေါင်းလူဦးရေ ၅၁ သန်းအနက် ၉ ဒသမ ဝ၆ ရာခိုင်နှုန်းရှိသည်ဟု ခန့်မှန်းပါသည်။

မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ဆောင်မှုလုပ်ငန်း များစွာရှိသည့်အနက် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်အဖြစ်ဆောင် ရွက်ပေးလျက်ရှိပါသည်။

သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်း

မြန်မာနိုင်ငံသည် အခြားနိုင်ငံများကဲ့သို့ သက်ကြီးရွယ်အို အလွန်အမင်း များပြားသည့်ဒဏ်ကို မခံစားရသေးသော်လည်း နောင်လာမည့်ဆယ်စုနှစ်များတွင် ယင်းပြဿနာကို ရင်ဆိုင်နိုင်သည် ဖြစ်ပါသောကြောင့် တိုးပွားလာမည့် သက်ကြီးရွယ်အိုများအားလုံး ဂုဏ်သိက္ခာရှိရှိနှင့် သွက်လက်ကျန်းမာပြီး လုံခြုံစိတ်ချရသောဘဝမျိုးဖြင့် လျှောက်လှမ်းနိုင်မည့် အစီအစဉ်ကို လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများအတွက် အဓိကလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ အနာဂတ်သက်ကြီး ရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းသည် သမားရိုးကျ ဘိုးဘွားရိပ်သာများလုပ်ငန်း တစ်ခုတည်းနှင့် လုံလောက်မှုမရှိသည့်အတွက် အခြားနည်းစနစ်များကိုလည်း ရှာဖွေဆောင်ရွက်လျက်ရှိပါသည်။

ရပ်ရွာအခြေပြုသက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်း

မြန်မာနိုင်ငံတွင် ကိုရီးယားအာဆီယံအိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး စီမံကိန်းကို ၂၀ဝ၄ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲနွမ်းပါးပြီး အထီးကျန်ဆန်နေသော သက်ကြီးရွယ်အိုများကို လူမှုရေးနှင့် ကျန်းမာရေးအရ စောင့်ရှောက်မှု ပေးခြင်းဖြင့် ၎င်းတို့၏ဘဝ ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်ရေး ဖြစ်ပါသည်။

လုပ်ငန်းစဉ်မှာ ရွေးချယ်လေ့ကျင့်ပေးထားသော စေတနာ့ဝန်ထမ်းများက အထီးကျန်ဆန်ပြီး စောင့်ရှောက်ရန်လိုအပ်နေသည့် ဘိုးဘွားတစ်ဦးဆီအား စေတနာ့ ဝန်ထမ်းတစ်ဦးက တာဝန်ယူစောင့်ရှောက်ပေးခြင်း ဖြစ်ပါသည်။ စောင့်ရှောက်ရာတွင် လူမှုရေးအရ စောင့်ရှောက်ခြင်း၊ ရှေးဦးသူနာပြုစုခြင်းကဲ့သို့သော အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးပါသည်။

လူမှုဝန်ထမ်းဦးစီးဌာနသည် Help-Age International (Myanmar)  နှင့် ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်၊ ပုသိမ်မြို့နယ်၊ ကန်ကြီး ထောင့်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ကျေးရွာစုစုပေါင်း ရွာ ၄၀ တွင် ရပ်ရွာအခြေပြု သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းကို ဆောင်ရွက်အကောင်အထည်ဖော်လျက်ရှိပြီး သက်ကြီးသူချင်း ကူညီစောင့်ရှောက် ရေးအဖွဲ့(Older People Self-Help Groups- OPSHGs) ကိုလည်း ဖွဲ့စည်း ခဲ့ပါသည်။ ထို့ပြင် Help-Age International (Myanmar) နှင့် ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာ၊ စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာတို့တွင် သက်ကြီးရွယ်အိုများအတွက် ကျေးလက်ဒေသဖွံ့ ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။ ၂၀၁၇ ဧပြီလမှစတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ အသက် ၈၅ နှစ် နှင့်အထက် သက်ကြီးရွယ်အိုများအား လစဉ်တစ်လ ၁၀ဝ၀ဝ နှုန်းဖြင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ ထောက်ပံ့ပေးလျက်ရှိပါသည်။

သင်လည်းတစ်နေ့အိုရပါဦးမည် (Ageism will soon affect you too)

မြန်မာနိုင်ငံတွင် Ageism ၏ အကျိုးသက်ရောက်မှုကို ယခုအချိန်တွင်မခံစား ရသေးသော်လည်း နောင်တစ်ချိန်တွင် မဖြစ်ပေါ်လာနိုင်ဟု ကောက်ချက်ချ မပြောနိုင် ပါသောကြောင့် အကယ်၍ ခံစားလာရပါက အသက်အရွယ်ကြီးသူများအား မည်သို့ ကြင်နာစွာဆက်ဆံကြမည်၊ မည်သို့မည်ပုံဆောင်ရွက်ကြမည်ကို ကြိုတင်မှန်းဆကာ အနာဂတ်အတွက် စီမံကိန်းတစ်ခု ကြိုတင်ရေးဆွဲသင့်ပေသည်။ ကျွန်မတို့ မြန်မာနိုင်ငံတွင် အသက်အရွယ်ကြီးနေသော်လည်း နိုင်ငံ့တာဝန်များအား ကျရာအခန်းကဏ္ဍမှ ယခုအချိန်ထိ တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ခေါင်းဆောင်များ၊ ဝန်ထမ်းများ အများအပြားရှိပါသည်။ နိုင်ငံ့ခေါင်းဆောင်များ၊ ဝန်ထမ်းများမဟုတ်ကြသော်လည်း ကျရာတာဝန်မှ ထမ်းဆောင်နေကြသော သား သမီးများ၏ တာဝန်သာမက မြေးများအထိ တာဝန်ယူကာ မိမိတတ်နိုင်သော၊ ဆောင်ရွက်နိုင်သော အခန်းကဏ္ဍမှ ဆောင် ရွက်နေကြသော ဘိုးဘိုးဘွားဘွားများလည်း အများအပြားရှိပါသည်။ အသက်အရွယ် ကြီးသူများသည် ဉာဏ်ပညာပြည့်စုံကြသည်။ လူငယ်များထက် စဉ်းစားတွေးခေါ်မှု အားကောင်းသည်။ အတွေ့အကြုံ ဗဟုသုတ များစွာရှိကြသည်။ အသက်အရွယ် ကြီးသူများသည် ရုပ်ပိုင်းဆိုင်ရာအရ မသန်မာ မစွမ်းဆောင်နိုင်တော့သော်လည်း ၎င်းတို့သည် ၎င်းတို့ ဖြတ်သန်းခဲ့ကြသော အတွေ့အကြုံများ ဖြစ်တည်ခဲ့မှုများအရ အကြံဉာဏ်ကောင်းများ ပေးနိုင်ကြပါသည်။ အသက်အရွယ်ကြီးသူများ၏ စိတ်ပိုင်းဆိုင် ရာခံစားနေရမှုများကို နားလည်ပေးနိုင်ရပါမည်။ လူ့လောကအဖွဲ့အစည်းကြီးအား အကျိုးပြုရန်အတွက် လုပ်ငန်းဆောင်တာများအား အတူတကွလက်တွဲ ဆောင်ရွက်သွားကြရပါမည်။ နိုင်ငံတော်အစိုးရမှလည်း သက်ကြီးရွယ်အိုများအား အလေးထား ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူလူထုဘက်မှလည်း သက်ကြီးရွယ်အိုများအား ခွဲခြားဆက်ဆံမှုကင်းစွာ ဖေးမ စောင့်ရှောက်ကြရမည်ဟူသော အသိပညာများ ဖြန့်ဖြူးပေးကာ သက်ကြီးရွယ်အိုများအား ဖေးဖေးမမချစ်ချစ်ခင်ခင် ဆက်ဆံပေး ကြရပါမည်။ ယနေ့လူငယ် နောင်ဝယ်လူကြီး ဟူသောစကားပုံသည် သင်လည်းတစ် နေ့အိုရဦးမည်ဟု ပြောနေသယောင်ပင် ဖြစ်ပါသောကြောင့် အသက်အရွယ်ကြီးသူများအား အသက်အရွယ်အရ ခွဲခြားဆက်ဆံမှုကင်းသော လူငယ်လူကြီးချစ်ချစ်ခင်ခင် ပူးပေါင်းသော ရေရှည်ဖွံ့ ဖြိုးတိုးတက်သည့် လူမှုအသိုက်အဝန်းဘဝများကို ဖန်တီးတည်ဆောက်ကြရင်း Ageism ကို တိုက်ဖျက်ကြပါစို့လို့ တိုက်တွန်းရေးသား လိုက်ရပေသည်။

မြန်မာ့အလင်း