၁၈  နိုဝင်ဘာ

 

သဘာဝတရားကြီးက လူသားတွေအတွက် ကျန်းမာရေးဆိုင်ရာ အံ့မခန်းဖွယ်အကျိုးကျေးဇူး တွေပေးထားပါတယ်။ ချင်း (ဂျင်း)ကလည်း သဘာဝကပေးတဲ့ အကောင်းဆုံးသော ဆေးစွမ်းတစ်လက်ပါ။ အရာရာတိုင်းက တန်ဆေးလွန်ဘေးဆို သလိုပဲ ဆေးဖက်ဝင်တယ် ဆိုတိုင်းလည်း အတိုင်းအဆမရှိ စားသုံးတာမျိုး မဖြစ်သင့်ပါဘူး။ မိမိရဲ့ ကျန်းမာရေး အခြေအနေတွေအပေါ်မှာမူတည်ပြီး အတိုင်းအချင့်နဲ့ စားသုံးသင့်ပါတယ်။ အောက်ဖော်ပြပါ ရောဂါရှိသူတွေအတွက် ချင်းက တော်တော်လေးကို အန္တရာယ်ကြီးလှပါတယ်။

 

ဂျင်း (ချင်း) ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

 

ဂျင်းက ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးပြုပါတယ်။ အစာအိမ်အနာတွေကို ကျက်စေနိုင်သလို ကင်ဆာဆဲလ်​တွေကိုလည်း သေစေနိုင်ပါတယ်။ အမိုးသားတွေအတွက်လည်း ကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။ ချင်းက ဆေးဖက်ဝင်တယ်ဆိုတာကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်များစွာ ကတည်းက သိရှိခဲ့တာဖြစ်ပါတယ်။

 

ဘယ်သူတွေ ချင်း (ဂျင်း) မစားသင့်ဘူးလဲ…..

 

ချင်းကကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုပေမယ့် လူတိုင်းအတွက် ကောင်းလှတယ်တော့ မဟုတ်ပါဘူး။ အောက်ဖော်ပြပါ ဝေဒနာရှင်တွေအနေနဲ့ ချင်းစားသုံးမှုကို လုံးဝရှောင်ကြဉ်တာမျိုးဖြစ်ဖြစ် ဒါမှမဟုတ် အတိုင်အချင့်နဲ့စားသုံးတာမျိုးဖြစ်ဖြစ် လုပ်ဆောင်သင့်ပါတယ်။

 

သွေးခဲဆေးသောက်သုံးနေရသူတွေ

 

ချင်းက သွေးကိုကျဲစေနိုင်စွမ်းရှိတာကြောင့် သွေးမတိတ်တဲ့ ဝေဒနာရှိတာကြောင့် သွေးခဲဆေးသောက်သုံးမှီဝဲ နေရသူတွေအနေနဲ့ ချင်းစားသုံးမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင် ဆွေးနွေးသင့်ပါတယ်။ အချို့သောဖြစ်ရပ်တွေမှာ ချင်းကဆေးအာနိသင်ကို လျော့ပါးစေနိုင်တာကြောင့် ချင်းစားသုံးတဲ့အခါ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါတယ်။

 

ဆီးချိုဆေးမှီဝဲနေရသူတွေ

 

ချင်းက သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်စွမ်းရှိပေမယ့် မက်ဖော်မင်နဲ့ အင်ဆူလင်လိုမျိုး ဆီးချိုဆေး သောက်သုံးနေရသူတွေအနေနဲ့ ဆေးအာနိသင်ကို လျော့ပါးစေနိုင်တာကြောင့် ချင်းမစားသုံးသင့်ပါဘူး။

 

ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ အတိုင်းအတာလောက်ပဲ စားသုံးသင့်ပါတယ်။ သွေးချိုတအား ကျဆင်းသွားနိုင်တာကြောင့်လည်း ချင်းစားသုံးမှုကို ရှောင်ကြဉ်သင့်တာဖြစ်ပါတယ်။

 

သွေးကျဆေးသောက်နေရသူတွေ

 

သွေးတိုးကျစေဖို့အတွက် သောက်သုံးရတဲ့ ဆေးတွေကိုမှီဝဲနေရသူတွေ အနေနဲ့လည်း ချင်းကို မစားသုံးသင့်ပါဘူး။ ချင်းက သွေးတိုးကျဆေးအချို့နဲ့ ဓာတ်ပြုနိုင်တာကြောင့် ဖြစ်ပါတယ်။ ချင်းနဲ့ သွေးတိုးကျဆေးတို့ ဓာတ်ပြုတဲ့အခါ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို အန္တရာယ်ရှိတဲ့ အခြေအနေလောက်အထိ ကျဆင်းစေတာမျိုး ဖြစ်ပေါ်စေပါတယ်။ နောက်ဆက်တွဲ ဝေဒနာတွေကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။ နှလုံးခုန်မမှန်တာမျိုးလည်း ဖြစ်ပေါ်ခံစား ရနိုင်ပါတယ်။

 

သွေးကျဆေးသောက်နေရသူတွေအနေနဲ့ ချင်းမစားခင် ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စားသုံးပေးပါ။

 

သည်းခြေကျောက်တည်နေသူတွေ

 

သည်းခြေကျောက်တည်မှုကို ခံစားရနိုင်ခြေရှိသူတွေအနေနဲ့ ချင်းစားသုံးမယ်ဆိုပါက ရောဂါအခြေအနေက ပိုမိုဆိုးရွားသွားနိုင်ပါတယ်။ သည်းခြေအိတ်မှာ သည်းခြေကျောက်တည် တာမျိုး ဖြစ်လာနိုင်ပါတယ်။ သည်းခြေကျောက်တွေက သည်းခြေပြွန်တလျှောက်စီးပါသွားရင်း သည်းခြေရည်တွေကိုအသည်းဆီကို ရောက်ရှိသွားစေနိုင်ပါတယ်။ ချင်းက သည်းခြေရည် ထုတ်လွှတ်မှုကို တိုးစေနိုင်ပါတယ်။

 

ဒီအခြေအနေက သည်းခြေကျောက်ပိတ်ဆို့မှုကို ဖြစ်ပေါ်စေပြီးဆိုးရွားလှတဲ့ နာမကျန်းဖြစ်မှုကို ဖြစ်ပေါ်စေ နိုင်ပါတယ်။ သည်းခြေရည်များလွန်းတာက သည်းခြေကျောက်ဖြစ်နိုင်ခြေကို တိုးစေနိုင်တာကြောင့် သည်းခြေကျောက်တည်နိုင်ခြေရှိသူတွေအနေနဲ့ ချင်းမစားသုံးသင့်ပါဘူး။ စားမယ်ဆိုပါက ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

 

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ချင်းမစားသုံးသင့်ပါဘူး။

 

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ချင်းစားသုံးသင့်သလားဆိုတာကို သေသေချာချာ သိရတာမျိုးမရှိပေမယ့် ဆိုးကျိုးဖြစ်နိုင်သလားဆိုတာကိုလည်း ရေရေရာရာ မသိရသေးပါဘူး။ လေ့လာမှုတော်တော်များများမှာတော့ ချင်းစားသုံးတာက သန္ဓေသားရဲ့ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းကို ထိခိုက်စေနိုင်တယ် ဆိုပါတယ်။

 

ချင်းက သွေးထွက်မှုကို များစေနိုင်တာကြောင့် မီးဖွားမယ့်ရက်နီးတဲ့အခါ မစားသုံးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ချင်းစားသုံးမယ်ဆိုပါက ဆရာဝန်တွေနဲ့အရင်တိုင်ပင်သင့်ပါတယ်။

 

စားသုံးသင့်တဲ့ပမာဏ

 

အထက်ပါရောဂါဝေဒနာတွေမရှိတဲ့ သာမန်သူတွေအနေနဲ့ ချင်းကို တစ်နေ့ ၄ ဂရမ်သာစားသုံး ပေးသင့်ပါတယ်။

 

ကိုယ်ဝန်ဆောင်တွေအနေနဲ့ တစ်နေ့ကို ၁ ဂရမ်ထက်ပိုမစားသင့်ပါဘူး။

 

ရေးသားသူ -Aye Thi Mon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”