မန္တလေး ၂၅ မေ
ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် နှစ်လကျော်ကြာ ဈေးကွက်အေးစက်နေသည့် သင်ဖြူးဖျာဈေးကွက်မှာ ယခုရက်ပိုင်းအတွင်း ဒေသန္တရတားမြစ်မိန့်များ ဖြေလျော့ပေးမှုကြောင့် အရောင်းအဝယ်များ ပြန်လည်သက်ဝင် လှုပ်ရှားလာကြောင်း မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် လက်ဆောင်ယူကျေးရွာမှ သင်ဖြူးဖျာ ရက်လုပ်သူများထံမှ သိရသည်။
အဆိုပါ လက်ဆောင်ယူကျေးရွာတွင် သင်ဖြူးဖျာရက်လုပ်သည့်လုပ်ငန်းကို မိရိုးဖလာ လက်မှုလုပ်ငန်းအဖြစ် တစ်ရွာလုံးနီးပါး လုပ်ကိုင်ကာ စီးပွားရေးအဆင်ပြေလျက်ရှိပြီး ယခုနှစ်တွင် သင်ဖြူးဖျာ အကောင်းဆုံးအချိန်ဖြစ်သည့် နွေရာသီကာလ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဒေသန္တရအမိန့်များထုတ်ပြန်ကာ လမ်းပန်းဆက်သွယ်ရေး ကန့်သတ်မှုများကြောင့် သယ်ယူပို့ဆောင်မှု အခက်အခဲများဖြစ်ပေါ်ကာ အရောင်းအဝယ်များ နှစ်လကျော်ကြာ အေးစက်ငြိမ်သက်လျက်ရှိကြောင်း အဆိုပါရွာမှ သင်ဖြူးဖျာလုပ်ငန်းလုပ်ကိုင်သူ ကိုနောင်နောင်က ပြောသည်။
“သင်ပင်ကိုလွှာပြီး ရက်လုပ်ထားတဲ့ သင်ဖြူးဖျာက ကျန်းမာရေးနှင့်ညီညွတ်ပြီး အေးမြတဲ့ခံစားမှုရှိလို့ နွေရာသီကာလမှာ သင်ဖြူးဖျာနဲ့ အိပ်စက်နေထိုင်ခြင်းက အကောင်းဆုံးပါပဲ။ ဒါကြောင့် နွေကာလမှာ ပိုပြီးရောင်းအားကောင်းပါတယ်။ ဒီနှစ်နွေမှာတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့အတွက် တင်ပို့ရောင်းချလို့လည်း မရ၊ ကျွန်တော်တို့ ရွာတွေဆီကိုလည်း လာပြီးဝယ်လို့မရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတော့ အရောင်းအဝယ်တွေက မတ်လလောက်ကနေ အခု မေလလယ် လောက်အထိ ရပ်တန့်သလို ဖြစ်သွားတယ်။ အခု မေလ တတိယအပတ်ကစပြီး ခရီးသွားလာမှုတွေ ဖြေလျော့ပေး တဲ့အတွက် မန္တလေးဈေးကွက်ကိုစပြီး တင်ပို့လို့ရသွားလို့ အရောင်းအဝယ်တွေ ပြန်ပြီးအသက်ဝင်လာတယ်လို့ ပြောရမှာပဲ။ အရောင်းဝယ်အေးနေတဲ့ ကာလမှာတော့ လက်ခစားလုပ်တဲ့သူတွေ ပုံမှန်ဝင်ငွေလေးရအောင် သင်ဖြူးဖျာတွေ ဆက်တိုက်ရက်လုပ်ပြီး စုဆောင်းထားပါတယ်”ဟု ၎င်းက ပြောသည်။
သင်ဖြူးဖျာရက်လုပ်သည့် လုပ်ငန်းနှင့်ပတ်သက်၍ လက်ဆောင်ယူကျေးရွာမှ ဒေါ်တုတ်တုတ်ကလည်း “သင်ဖြူးဖျာ ရက်တဲ့အခါမှာ သင်ပင်ကို တစ်ရက်ရေစိမ်ပြီးလွှာရပါတယ်။ လွှာပြီးသား သင်တွေကို ရေခြောက်အောင်လှမ်းပြီးမှ ဖျားရက်ရတာပါ။ ဖျားရက်တဲ့ အချိန်မှာတော့ ရေစွတ်ပြီးမှ ပြန်ရက်ကြရတာပါ။ အဲဒါမှ သင်ဖြူးဖျာက ကျဲမနေပဲ ခပ်စိတ်စိတ်လေး ဖြစ်နေမှာပါ။ ရေမစွတ်ရင်သင်တွေက ကျဲနေမှာပေါ့။ တစ်ရက်ကို ဖျာနှစ်ချပ်လောက် ရက်နိုင်ပါတယ်။ တချို့လည်း ကျွမ်းကျင်မှုပေါ်မူတည်ပြီး သုံး၊ လေးချပ်ပြီးပါတယ်။ လက်ခအနေနဲ့ ၂၀၀၀ ကျပ် ရပါတယ်။ ကိုယ့်အိမ်မှာနေရင်း လုပ်ရတဲ့အတွက် အိမ်မှုကိစ္စလုပ်ရင်း သက်သက်သာသာလုပ်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် အိမ်ခြေ ၃၅၀ လောက်ရှိတဲ့ ကျွန်မတို့ရွာမှာ တစ်ရွာလုံးနီးပါးပဲ။ မိရိုးဖလာလုပ်ငန်းအနေနဲ့ လုပ်ကြပါတယ်” ဟု ပြောသည်။
အဆိုပါကျေးရွာမှ သင်ဖြူးဖျာများကို လက်ကားဈေးနှုန်းများအဖြစ် ၄ ပေ x ၆ ပေအရွယ်ရှိ တစ်ယောက်အိပ် တစ်ချပ်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ၆ ပေ x ၅ ပေခွဲအရွယ်ရှိ နှစ်ယောက်အိပ် တစ်ချပ်လျှင် ၂၅၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ၆ ပေ x ၆ ပေခွဲအရွယ်ရှိ မိသားစုဖျာ တစ်ချပ်လျှင် ၃၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ တင်ပို့ရောင်းချသည့်အပြင် ၎င်းကျေးရွာသို့ တိုက်ရိုက်လာရောက် ဝယ်ယူမှုများလည်းရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


