ရေးသားသူ Arkar Hein

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

သင့်ရဲ့ လက်သည်းတွေ အကြောင်းကို သင်ကောင်းကောင်းသိပြီလား

 

လက်သည်းတွေဟာ ခန္ဓာကိုယ်ရဲ့ အဓိကအရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ မဟုတ်ဘူးလို့ တော်တော်များများက ထင်တတ်ကြပေမဲ့ လက်သည်းတွေဟာ ကျန်းမာရေးရဲ့ လက္ခဏာတွေကိုပြနေတဲ့ နေရာတစ်ခုဖြစ်တဲ့အပြင် အလှအပအတွက်ပါ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းမဟုတ်ဘူးလို့ ထင်ကြတာကြောင့်ရော၊ ကျန်းမာရေးပြဿနာ သိပ်ဖြစ်လေ့ မရှိတာကြောင့်ရော လက်သည်းတွေနဲ့ ပတ်သတ်တဲ့ အချက်တွေကို လူတော်တော်များများ မသိကြပါဘူး။ ဒီလို မသိသေးကြတဲ့ လူတွေအတွက် စိတ်ဝင်စားစရာ အချက်လေးတွေကို ကျွန်တော်တို့ Hello sayarwon မှ စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

 

၁။ လက်သည်းတွေကို ကဲရာတင် (keratin) နဲ့ ဖွဲ့စည်းထားတာပါ။

 

ကဲရာတင် (keratin) ဆိုတာ ဖိုင်ဘာပရိုတင်း တစ်မျိူးဖြစ်ပြီး ဆံပင်၊ လက်သည်း၊ ခွာ နဲ့ ချိုတို့မှာ အဓိက ပါဝင်နေတဲ့ ပရိုတင်းဓာတ် တစ်မျိုးဖြစ်ပါတယ်။ ကဲရာတင်ကို ခန္ဓာကိုယ် အတွင်းပိုင်း အင်္ဂါတွေနဲ့ ဂလင်းတွေမှာလည်း တွေနိုင်ပါသေးတယ်။ ကဲရာတင်ဟာ အကြမ်းခံတဲ့ ပရိုတင်းဖြစ်ပြီး ခန္ဓာကိုယ်က တစ်ခြားဆဲလ်တွေလို ပျက်ဆီးတာမျိုး သိပ်မရှိပါဘူး။ ကဲရာတင်ဟာ လက်သည်း၊ ခြေသည်း ကျန်းမာရေး အတွက် အဓိကကာကွယ်ပေးပြီး လက်သည်းခြေသည်းတွေကို ပိုပြီးသန်မာစေပါတယ်။

 

 

၂။ သင်မျက်စိနဲ့ မြင်ရတဲ့ ဆဲလ်တွေဟာ အသေတွေဖြစ်ပါတယ်။

 

လက်သည်းခြေသည်းတွေဟာ အရေပြားတွေအောက်မှာ စတင်ကြီးထွားနေတာ ဖြစ်ပါတယ်။ ဆဲလ် အသစ်တွေ စတင်ကြီးထွားလာတာနဲ့ ဒီဆဲလ်တွေက ဆဲလ်အဟောင်းတွေကို အရေပြားအပြင်ဘက်ကို တွန်းထုတ် လိုက်ပါတယ်။ ဒါကြောင့် သင်မျက်စိနဲ့ မြင်နေရတဲ့ ဆဲလ်တွေက ဆဲလ်အသေတွေပါ။ ဒါကြောင့်မို့ လက်သည်း၊ ခြေသည်း ညှပ်တဲ့အခါ မနာကျင်ကြတာပေါ့။

 

 

၃။ လက်သည်း၊ ခြေသည်းတွေ ကြီးထွားလာဖို့ အတွက် သွေးစီးဆင်းမှု လိုပါတယ်။

 

လက်သည်း၊ ခြေသည်း အပြားတွေ အောက်မှာရှိတဲ့ nail bed လို့ခေါ်တဲ့ အရေပြားအောက်မှာ သေးငယ်တဲ့ ဆံချည်မျှင် သွေးကြောလေးတွေရှိပါတယ်။ ဒီသွေးကြောတွေက လက်သည်း၊ ခြေသည်းတွေကို ပိုကြီးထွား လာအောင်ပြုလုပ်ပေးပြီး ပန်းဆီရောင်ကို ဖြစ်စေတာပါ။ nail bed ဟာ တစ်ခြားအရေပြားတွေလိုပဲ deeper dermis လို့ခေါ်တဲ့ ဆံချည်မျှင်သွေးကြောနဲ့  ဂလင်းတွေပါဝင်တဲ့ တစ်ရှုးတွေနဲ့ epidermis ခေါ်တဲ့ လက်သည်း၊ ခြေသည်းပြားအောက်က တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားပါတယ်။

 

 

၄။ လက်သည်း၊ ခြေသည်းတွေကလည်း အာရုံခံနိုင်စွမ်းရှိပါတယ်။

 

သင်မျက်စိနဲ့ မြင်နေရတဲ့ လက်သည်း၊ ခြေသည်းတွေဟာ အသေတွေဖြစ်ပြီး ခံစားချက်မရှိပါဘူး။ ဒါပေမဲ့ Nail bed အရေပြားမှ dermis မှာ အာရုံခံ နာဗ့်ကြောတွေ ရှိနေပါတယ်။ လက်သည်း၊ ခြေသည်းတွေကို ဖိအား တစ်ခုခု ဖိမိတဲ့အခါ ဒီအာရုံကြောတွေက ဦးနှောက်သို့ အချက်ပြစနစ်တွေ ပို့လွှတ်နိုင်ပါတယ်။

 

 

၅။ လက်သည်းတွေဟာ တစ်လကို ၃.၅ မီလီမီတာ ခန့်ရှည်ထွက်နိုင်ပါတယ်။

 

လက်သည်းတွေကတော့ ၃ ဒသမ ၅ မီလီမီတာခန့်ရှည်ပြီး ခြေသည်းတွေကတော့ တစ်လကို ၁ ဒသမ ၅ မီလီမီတာခန့် ရှည်လျားပါတယ်။ ဒီအတိုင်းအတာတွေကတော့ ကျန်းမာတဲ့ လူလတ်ပိုင်းအရွယ်တွေ အတွက်နှုန်းတွေ ဖြစ်ပါတယ်။ စားသုံးတဲ့အာဟာရ နည်းပါးမယ်၊ လက်သည်းခြေသည်းတွေကို ဂရုစိုက် စောင့်ရှောက်မှု နည်းပါးမယ်ဆိုရင် ကြီးထွားနှုန်းကို ထိခိုက်နိုင်ပါတယ်။

 

 

၆။ လက်သည်းတွေက သင်သေသွားတဲ့ အချိန်တွေမှာ မကြီးထွားတော့ပါဘူး။

 

ဒီအချက်ဟာ သိသာလွန်းတဲ့ အချက်ဖြစ်ပေမဲ့ လက်သည်းတွေက သေသွားတဲ့ အချိန်တောင် ကြီးထွား နေနိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီတွေ ရှိနေတဲ့ အတွက် ထည့်ရေးရတာပါ။ ဒီလို သေသွားရင်တောင် လက်သည်းတွေ ပိုရှည်လာတယ်ဆိုတဲ့ ဒဏ္ဍာရီဖြစ်ပေါ်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုကတော့ လူတစ်ယောက် သေဆုံး သွားပြီဆိုရင် အရေပြားတွေက ရေဓာတ်ခန်းခြောက်သွားပြီး ရှုံ့တွသွားတဲ့အတွက် လက်သည်းတွေ ရှည်လာတယ်လို့ ထင်ရတာဖြစ်ပါတယ်။

 

 

၇။ အမျိုးသားတွေရဲ့ လက်သည်း၊ ခြေသည်းတွေကပိုပြီး အရှည်မြန်ပါတယ်။

 

လက်သည်း၊ ခြေသည်းတွေက ပိုပြီးအရှည်မြန်တဲ့အပြင် အမျိုးသား ဆံပင်တွေကလည်း အမျိုးသမီးတွေထက် ပိုပြီး အရှည်မြန်ပါတယ်။ ခြွင်းချက်တစ်ခုအနေနဲ့တော့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အမျိုးသမီးတွေရဲ့ ဆံပင်နဲ့ ခြေသည်း၊ လက်သည်းတွေက အမျိုးသားတွေထက်ပိုပြီး အရှည်မြန်ပါတယ်။

 

 

၈။ သင်အားသန်တဲ့ လက်က ခြေသည်း၊ လက်သည်းတွေကလည်း ရှည်လျားနှုန်း ပိုမြန်ပါတယ်။

 

သင်က ညာသန်လူတစ်ယောက်ဆိုရင် သင်ရဲ့ ညာဘက်က လက်သည်း၊ ခြေသည်းတွေက ဘယ်ဘက်လက်က ခြေသည်းလက်သည်းတွေထက်ပိုပြီး အရှည်မြန်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းရင်း တစ်ခုကတော့ ဒီလက်က ကျန်တဲ့လက်ထက်ပိုပြီး လှုပ်ရှားရတဲ့အတွက် ဖြစ်နိုင်ပါတယ်။

 

 

၉။ ရာသီဥတုတွေကလည်း လက်သည်း၊ ခြေသည်းတွေရဲ့ ကြီးထွားနှုန်းကို သက်ရောက်နိုင်ပါတယ်။

 

လက်သည်း၊ ခြေသည်းတွေက ဆောင်းရာသီထက်၊ နွေရာသီမှာပိုပြီး အရှည်မြန်ပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲဆိုတာ လေ့လာထားတဲ့ သုတေသနပြုချက်တွေ များများစားစားမရှိသေးပေမဲ့ သုတေသနတစ်ခု အရ ဆောင်းရာသီမှာ ကြွက်များရဲ့ လက်သည်း၊ ခြေသည်း ကြီးထွားနှုန်းရပ်တန့်သွားကြောင်း တွေ့ရှိ ခဲ့ကြပါတယ်။

 

 

၁၀။ သင့်ရဲ့ လက်ကို ဘယ်လောက်အသုံးပြုသလဲဆိုတာကလည်း လက်သည်း၊ ခြေသည်း ရှည်လျားနှုန်းကို သက်ရောက်နေပါတယ်။

 

keyboard သုံးနေတဲ့အခါမျိုး၊ ခုံပေါ်မှာခေါက်တာမျိုး၊ လက်ချောင်းများနဲ့ တစ်ခုခုနဲ့ဖိနှိပ်တာတွေ များများလုပ်တဲ့အခါ လက်သည်းတွေကို ဒဏ်ရာအသေးစားလေးတွေ ဖြစ်စေလာနိုင်ပါတယ်။ ဒီလို ဒဏ်အသေးစားလေးတွေက လက်ချောင်းထဲ သွေးစီးဆင်းမှုကို ပိုများပြားလာစေပြီး လက်သည်းတွေကို ပိုပြီး ရှည်လျားစေနိုင်ပါတယ်။

 

 

၁၁။ လက်သည်း၊ ခြေသည်း အရောင်က သင့်ရဲ့ကျန်းမာရေးအလိုက် ပြောင်းလဲနေပါတယ်။

 

အရေပြားရောဂါ လက္ခဏာ ၁၀ ရာခိုင်နှုန်းလောက်ဟာ လက်သည်းခြေသည်းတွေနဲ့ ဆက်နွယ်နေပါတယ်။ အဝါရောင်၊ အညိုရောင်နဲ့ အစိမ်းရောင်လက်သည်းတွေဖြစ်နေပြီဆိုရင် ဒါကသင့်မှာ မှိုကူးစက်ရောဂါ ခံစားနေတယ်ဆိုတဲ့ လက္ခဏာပါ။ တချို့သော ဖြစ်ရပ်တွေမှာကျတော့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုနှုန်းကို ထိန်းချုပ်ပေးပြီး လည်မျိုရှေ့နားမှာ တည်ရှိတဲ့ သွိုင်းရိုက် အကျိတ်ရောဂါတစ်ခုခု ခံစားနေရတဲ့ အချိန်မျိုး၊ အနီပိမ့်များထတဲ့ psoriasis အရေပြားရောဂါဖြစ်နေတဲ့ အချိန်မျိုး၊ ဆီးချိုရောဂါဖြစ်နေတဲ့ အချိန်မျိူးမှာလည်း အဝါရောင် လက်သည်း၊ ခြေသည်းတွေ ဖြစ်တတ်ပါတယ်။

 

 

၁၂။ လက်သည်းပေါ်က အဖြူကွက်လေးတွေဟာ ကယ်လ်ဆီယမ်ချို့တဲ့လို ဖြစ်နေတာ မဟုတ်ပါဘူး။

 

လက်သည်းပေါ်က အဖြူကွက်လေးတွေ၊ အဖြူရောင်လိုင်းလေးတွေဟာ လက်သည်းကိုက်တဲ့အခါမျိုးကြောင့် ဖြစ်ပေါ်တဲ့ အသေးစားဒဏ်ရာလေးတွေကြောင့် ဖြစ်ရတာပါ။ ဒီအဖြူကွက်လေးတွေဟာ ပုံမှန်အားဖြင့် ဘာ အန္တရာယ်မှမရှိဘဲ မကြာခင်မှာ ပြန်ပျောက်ကင်းသွားတတ်ပါတယ်။

 

 

၁၃။ စိတ်ဖိစီးမှုက လက်သည်း၊ ခြေသည်းတွေအပေါ်သက်ရောက်မှု ရှိပါတယ်။

 

စိတ်ဖိစီးမှုက သင့်ရဲ့ လက်သည်းတွေ ရှည်လျားနှုန်းကို နှေးကွေးစေပြီး ရှည်လျားနှုန်းကို ယာယီမျှ ရပ်တန့် သွားစေနိုင်ပါတယ်။ လက်သည်း၊ ခြေသည်းတွေ ပြန်လည် ရှည်လျားလာတဲ့ အခါမှာတော့ အလျားလိုက် အဖြူရောင် လိုင်းတွေ ဖြစ်ပေါ်လာတာကို တွေ့ရမှာပါ။ ဒီအဖြူရောင်လိုင်းတွေက ပုံမှန်အားဖြင့် အန္တရာယ်မရှိဘဲ မကြာခင်မှာပဲ ပျောက်သွားတတ်ပါတယ်။

 

 

၁၄။ လက်သည်းကိုက်တဲ့အကျင့်က စိတ်လှုပ်ရှားတဲ့အတွက်ကြောင့် လုပ်မိတဲ့ အကျင့်တစ်မျိုး ဖြစ်ပါတယ်။

 

လက်သည်းကိုက်တတ်တဲ့ အကျင့်ကို onychophagia လို့ခေါ်ပြီး ရေရှည်ကျန်းမာရေးထိခိုက်မှုကို မဖြစ်စေပါဘူး။ ဒါပေမဲ့ ဒီလို လက်သည်းကိုက်တဲ့အခါ လက်သည်းမှ ရောဂါပိုးမွှားများက ပါးစပ်ထဲရောက်နိုင်တဲ့ အတွက် တစ်ခါတစ်ရံမှာ ဖျားနားနိုင်ပါတယ်။ ဒါ့အပြင် လက်သည်းနားတစ်ဝိုက်က ဒဏ်ရာရသွားတဲ့ အရေပြားတွေမှာလည်း ရောဂါပိုးမွှားတွေ ကူးစက်ခံရနိုင်ပါသေးတယ်။

 

 

၁၅။ အမြဲတမ်း လက်သည်း၊ ခြေသည်း ဆိုးဆေးတွေ မသုံးပါနဲ့။

 

လက်သည်းတွေ အမြဲတမ်းကျန်းမာရေးကောင်းမွန်နေစေဖို့ လက်သည်းဆိုးဆေးတွေ၊ အရောင်တင်ဆေးတွေ၊ လက်သည်းအတုတွေကို အမြဲတမ်းမသုံးပါနဲ့။ဒီလို ပစ္စည်းတွေကို သုံးစွဲခြင်းနဲ့ ဖျက်ခြင်းတို့ လုပ်တဲ့အခါ လက်သည်း၊ ခြေသည်းတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ဒီလိုပစ္စည်းများကို အမြဲတမ်းမသုံးစွဲဘဲ မကြာခဏ နားပေးခြင်းဖြင့်လက်သည်း၊ ခြေသည်းတွေကို ပြန်လည်ကောင်းမွန်လာစေနိုင်ပါတယ်။

 

 

၁၆။ သင့် လက်သည်း၊ ခြေသည်း တွေရဲ့ အထူအပါးဟာ သင့်ရဲ့ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်ပါတယ်။

 

လက်သည်း၊ ခြေသည်းတွေရဲ့ရှည်လျားနှုန်းနဲ့ တစ်ခြားသော ပုံပန်းသွင်ပြင်တွေဟာ သင့်ရဲ့မျိုးရိုးဗီဇအပေါ် တစိတ်တပိုင်း မှီခိုနေပါတယ်။ လက်သည်း၊ ခြေသည်းတွေရဲ့ ရှည်လျားနှုန်းနဲ့ တစ်ခြားပုံပန်းသွင်ပြင်တွေကို သက်ရောက်နိုင်တဲ့ အကြောင်းအရာတွေကတော့ သင့်ရဲ့အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေတို့ ဖြစ်ပါတယ်။

 

 

၁၇။ လက်သည်း၊ ခြေသည်းအရင်းရှိ အရေမာ အရစ် (ပန်းကုံး) ရဲ့ လုပ်ဆောင်ချက်။

 

http://myanmardigital.news/sites/default/files/let%20tel.png

 

 

လက်သည်း၊ ခြေသည်းအရင်းရှိ အရေမာ အရစ် (ပန်းကုံး) (cuticle) လေးတွေဆိုတာ လက်သည်း၊ ခြေသည်းတွေရဲ့ အရင်းပိုင်းက အရေပြား အမာလေးတွေကိုခေါ်တာ ဖြစ်ပါတယ်။ လက်သည်းတွေက အဲ့ဒီနေရာကနေပြီး စတင်ကြီးထွားလာတယ်လို့ထင်ရပေမဲ့ တကယ်တမ်းက လက်သည်းတွေ ကြီးထွားတဲ့ နေရာက အရေမာတွေထက်ပိုပြီး အတွင်းကျတဲ့နေရာမှာ ရှိပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်ကတော့ လက်သည်း၊ ခြေသည်းနဲ့ အရေပြား အပေါ်ယံအလွှာကြား ဧရိယာကို ဗက်တီးရီးယားတွေ မဝင်လာအောင် တားဆီး ပေးထားတာဖြစ်ပါတယ်။ ဒီ အရေမာ အရစ် (ပန်းကုံး) (cuticle) လေးတွေဟာ ရောဂါပိုးတွေကို တားဆီးပေးထားတဲ့ အရာ ဖြစ်တာကြောင့် ဒါတွေ ညှပ်ပစ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ဖို့ လိုပါတယ်။

 

 

၁၇။ တစ်ခြားနို့တိုက်သတ္တဝါတွေနဲ့ အဆင့်မြင့်ဆုံး နို့တိုက်သတ္တဝါတို့ရဲ့ လက်သည်းတွေက မတူကြပါဘူး။

 

လူအပါအဝင် အဆင့်မြင့်ဆုံး နို့တိုက်သတ္တဝါ (Primates) တွေမှာ တိရစ္ဆာန်တွေရဲ့ လက်သည်း ခြေသည်းတွေလို မဟုတ်ဘဲ ပါးလွှာတဲ့ လက်သည်းခြေသည်းတွေအပြင် လားမရာမတူတဲ့ လက်မပါဝင် နေပါတယ်။ ဒီလိုလက်သည်းနဲ့ လက်မတွေကြောင့် အရာဝတ္ထုတွေကိုပိုပြီး ကိုင်ဆုပ်နိုင်စွမ်း ကောင်းမွန် စေပါတယ်။

 

 

သင့်ရဲ့ လက်သည်းတွေဟာ သင်ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ပုံဖော်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျန်းမာရေးဆိုင်ရာ ရောဂါတစ်ခုခု ခံစားနေရတဲ့အခါ၊ အာဟာရချို့တဲဲ့့အခါ၊ စိတ်ဖိစီးမှုများပြားတဲ့အခါ လက်သည်းတွေက အရောင်ပြောင်းနိုင်လို့ပါပဲ။ ဒါ့ကြောင့် သင့်ရဲ့လက်သည်းမှာ ပြောင်းလဲမှုတွေ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်တာက အကောင်းဆုံးပါပဲ။ လက်သည်းကျန်းမာရေးအတွက် လုပ်ဆောင်သင့်တဲ့ အရာတွေကတော့-

 

လက်သည်းတို့တွေကို ပုံမှန်ညှပ်ပေးပြီး တိုအောင်ထားပါ။

 

လက်သည်းရှည် ထားမယ်ဆိုရင်လည်း လက်ထိပ်ကနေ ရှည်ထွက်နေတဲ့ လက်သည်းတွေအောက်ကို အမြဲတမ်းရေနဲ့ပဲဖြစ်ဖြစ် ဆပ်ပြာနဲ့ပဲ ဖြစ်ဖြစ်သန့်ရှင်းပေးပါ။ လက်သည်းတိုက်တဲ့ ဘရပ်စ်များကိုလည်း အသုံးပြုနိုင်ပါတယ်။

 

လက်သည်း အလှပြင်ပစ္စည်းတွေကို ပိုးသတ်ထားပါ။ ( သင်အလှပြင်ဆိုင်တွေသွားရင်လည်း ပိုးသတ်ထားမှ အသုံးပြုပါ)

 

လက်သည်းကိုက်တာမျိုး၊ ဝါးတာမျိုး မလုပ်ပါနဲ့။

 

လက်သည်းထိပ်တွေ ပဲ့နေပြီဆိုရင်လည်းကိုက်ပြီး ဆွဲထုတ်တာမျိုးမလုပ်ပဲ ပိုးသတ်ထားတဲ့ လက်သည်း ညှပ်တွေကို အသုံးပြုပြီး ဖယ်ရှားပါ။

 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"

 

http://myanmardigital.news/sites/default/files/201804181141028002_2.png