သင်သွေးလှူဖူးပါသလား။ သွေးမလှူခင်မှာ သင့်သွေးအမျိုးအစားကို စစ်ဆေးကြည့်ရပါတယ်။ အချို့သော သူတွေဟာ မိမိရဲ့သွေးအုပ်စုက ဘာအုပ်စုလည်းဆိုတာမသိကြပါဘူး။ အများစုကတော့ သိနှင့်ပြီးသားပါ။ သင့်သွေးအုပ်စုအမျိုးအစားနဲ့ ကျန်းမာရေးအခြေအနေဟာ ဆက်စပ်မှုရှိပါတယ်။ လေ့လာကြည့်ရအောင်။
သွေးအုပ်စုအမျိုးအစားလေးမျိုးရှိပါတယ်။ အေ ( A ) ,ဘီ ( B ) ,အေဘီ ( AB )နဲ့ အို (O) တို့ပါ။
သွေးခဲခြင်း ။ ။ဒိန်းမတ်နိုင်ငံရဲ့ သုတေသနတစ်ခုအရ သွေးအုပ်စု ‘AB’ သွေးပိုင်ရှင်တွေရဲ့ (၈၂) ရာခိုင်နှုန်းလောက်ဟာ မှတ်ဉာဏ်ပျောက်ဆုံးလွယ်ပါတယ်။ အသက်ကြီးရင့်သူ ‘AB’ သွေးပိုင်ရှင် တွေဟာ စိတ်ကစဉ့်ကလျား ဖြစ်နိုင်ခြေနဲ့ စိတ်ကျန်းမာရေး ပြဿနာတွေ (စိတ်ရောဂါ) ဖြစ်နိုင်ခြေ များပါတယ်။
သန္ဓေအောင်နိုင်ခြေ ။ ။အမေရိကန်နိုင်ငံ နယူးပြည်နယ်က တက္ကသိုလ်တွေမှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ ‘O’ သွေးပိုင်ရှင်အမျိုးသမီးတွေဟာ မျိုးအောင်နိုင်ခြေနည်းပါးပါတယ်။ သူတို့ရဲ့ ‘မ’မျိုးဉပမာဏနဲ့ အရည်အသွေးဟာ တခြားသော သွေးအမျိုးအစားပိုင်ရှင်တွေထက် မကောင်းတဲ့ ဘက်ကို ရောက်နေပါတယ်။
အစာအိမ်ကင်ဆာ။ ။‘AB’ သွေးပိုင်ရှင်တွေဟာ ‘B’ နဲ့ ‘O’ သွေးထက် အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ (၂၆)ရာခိုင်နှုန်း များပါတယ်။ ‘A’သွေးပိုင်ရှင်တွေကတော့ ‘B’ နဲ့ ‘O’ သွေးပိုင်ရှင် တွေထက် (၂၀) ရာခိုင်နှုန်း ပိုများပါတယ်လို့ဆိုထားပါတယ်။ ‘A’ နဲ့ ‘AB’ သွေးတွေဟာ ဆေးလိပ် သောက်ခြင်းနဲ့ အရက်အလွန်အကျွံ သောက်သုံးခြင်း ကြောင့်ဖြစ်လာနိုင်တဲ့ရောဂါတွေ ခံစားရနိုင်ခြေလည်း များပါသေးတယ်။
နှလုံးရောဂါ။ ။ ‘A’ , ‘B’ နဲ့ ‘AB’ သွေးပိုင်ရှင်တွေဟာ နှလုံးရောဂါဖြစ်ပွားနှုန်းမြင့်ပါတယ်။ ‘AB’ က(၂၃)ရာခိုင်နှုန်း၊ ‘B’ က (၁၁)ရာခိုင်နှုန်းနဲ့ ‘A’ ကတော့ (၅) ရာခိုင်နှုန်းမြင့်ပါတယ်။ ကံကောင်းစွာနဲ့ ‘O’ သွေးပိုင်ရှင်တွေကတော့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေနည်းပါတယ်။
ပန်ကရိယာကင်ဆာ။ ။ ‘O’ သွေးပိုင်ရှင်တွေဟာ ပန်ကရိယာကင်ဆာဖြစ်ပွားနှုန်း သိပ်မရှိပါဘူး။
စိတ်ဖိစီးမှု။ ။ ‘A’ သွေးပိုင်ရှင်တွေဟာ စိတ်ဖိစီးမှု တစ်ခုကြုံတွေ့ရတဲ့အခါ။ ဟော်မုန်းများပြားစွာ ထုတ်လုပ်ပါ တယ်။ ‘O’ သွေးကတော့ အဒရီနယ်လင်း (Adrenaline) ထုတ်ပါတယ်။ ဒီလို ဟော်မုန်းတွေ ထွက်လာခြင်းကြောင့် စိတ်ဖိစီးမှုဒဏ်ကို ကောင်းစွာ မထိန်းချုပ်နိုင်တော့ပါဘူး။ စိတ်ဖိစီးမှု ဖြစ်လွယ်ပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ဆိုရင်တော့ ‘A’ သွေးပိုင်ရှင်တွေဟာ ပြေးခြင်း၊ လက်ဝှေ့ထိုး ခြင်းလိုမျိုးလှုပ်လှုပ်ရှားရှား အားကစားမျိုး လုပ်သင့်ပါတယ်။
နာတာရှည် ဖျားနာခြင်း။ ။ ‘A’ သွေးပိုင်ရှင်တွေဟာ Cortisol ပမာဏကြောင့် စိတ်ဖိစီးလွယ်သလို နာတာရှည်ဖျားနာခြင်းနဲ့ ရောင်ရမ်းခြင်း ကိုခံစားရနိုင်ပါတယ်။
ကိုယ်အလေးချိန်တက်ခြင်း။ ။ ‘A’ သွေးအမျိုးအစားဟာ တခြားသွေးပိုင်ရှင်တွေနဲ့ယှဉ်ရင် ရောဂါ ဖြစ်ပွားနိုင်ခြေနှုန်းနည်းပါးပေမယ့် ကိုယ်အလေးချိန်တော့ အလွယ်တကူတက်နိုင်တယ်လို့ ဆိုထား ပါတယ်။
ဉာဏ်ကောင်းခြင်း။ ။သွေးအမျိုးအစားနဲ့ ဉာဏ်ရည် (IQ) ပမာဏဟာ ပတ်သက် ဆက်နွယ်ခြင်းတော့မရှိပါဘူး။ မျိုးရိုးဗီဇာနဲ့သာ သက်ဆိုင်ပါလိမ့်မယ်။
ခြင်တွေဟာ ဘယ်သွေးအမျိုးအစားကို ပိုကြိုက်သလဲ။ ။ ခြင်တွေဟာခွဲခြားခြင်းမရှိပါဘူးနော်။ ကိုက်ချင်တဲ့သူကိုကိုက်မှာပါ။ ဒါပေမယ့် ‘O’ သွေးပိုင်ရှင်တွေရဲ့အရေပြားပေါ်မှာ တွေ့ရတဲ့ခြင် ပမာဏဟာ တစ်ခြားသော သွေးပိုင်ရှင်တွေထက်ပိုများပါတယ်လို့ လေ့လာချက်တွေကဖော်ပြ ထားတာကို တွေ့ရပါတယ်။
ရေးသားသူ – ဒေါက်တာမှူးခင်
ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”