ဘားအံ နိုဝင်ဘာ ၁၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများအား သင်ထောက် ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့်မွမ်းမံသင်တန်းကို ယနေ့ နံနက်ပိုင်းတွင် ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ပြည်နယ်အတွင်းရှိ အထက်တန်းဆင့်သင်ဆရာ၊ဆရာမ ၁၈၀ ခန့် တက်ရောက်ကြသည်။
သင်တန်းတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက အခြေခံပညာ အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများလက်တွေ့ အသုံးချသင်ကြားနိုင်ရေး အရည်အသွေး မြှင့်မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က နည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများအား ငွေကျပ် ၁၉ သိန်း ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ သင်ထောက်ကူ ပစ္စည်းများအသုံးပြု၍ လက်တွေ့ သင်ကြားပို့ချနေမှုများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။
ဘာသာရပ်အလိုက် လက်တွေ့သင်တန်းများအနေဖြင့် အခြေခံပညာအထက်တန်းဆင့် Grade-10, Grade-11 ဓာတုဗေဒဘာသာရပ်သင်ဆရာ၊ဆရာမများအား နိုဝင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ သင်ကြားပို့ချပေးခဲ့ပြီး ရူပဗေဒဘာသာရပ်ကို နိုဝင်ဘာ ၁၉ မှ ၂၀ ရက်အထိ လည်းကောင်း၊ ဇီဝဗေဒဘာသာရပ်ကို နိုဝင်ဘာ ၂၆ မှ ၂၇ ရက်အထိ လည်းကောင်း ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား သန့်ရှင်းသာယာလှပသော အစိမ်းရောင်မြို့တော် (Green City, Clean City) ဖြစ်စေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြို့တော် အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
(သတင်းစဉ်)