၁၈ မေ
ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် မင်္ဂလသုတ်ဒေသနာတော်တွင် “ပတိရူပဒေသဝါသောစ” သင့်တင့်လျောက်ပတ်သောအရပ်၌ နေထိုင်ခြင်းကို မင်္ဂလာတစ်ပါးအဖြစ်ပြဆိုထားသည်။ ကြီးပွားချမ်းသာကြောင်း ကောင်းမြတ်သည့် တရားတော်၊ မကောင်းမှုတို့ကို ပယ်ဖျောက်သည့် တရားတော်ဖြစ်သော မင်္ဂလသုတ်တွင် ထည့်သွင်းဟောကြားခဲ့ခြင်း ဖြစ်သည့်အလျောက် “သင့်တင့်လျောက်ပတ်သော အရပ်ဒေသ” ၌ နေထိုင်ခြင်းသည် မည်မျှ အရေးကြီးကြောင်း သုံးသပ်ဆင်ခြင်မိနိုင်ကြမည် ဖြစ်သည်။
အကယ်၍ အရပ်ဒေသတစ်ခုတွင် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသည်။ ဒုစရိုက်သမားတို့ ထကြွသောင်းကျန်းနေကြသည်။ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်၍မရ။ အကျင့်ပျက်မှုများ နေရာတကာတွင် ရှိနေသည်။ လာဘ်ပေးလာဘ်ယူမှုများလည်း ထူပြောသည်။ စည်းမဲ့ကမ်းမဲ့ ပြုမူနေထိုင်သူများက အများစုဖြစ်နေသည်။ ရေထု၊ မြေထု၊ လေထုတို့ ညစ်ညမ်းနေသလို လူတို့၏စိတ်နှလုံးများကလည်း ညစ်နွမ်းနေ ကြသည်။ လူ့အသိုင်းအဝိုင်းတွင် လောကပါလတရားတို့လည်း ပျောက်ဆုံးနေကြသည်။ ပညာရှာဖွေရန်ခက်ခဲလျက် အသက်မွေးဝမ်းကျောင်းရန် အခွင့်အလမ်းတို့ကလည်း နည်းပါးလှသည် စသည်ဖြင့်ဆိုပါအံ့။ ဤသို့သော အရပ်ဒေသမျိုးသည် သင့်တင့်လျောက်ပတ်သောအရပ် တစ်နည်းအားဖြင့် ပတိရူပဒေသ မည်သို့မျှမဟုတ်နိုင်ပါ။ “ရေကြည်ရာ မြက်နုရာ”ဟု ဆိုကြသည့် နေထိုင်ကောင်းမည့်နေရာ၊ အကျိုးစီးပွားဖြစ်ထွန်းနိုင်မည့် နေရာမဖြစ်နိုင်ပါ။ “တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဟူသည့် စကားပုံအတိုင်း ဤသို့သောနေရာမျိုးကို စွန့်ခွာ၍ အခြားသောသင့်တင့် လျောက်ပတ်ရာ နေရာဒေသများဆီသို့သာ သွားရောက်ကြရမည်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ကို မစွန့်ခွာနိုင်ပါမူ မိမိတို့နေထိုင်ရာ အရပ်ဒေသကို ပတိရူပဒေသဖြစ်လာအောင်၊ သင့်တင့်လျောက်ပတ်သော အရပ်ဒေသဖြစ်လာအောင် မဆုတ်မနစ် ကြိုးပမ်းအားထုတ်ကြခြင်းသည်သာ မှန်ကန်သောနည်းလမ်း၊ ပြုသင့်ပြုအပ်သောအလုပ်ဖြစ်မည် ဟူ၍ ဆင်ခြင်မိသည်။
လူဟူသည် တစ်ကိုယ်ထီးတည်း နေထိုင်တတ်သော သတ္တဝါမျိုးမဟုတ်ဘဲ အသိုက်အဝန်းနှင့် ပေါင်းသင်းဆက်ဆံ နေထိုင်တတ်သော သဘာဝရှိသည့်သတ္တဝါမျိုးဖြစ်သည်။ မိသားစု၊ အပေါင်းအသင်း၊ အစုအရုံး၊ အဖွဲ့အစည်း စသည်ဖြင့် စုပေါင်းနေထိုင်တတ်သည့်အလျောက် မိမိနှင့် ကျန်အများတို့အကြားတွင် လိုက်လျောညီထွေအောင် ပြင်ဆင်ပြုမူမှုများ ပြုလုပ်ကြရသည်။ ညှိယူမှု၊ တာဝန်ယူမှုတို့လည်း ရှိလာရသည်။ မိသားစု တာဝန်၊ ရပ်ရွာတာဝန်၊ အသင်းအဖွဲ့တာဝန်တို့ကို ထမ်းဆောင်လာရသည်။ နိုင်ငံသူ နိုင်ငံသားတစ်ယောက်အဖြစ်လည်း နိုင်ငံသူနိုင်ငံသားတာဝန်တို့ကို ထမ်းဆောင်ကြရသည်။ နိုင်ငံသူနိုင်ငံသားကောင်း ဖြစ်လာရန်လည်း မိမိကိုယ်ကိုယ် ကြိုးပမ်းဖြည့်ဆည်းကြရမည်။
အရည်အချင်းပြည့်ဝသည့် နိုင်ငံသူနိုင်ငံသားတို့က မိမိကိုယ်ကိုယ် သာမက မိမိတို့၏ပတ်ဝန်းကျင်များကိုပါ ပြုပြင်ကြသည်။ တရားဥပဒေ စိုးမိုးရေး၊ အကျင့်ပျက်မှုများ ကင်းစင်ရေး၊ ကျင့်ဝတ်စည်းကမ်းတို့နှင့် ညီညွတ်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ လောကပါလတရားတို့ ထွန်းကားရေး၊ စီးပွားရေးကြီးပွားရေးအတွက် ရေခံမြေခံကောင်းများ တည်ဆောက်ဖြစ်ပေါ်လာရေးတို့အတွက် ပါဝင်ကြိုးပမ်းဆောင်ရွက်ကြသည်ဆိုပါက မည်သည့်အရပ်ဒေသကိုမျှ ရွှေ့ပြောင်းသွားလာရန်မလိုအပ်ဘဲ မိမိတို့နေရင်းရပ်ရွာဒေသတို့သည်ပင် ပတိရူပဒေသများအဖြစ် ရောက်ရှိ လာမည်ဖြစ်သည်။ သင့်တင့်လျောက်ပတ်သောအရပ်ဒေသကို အခြား တစ်ပါးသော နေရာဒေသများဆီသို့ သွားရောက်ရှာဖွေခြင်းထက် မိမိမြို့ရွာဒေသ ပတ်ဝန်းကျင်များတွင် ပြုပြင်ပြောင်းလဲ ဖန်တီးကြခြင်းအားဖြင့် နိုင်ငံတည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း