မငြိမ်းငြိမ်းမြတ် (ဥပဒေ)

 

ကျွန်မ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့အချိန်က ဘဝအတွက်အရေးပါတဲ့ ရွေးချယ်မှုတစ်ခုကို စဉ်းစားဆုံးဖြတ်ရပါတယ်။ ဒီဆုံးဖြတ်ချက်က အဆင့်မြင့်ပညာတွေ ဆက်လက်သင်ယူဖို့ အရေးပါ သလို ဘဝရဲ့အသက်မွေးဝမ်း​ကျောင်းရွေးချယ်ရာမှာလည်း အရေးပါပါတယ်။ ကိုယ်လေ့လာသင်ယူထားတဲ့ ပညာရပ်တွေနဲ့ ကိုယ့်ရဲ့အသက် မွေးဝမ်း​ကျောင်းအလုပ် ထပ်တူကျဖို့ စဉ်းစားရပါတယ်။ ကိုယ်ဝါသနာ ပါတဲ့ ပညာကိုသင်ယူမှလည်း စိတ်ဝင်စားပြီး ပျော်စရာကောင်းမှာ မဟုတ်လား။ ဒီတော့ တက္ကသိုလ်မှာ ဘယ်ဘာသာရပ်ကို သင်ယူမလဲဆိုတာ မိဘတွေနဲ့ အကျေအလည်တိုင်ပင်ပြီး ရွေးချယ်ဆုံးဖြတ်ခဲ့ပါ တယ်။ ကျွန်မအတွက် အထူးအထွေတော့ မခက်ခဲခဲ့ပါဘူး။ ဘာကြောင့် လဲဆိုတော့ ကျွန်မဟာ ဥပဒေပညာကို ဝါသနာပါလို့ ဥပဒေဘာသာရပ်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ကျွန်မရဲ့ ရွေးချယ် ဆုံးဖြတ်မှုဟာ ဥပဒေကျောင်းသူဖြစ်လာဖို့နဲ့ ဥပဒေပညာရဲ့အနှစ်သာရတွေ တွေ့ထိဖို့ ပထမဆုံး ခြေလှမ်း ဖြစ်ခဲ့ပါတယ်။

 

ကျွန်မဟာ ဘာဖြစ်လို့များ ဥပဒေဘာသာရပ်ကို ရွေးချယ်ခဲ့သလဲဆိုတဲ့ မေးခွန်းဟာ ကျွန်မကိုယ်တိုင် ဥပဒေပညာကျောင်းသူ တစ်ယောက်ဖြစ်လာတဲ့အခါမှာ ပိုပြီးပြည့်စုံတဲ့အဖြေကို သိခဲ့ပါတယ်။ တက္ကသိုလ်ပညာရပ်တွေထဲမှာ ဘယ်ပညာရပ်က ပိုအရေးပါတယ်၊ ပိုအရေးကြီးတယ်လို့ နှိုင်းယှဉ်ပြောဖို့ ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့နေရာသူ လိုအပ်နေ၊ အရေးပါနေလို့ပါပဲ။ ကျွန်မအတွက် ဥပဒေပညာရပ်ဆိုတာလည်း ဒီအတိုင်းပါပဲ။ ကျွန်မအတွက် အရေးပါတဲ့ပညာရပ်ဖြစ်ပါတယ်။ ကျွန်မတို့တစ်တွေ လူ့ပတ်ဝန်းကျင်မှာနေကြ ပြီဆိုရင် စည်းတို့၊ ဘောင်တို့၊ ကျင့်ဝတ်တို့၊ ဥပဒေတို့ဆိုတာ မရှိမဖြစ် လိုအပ်ချက်တစ်ခုပါ။ တောင်းမှာအကွပ်၊ လူမှာအဝတ်လိုအပ်သလိုပါပဲ။ ဥပဒေတွေဟာ ကျွန်မတို့ လူမှုပတ်ဝန်းကျင်အတွက် အရေးပါတဲ့ဘာသာ ရပ်တစ်ခုဖြစ်တဲ့အတွက် ကျွန်မဆုံးဖြတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

 

ဥပဒေဆိုတဲ့စကားကို လူတိုင်းကြားဖူးနေကျပါ။ ထူးဆန်းတဲ့စကားလုံးတော့ မဟုတ်ပါဘူး။ တချို့ကတော့ ဥပဒေလို့ဆိုလိုက်ရင် ကြောက်လန့်သွားကြတာလည်း တွေ့ဖူးပါတယ်။ ဒါကလည်း ဥပဒေနဲ့ စိမ်းနေလို့ ဖြစ်နိုင်သလို ဥပဒေရဲ့အနှစ်သဘောကို မသိသေးလို့လည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ ဥပဒေတွေဟာ ကျွန်မတို့ကို အကာအကွယ်ပေးဖို့၊ ရပိုင်ခွင့်တွေရဖို့နဲ့ တစ်ဦးချင်း လိုက်နာရမယ့်တာဝန်တွေ လိုက်နာကြဖို့ ပြဋ္ဌာန်းပေးထားခြင်းပါ။ အဲဒီလို ပြဋ္ဌာန်းထားတဲ့ ဥပဒေ တွေရဲ့အနှစ်သာရဆိုတာ လူ့အဖွဲ့အစည်းတစ်ခုမှာရှိတဲ့ တရားရေးစနစ် တွေကို ဖော်ညွှန်းနေတဲ့ အခြေခံသဘောသဘာဝ ဒါမှမဟုတ် အခြေခံ စည်းမျဉ်း စည်းကမ်းတွေ ဖြစ်ပါတယ်။ သူ့မှာ အခြေခံအတွေးအခေါ်တွေ၊ တန်ဖိုးတွေနဲ့ ရည်ရွယ်ချက်တွေ ပါဝင်ပါတယ်။ ဥပဒေရဲ့ အနှစ်သာရ တွေဟာ တရားရေးစနစ်တွေနဲ့ ယဉ်ကျေးမှုတွေအပေါ် မူတည်ပြီး ကွဲပြားတာတွေ ရှိကြပါတယ်။ အဲဒီထဲကမှ တူညီတဲ့ ဥပဒေ အနှစ်သာရတွေအနေနဲ့ဆိုရင် -

 

(က) တရားမျှတမှု။ ဥပဒေတွေပြဋ္ဌာန်းကျင့်သုံးရတဲ့ အဓိက ရည်ရွယ်ချက်တစ်ခုက ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ တရားမျှတမှု တွေရှိဖို့ဖြစ်ပါတယ်။ တရားမျှတမှုတွေရဖို့အတွက် လူတစ်ဦးနဲ့ တစ်ဦးအကြား မျှမျှတတဆက်ဆံမှုရရှိဖို့၊ တစ်ဦးချင်းရဲ့ ရပိုင်ခွင့်တွေရရှိဖို့ ပါပါတယ်။ အဲဒါတွေ ရဖို့အတွက် အကာအကွယ်ပေးရေး၊ အငြင်းပွား တာတွေကို တရားမျှတစွာနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးတွေလည်း ပါပါတယ်။

 

(ခ) ရပိုင်ခွင့်များနှင့် တာဝန်များ။ ဥပဒေတွေဟာ လူတစ်ဦးချင်းနဲ့ အဖွဲ့အစည်းတွေရဲ့ ရပိုင်ခွင့်တွေနဲ့ တာဝန်တွေကို သတ်မှတ်ပေး ထားပါတယ်။ ဥပဒေတွေက အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့နဲ့ တာဝန်တွေကို လိုက်နာစေဖို့အတွက် တရားရေးစနစ်တွေကို အထောက်အပံ့ဖြစ်စေပါတယ်။

 

(ဂ) အမိန့်။ ဥပဒေတွေရဲ့ နောက်ထပ်သော့ချက်တစ်ခုက လူ့အဖွဲ့အစည်းအတွင်းမှာ တည်ငြိမ်အေးချမ်းမှု ရရှိစေဖို့ ဖြစ်ပါတယ်။ ဥပဒေ၊ အမိန့်နဲ့ စည်းမျဉ်း စည်းကမ်းတွေက လူအချင်းချင်းဆက်ဆံရေးမှာ အမူအကျင့်တွေကို ထိန်းသိမ်းပေးမယ်၊ ပြဿနာတွေကို ဖြေရှင်း ပေးမယ်၊ နောက်ပြီး မတည်ငြိမ်မှုတွေကို တားဆီးဖို့အတွက် မူဘောင်တစ်ခုအနေနဲ့ ရပ်တည်ပေးပါတယ်။

 

(ဃ) အကာအကွယ်ပေးခြင်း။ ဥပဒေတွေဟာ ကျွန်မတို့ တစ်ဦး ချင်းကိုဖြစ်စေ၊ အစုအဖွဲ့တွေကိုဖြစ်စေ၊ လူ့အဖွဲ့အစည်းကိုဖြစ်စေ အပြင်က ဒါမှမဟုတ်အတွင်းက ဘေးအန္တရာယ်ပြုတာတွေကနေ ကာကွယ်ပေးဖို့အတွက် ရည်ရွယ်ထားပါတယ်။ အနီးစပ်ဆုံး ဥပမာ ပြရရင် ဥပဒေတွေက လူဆိုး၊ သူခိုး၊ လူရမ်းကားတွေရန်ကနေ ကျွန်မတို့ ကို အကာအကွယ်ပေးထားပါတယ်။

 

(င) တာဝန်ခံမှုရှိစေခြင်း။ ဥပဒေတွေဟာ လူတစ်ဦးချင်းနဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေ အတွက် တာဝန်ယူမှုရှိစေပါတယ်။ ဥပဒေတွေက အကျင့်စာရိတ္တစံနှုန်းတွေကို ချမှတ်ပြီး အဲဒီ စံနှုန်းတွေကို ချိုးဖောက်မယ်ဆိုရင် ချိုးဖောက်မှုအတွက် ဖြစ်လာမယ့် အကျိုးဆက်တွေကို တာဝန်ယူ တာဝန်ခံစေဖို့ ပြဋ္ဌာန်းထားပါတယ်။

 

(စ) လူမှုပြောင်းလဲမှုနှင့် တိုးတက်မှု။ မှန်ကန်ထိရောက်တဲ့ ဥပဒေတွေဟာ လူမှုရေးပြောင်းလဲမှုကို ပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့အပြင် လူမှုရေးမမျှတမှုတွေကို ဖြေရှင်းဖို့၊ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဖို့နဲ့ လူမှု လိုအပ်ချက်တွေ၊ တန်ဖိုးထားမှုတွေ တိုးတက်စေဖို့အတွက် ဥပဒေတွေကအထောက်အကူပေးပါတယ်။

 

အဓိကကတော့ ဥပဒေရဲ့အနှစ်သာရဟာ လူတွေရဲ့အပြုအမူကို ထိန်းကျောင်းဖို့နဲ့ အငြင်းပွားတာတွေကို ဖြေရှင်းပေးတဲ့အပြင် တရား မျှတပြီး စည်းစနစ်ကျတဲ့ လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးတဲ့ မူဘောင် တစ်ခု ဖန်တီးပေးခြင်းဖြစ်ပါတယ်။

 

အထက်က ဥပဒေရဲ့အနှစ်သာရတွေကိုကြည့်ရင် ကျွန်မတို့လူမှုပတ်ဝန်းကျင်မှာ ဥပဒေတွေ မရှိမဖြစ်လိုအပ်တာ တွေ့နိုင်ပါတယ်။ ကျွန်မတို့ဟာ အခြားသူတွေနဲ့ကင်းကွာပြီး တစ်ယောက်တည်း နေလို့ မရပါဘူး။ နေ့စဉ်လူမှုကိစ္စအဝဝအတွက် အခြားသူတွေနဲ့ ယှဉ်တွဲနေထိုင်ကြရတယ်။ ပေါင်းသင်းဆက်ဆံရတယ်။ လက်တွဲအလုပ်လုပ်ကြ ရတယ်။ ဒါပေမယ့် လူတွေဆိုတာ လူတစ်ကိုယ် စိတ်တစ်မျိုးရှိကြတာဆိုတော့ လူမှုနယ်ပယ်ထဲမှာ မတူညီတဲ့သဘောထားတွေ၊ ဆန္ဒတွေ၊ အယူအဆတွေ၊ သူလိုချင်တာ ကိုယ်လိုချင်တာ စတဲ့မတူညီနိုင်တာတွေ အများကြီးရှိနေပါတယ်။ ဒီတော့ မတူညီတာတွေများလာတဲ့အခါမှာ ပဋိပက္ခဆိုတာတွေက နေ့စဉ် ဒုနဲ့ဒေး ဖြစ်လာပါတယ်။ အဲဒီ ဖြစ်လာတဲ့ ဒါမှမဟုတ် ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုတင်ကာကွယ်ဖို့၊ ထိန်းကျောင်းဖို့နဲ့ ဖြေရှင်းဖို့အတွက် ဥပဒေတွေ လိုအပ်ပါတယ်။

 

ဒါကြောင့် ဥပဒေတွေကို လူတွေ ဖန်တီးကျင့်သုံးလာခဲ့ကြပါတယ်။ လူမှုအသိုက်အဝန်းမှာ ရှုပ်ထွေးမှုတွေ ပိုများလာတာနဲ့အမျှ ဥပဒေ တွေရဲ့ အရေးပါမှုဟာလည်း ပိုကျယ်ပြန့်လာပါတယ်။ ဥပဒေနဲ့ ပတ်သက်လို့ ကျွန်မတို့ငယ်စဉ်က ပြည်သူ့တရားရှင် ရုပ်ရှင်ဇာတ်လမ်း တွဲကို ကြည့်ဖူးပါတယ်။ ဇာတ်လမ်းထဲမှာ တရားသူကြီးက ပေါင်ချိန်ဖြစ်ပါတယ်။ ပြည်သူ့တရားရှင် ပေါင်ချိန်က တရားဥပဒေကို အတိအကျ ကျင့်သုံးပါတယ်။ ဥပဒေ ချိုးဖောက်သူ၊ မလိုက်နာသူတွေကို ကျောသား၊ ရင်သားမခွဲခြားဘဲ တရားစီရင်ပါတယ်။ ဒီဇာတ်ကားထဲမှာ တရားဥပဒေရဲ့ အရေးပါမှုနဲ့ တရားသူကြီးရဲ့ မှန်မှန်ကန်ကန်ကျင့်သုံးမှုတွေကို တွေ့ရပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းတစ်ခုကို အုပ်ချုပ်ရာမှာ တရားဥပဒေတွေဟာ ဘယ်လိုအခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို သိခဲ့ရပါတယ်။ တရားဥပဒေ ကျင့်သုံးတာနဲ့ပတ်သက်လို့ အမေရိကန် သမ္မတ ရုစဘဲ့က စကားတစ်ခွန်းပြောဖူးပါတယ်။ “No man is above the law and no man is below it.” “ဘယ်သူမှ ဥပဒေအထက်မှာ မရှိသလို ဘယ်သူမှလည်း ဥပဒေအောက်မှာ မရှိပါဘူး” တဲ့။ ဒါဟာ ဥပဒေရဲ့အသက်လို့လည်း ဆိုရမှာပါ။

 

ဒါကြောင့် ဥပဒေတွေဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတိုင်းရဲ့ အခြေခံအုတ်မြစ်အဖြစ် ရှိနေကြပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုအတွက် ဥပဒေရဲ့အရေးပါမှုဟာ အများကြီး ကျယ်ပြန့်ပါတယ်။ ကျွန်မတို့ရဲ့ နေ့စဉ်လူနေမှုဘဝ၊ အုပ်ချုပ်ရေးစနစ်၊ လူတစ်ဦးချင်းစီရဲ့အခွင့်အရေး အကာအကွယ်ပေးဖို့တွေအပြင် ကျွန်မတို့အားလုံးရဲ့အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထိ လွှမ်းခြုံနေပါတယ်။

 

ဒီတော့ ကျွန်မတို့ရဲ့နေ့စဉ်ဘဝတွေမှာ ဥပဒေတွေ လိုအပ်လား လို့ဆိုရင် လိုအပ်တယ်လို့ပဲ ဖြေရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဥပဒေတွေက လူ့ပတ်ဝန်းကျင်ကို ဟန်ချက်ညီ မျှတစေလို့ လိုအပ်တယ်လို့ ဖြေရခြင်းပါ။ ဒါဆိုရင်ဥပဒေတွေရှိရုံနဲ့ လူ့ပတ်ဝန်းကျင်အတွက် လုံလောက်ပြီလားလို့ဆိုရင် မလုံလောက်ဘူးလို့ ကျွန်မထင်ပါတယ်။ အမေရိကန်တရားသူကြီး Frank Caprio ရဲ့ Caught in Providence ရုပ်သံဇာတ်လမ်းတွေကို လူအတော်များများ ကြည့်ဖူးကြပါလိမ့်မယ်။ Frank Caprio ဟာ တရားစီရင်တဲ့အခါမှာ ဥပဒေနဲ့ နှလုံးသားကို ပေါင်းစပ်စီရင်တာ တွေ့ရပါတယ်။ လူတစ်ယောက်ဟာ ဥပဒေ ချိုးဖောက်ခဲ့တာမှန်ပေမယ့် အဲဒီဥပဒေချိုးဖောက်သူဟာ အခြားသော ကျိုးကြောင်းဆီလျော်တဲ့ အခက်အခဲတွေရှိနေရင် ကိုယ်ချင်းစာတရားနဲ့ စီရင်ဆုံးဖြတ်တာကို တွေ့ရပါတယ်။ လိုအပ်တဲ့ ငွေကြေးကအစ ဥပဒေဘောင်အတွင်းက ကူညီပံ့ပိုးပေးပါတယ်။ Frank Caprio ရဲ့ စီရင် ဆုံးဖြတ်တာတွေကိုကြည့်ရင် လူ့ပတ်ဝန်းကျင်တိုးတက် ကောင်းမွန်အောင် ပြုပြင်ထိန်းကျောင်းရာမှာ ဥပ‌ဒေပြဋ္ဌာန်းချက်တွေအပြင် လူသားဆန်မှု၊ ကိုယ်ချင်းစာတရား၊ ကြင်နာတတ်မှု၊ ဆင်ခြင်တုံတရားတွေ လိုအပ်တာတွေ့ရပါတယ်။ ဒါဟာ ဥပဒေရဲ့ အနှစ်သာရကို ပြည့်ဝစေသလို မေတ္တာနဲ့ ထိန်းကျောင်းခြင်းအားဖြင့် လူ့လောကကို လှပစေပါတယ်။ ဥပဒေကိုကျင့်သုံးသူရဲ့ ဆင်ခြင်တုံ တရားနဲ့ နှလုံးသား အရည်အသွေးမြင့်မားမှုဟာ ဥပဒေကို ပိုပြီး ထိရောက်စေကာ လူ့လောကကြီးကို လှပတင့်တယ်စေတယ်လို့ ဆိုရမှာပါ။

 

ဒီတော့ ကျွန်မတို့ဟာ ဥပဒေကို ကျင့်သုံးရသူဖြစ်စေ၊ ဥပဒေကို လိုက်နာရသူဖြစ်စေ အဓိက ဦးတည်ချက်ကတော့ ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ လူမှုပတ်ဝန်းကျင်ကို တည်ငြိမ်အေးချမ်းပြီး တိုးတက်အောင် တည်ဆောက်ဖို့ဆိုရာမှာ ဥပဒေတွေအပြင် ကျွန်မတို့ရဲ့ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ် အလာ၊ အမူအကျင့်၊ စရိုက်၊ စိတ်နေစိတ်ထားနဲ့ ဆင်ခြင်တုံတရားတွေ ကလည်း အရေးပါပါတယ်။ ဆိုးသွမ်းနေတဲ့ သူတစ်ယောက်ကို ထိန်းကျောင်းရာမှာဖြစ်ဖြစ်၊ ပြုပြင်ရာမှာဖြစ်ဖြစ် ဥပဒေတွေက အရေး ပါသလို အဲဒီ လူ့အသိုက်အဝန်းရဲ့ အမူအကျင့်နဲ့ စိတ်သဘောထားတွေ ကလည်း အရေးကြီးပါတယ်။

 

အထူးသဖြင့် ကျွန်မတို့လူငယ်တွေဟာ ခေတ်လွန်ကမ္ဘာကြီးမှာ ရှင်သန်ကြီးပြင်းနေရသူတွေ ဖြစ်ပါတယ်။ ခေတ်လွန်ကမ္ဘာကြီးမှာ ပတ်ဝန်းကျင်ရဲ့ အကျိုးသက်ရောက်မှုတွေက ယခင်ကထက် ပိုများနေ ပါတယ်။ ပိုမိုရှုပ်ထွေးပြီး ပဋိပက္ခတွေ ကျယ်ပြန့်နေတဲ့အချိန်မှာ တရားဥပဒေရဲ့ အရေးပါမှုက နက်နဲလာနေပါတယ်။ ဒါဟာ ပိုမို အေးချမ်းတည်ငြိမ်တဲ့ လူ့အသိုက်အဝန်းဖြစ်လာဖို့အတွက် စိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။

 

မရေရာမှုနဲ့ စိန်ခေါ်မှုတွေ ရောပြွမ်းနေတဲ့ ကမ္ဘာကြီးမှာ ကျွန်မတို့ တစ်ဦးချင်းရဲ့ အသိဉာဏ်ပညာ၊ ဆင်ခြင်တုံတရားတွေနဲ့ ကာကွယ် နိုင်၊ ထိန်းကျောင်းနိုင်ဖို့လည်း ကိုယ်စီကြိုးပမ်းဖို့ လိုအပ်လာပါတယ်။ လူတစ်ဦးကို ဥပဒေတွေနဲ့ ပြင်ပကထိန်းကျောင်းသလို ကိုယ့်ရဲ့အသိဉာဏ်ပညာ၊ ဆင်ခြင်တုံတရားတွေနဲ့ အတွင်းက ထိန်းကျောင်း မယ်ဆိုရင် ကိုယ့်အကျိုး၊ အများအကျိုး ရရှိစေပြီး တည်ငြိမ်အေးချမ်းတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ပါလိမ့်မယ်။ ။